“တပ်မတော်ရဲ့ နိုင်ငံရေးအမြင်ကိုပြောင်းဖို့လိုတယ်”

ဦးအေးသာအောင်, ANP, ၂၀၁၅ ရွေးကောက်ပွဲ , ရခိုင်

၂၀၁၅ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ် မြေပုံ – မင်းပြား မြို့နယ်များမှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် အဖြစ် ၀င်ရောက် ယှဉ်ပြိုင်မည့် ရခိုင် အမျိုးသားပါတီ ဗဟို အလုပ်အမှုဆောင် ဦးအေးသာအောင်နှင့် ဧရာဝတီ သတင်းထောက် ဇူးဇူးက တွေ့ဆုံ မေးမြန်းထားပါသည်။

မေး ။    ။ ရွေးကောက်ပွဲဝင်ဖို့အတွက် ပါတီကဘာတွေ ပြင်ဆင်နေလဲ။
ဖြေ ။    ။ ဗဟိုမှာအောင်နိုင်ရေးကော်မတီတွေ ဖွဲ့ထားတယ်။ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ရုံးကနေ တာဝန်ခံပြီး လုပ်ဆောင်မယ့် အဖွဲ့လည်း ဖွဲ့ထားတယ်။ မြို့နယ်တိုင်းမှာလည်း အောင်နိုင်ရေး ကော်မတီတွေ ဖွဲ့ထားတယ်။

မေး ။    ။ အန်ကယ် ရွေးကောက်ပွဲဝင်ပြိုင်မှာလား။
ဖြေ ။    ။ မြေပုံ-မင်းပြားမြို့နယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှာပါ။

မေး ။    ။ ပြည်သူတွေက ANP ကိုဘာကြောင့် မဲပေးသင့်တာလဲ။
ဖြေ ။    ။ ပြည်ထောင်စုမူ၊ အမျိုးသား ပြည်နယ်များနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ် ပြည်ထောင်စု ပေါ် ပေါက်ရေးအတွက် ကြိုးပမ်းမယ့်ပါတီ။ အမျိုးသားရေးကိုလည်း စွမ်းစွမ်းတမံ ဆောင်ရွက်မယ့် ပါတီတခု ဖြစ်တဲ့ အတွက်ကြောင့် ရခိုင်ပြည်သူတွေက မဲပေးသင့်တယ်လို့ ထင်တယ်။

မေး ။    ။ လာမယ့် ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မယ်လို့ ထင်လား။ ဘာလို့လဲ။
ဖြေ ။    ။ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ သို့လော သို့လော သံသယတွေကတော့ အခုထိ ရှိနေတုန်းပဲ။ ၂၀၁၀ ရွေးကောက်ပွဲမှာ မဲလိမ်တာ၊ မဲခိုးတာ၊ မဲမသမာမှုတွေ အများကြီး ဖြစ်တယ်။ အခု ၂၀၁၅ မှာကော ဒီလို ကြိုတင် မဲနဲ့ မဲမသမာမှုတွေ လုပ်ဦးမလား။ အခြားခြားနည်းတွေနဲ့ မဲမသမာမှုတွေ လုပ်ဦးမလားဆိုတဲ့ သံသယစိတ်တွေ ရှိတယ်။ ဒီရွေးကောက်ပွဲဟာလွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲတခု ဖြစ်မလား မဖြစ်ဘူးလားဆိုတာ မဲဆွယ် စည်းရုံးကာလနဲ့ မဲထည့်တဲ့ အခါမှသာ သိမယ်။ အခုအချိန်မှာ ပြောဖို့တော့ ခက်တယ်။ နောက်တခုကဒီ ၂၀၁၅ ရွေးကောက်ပွဲသည် လွတ်လပ်ချင် လွတ်လပ်မယ်။ တရားမျှတတယ်လို့ ပြောဖို့ကတော့ ခက်တယ်။ ဘာကြောင့်လဲဆိုတော့ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုမပြင်ပေးတဲ့ အတွက်ကြောင့် တရားမျှတတဲ့ ရွေး ကောက်ပွဲ တခုလို့ ပြောဖို့ခက်ပါတယ်။

မေး ။    ။ ရွေးကောက်ပွဲကော်မရှင်အပေါ်ရောယုံကြည်မှု ရှိလား။
ဖြေ ။    ။ ၉၀ ရွေးကောက်ပွဲတုန်းကတော့ ဘယ်ပါတီနဲ့မှ မပတ်သက်တဲ့ ပုဂ္ဂိုလ်တွေ။ ဦးဘဌေးတို့ ဦးစောကြာဒိုး တို့လိုအထင်ကရပုဂ္ဂိုလ်တွေ ဖြစ်တယ်။ အခုကတော့ ကြံ့ခိုင်ရေးပါတီနဲ့ တနည်းနည်းနဲ့ ပတ်သက်တဲ့ ပုဂ္ဂိုလ် တွေကပါနေတော့ မပြေးသော် ကံရာရှိပေါ့။ ဒီပုဂ္ဂိုလ်တွေကတကယ်တော့ လွတ်လပ်သလား။ မလွတ်လပ် သလား။ ဦးတင်အေးကတကယ်ပဲလွတ် လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲလုပ်ပေးဖို့ ကတိတွေ အကြိမ်ကြိမ် ပေးပါတယ်။ သူပြောသလို ဖြစ်လာပါစေလို့ပဲ ပြောချင်ပါတယ်။ သို့သော် အောက်ခြေတွေမှာရော ဘယ်လောက်ထိ လွတ်လပ်တဲ့ ရွေးကောက်ပွဲတခုဖြစ်မလဲဆိုတာ ပြောဖို့ခက်ပါတယ်။

မေး ။    ။ လက်ရှိအစိုးရနဲ့ လွှတ်တော်ရဲ့ မှားယွင်းမှုတွေ မလုပ်နိုင်ခဲ့တာတွေကဘာတွေဖြစ်မလဲ။
ဖြေ ။    ။ ဒီမိုကရေစီရေးအတွက် ဆန္ဒပြတဲ့ လယ်သမားတွေ၊ ပြည်သူတွေ၊ အမျိုးသားပညာရေးဥပဒေအတွက် ဆန္ဒပြတဲ့ ကျောင်းသားတွေကိုအကြမ်းဖက် နှိမ်နင်းမှုတွေ တွေ့ရတယ်။ ဒါတွေဟာမှားယွင်းတယ်။ မလုပ် သင့်ဘူး။ ဒီမိုကရေစီ နိုင်ငံကိုသွားမယ့် တိုင်းပြည်တပြည်၊ ဒီမိုကရေစီအရရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရ  တရပ် အနေနဲ့ ဒါမျိုးတွေ မလုပ်သင့်ဘူး။ အစိုးရသက်တမ်း ၄ နှစ်ကျော်ကာလမှာတကယ့်တကယ် သိသာ မြင်သာစွာ ပြည်သူတွေအတွက် လုပ်ပေးနိုင်ခဲ့တာမရှိဘူး။ လယ်ယာမြေ ပြဿနာကိုလည်း ထိထိ ရောက်ရောက် ဖြေရှင်းနိုင်တယ်လို့ ပြောဖို့ခက်တယ်။ သက်တမ်း  ၄ နှစ်ကျော် ကာလမှာ တိုင်းပြည်အတွက် အဓိကလိုအပ်တဲ့ ပြည်တွင်းစစ်ရပ်ဖို့ NCA လက်မှတ်ထိုးဖို့ ပီပီပြင်ပြင် မလုပ်နိုင်ဘူး။ ပြည်တွင်း ငြိမ်းချမ်းရေး အတွက်ဆိုရင်တော့ ဝေးသေးတယ်။
လွှတ်တော်က ၂၀ဝ၈ ဖွဲ့စည်းပုံပြင်ဖို့အတွက် ဟန်ရေးပြပြီးတော့ ကော်မတီတွေ၊ ကော်မရှင်တွေ ဖွဲ့ပြီး ဆောင်ရွက်တယ်။ အဓိကသူတို့တင်တာကပုဒ်မပေါင်း ၂၀ဝ ကျော် ပြင်ရမယ် ပြောတယ်။ အဲဒီထဲကရာခိုင်နှုန်း ၃၀ လောက်ကို ပြင်ဖို့အတွက်တင်တယ်။ သို့သော်လည်းနောက်ဆုံးမှာတပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကမပြင်ဘူးလို့ ဆန္ဒမဲပေးတဲ့အတွက်ကြောင့် ၂၀ဝ၈ ဖွဲ့စည်းပုံပြင်ရေးသည် လွှတ်တော်အတွင်းမှာ လမ်းဆုံးသွားပြီ။ ဟန်ရေးပြတာလည်း ဆုံးသွားပြီ။ အဓိကကျတဲ့ ၂၀ဝ၈ ဖွဲ့စည်းပုံပြင်ရေးနဲ့ ပတ်သက်လို့ ပုဒ်မတချို့ ကိုတောင် မပြင်နိုင်ဘူးဆိုတော့ လွှတ်တော်သည် လည်း ပြည်သူတွေရဲ့ဆန္ဒ ပြည်သူ့အသံလို့ ဘယ်လောက်ပဲကြွေးကြော်ကြွေးကြော် ပြည်သူတွေ ပြင်ချင်တဲ့ ၂၀ဝ၈ ဖွဲ့စည်းပုံကိုမပြင်နိုင်ခဲ့ဘူး။

မေး ။    ။ အခြေခံဥပဒေမပြင်နိုင်သေးတဲ့အပေါ် ဘယ်လိုမြင်လဲ။ အဓိကဦးစားပေးပြီး ပြင်ချင်တဲ့ပုဒ်မရှိလား။
ဖြေ ။      ။ အဓိကအကြောင်းရင်းကတော့ ယခင် နဝတ၊ နအဖအစိုးရက ၂၀ဝ၈ ဖွဲ့စည်းပုံနဲ့ အတူ ပုံစံတခုချ ပေးလိုက်တယ်။ အဲဒီပုံစံကိုမပြင်နိုင်အောင်၊ ပြင်လို့မရအောင် ၂၀ဝ၈ ဖွဲ့စည်းပုံကို လုပ်ထားတယ်။ အဲဒါတွေကို မပြင်နိုင်အောင် ကာကွယ်ဖို့အတွက် ၂၅ ရာခိုင်နှုန်းသော တပ်မတော် ကိုယ်စားလှယ်များကိုလည်း လွှတ်တော် အသီးသီးမှာထည့်ပေးထားတယ်။ အဲဒါကြောင့် ပြင်လို့မရတာ။
အားလုံးကို ပြင်ချင်တယ်။ ၂၀ဝ၈ ဖွဲ့စည်းပုံ တခုလုံးကို ပြင်မယ်ဆိုရင် အစအလယ်အဆုံး ပြင်ချင်တယ်။ ဖြစ်နိုင် ရင် အသစ် ရေးချင်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီမိုကရေစီနိုင်ငံကို သွားမယ်။ ဒီမိုကရေစီစနစ် ထွန်းကား ရမယ်ဆိုရင် ဖွဲ့စည်းပုံကလည်းဒီမိုကရေစီအခြေခံ၊ ဒီမိုကရေစီစံနဲ့ ရေးဆွဲတဲ့ ဖွဲ့စည်းပုံ ဖြစ်ရမယ်။ အခု ၂၀ဝ၈ ဖွဲ့စည်းပုံက စစ်တပ်အခြေခံတဲ့ ဖွဲ့စည်းပုံ ဖြစ်တယ်။

မေး ။    ။ လက်ရှိ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းဖော်ဆောင်နေတဲ့အပေါ် ဘယ်လိုမြင်လဲ။
ဖြေ ။    ။ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ရပ်ဖို့ ပြည်တွင်း ငြိမ်းချမ်းရေးကိုဖော်ဆောင်ဖို့က အရေးကြီးတယ်။ ဘာကြောင့်လဲဆိုတော့ တိုင်းပြည်အခုလို ချွတ်ခြုံကျတာ ပြည်တွင်းစစ်ကြောင့်။ ပြည်တွင်းစစ်ကို အကြောင်း ပြုလို့ စစ်အာဏာရှင်စနစ်ပေါ်လာတယ်။ ပြည်တွင်းစစ်ကို ရပ်အောင် မလုပ်နိုင်ဘူး။ အခုလည်း ဆွေးနွေး နေတုန်း။ NCA လက်မှတ်ထိုးဖို့အတွက် ဆွေးနွေးတဲ့အခါမှာ တိုင်းရင်းသားအဖွဲ့တွေက အားလုံး ပါဝင်ထိုး ချင်တယ်။ အစိုးရက ၁၅ ဖွဲ့ပဲ ထိုးမယ်ဆိုတော့ အခုအချိန်အထိ မရေရာဘူး။ အဲတော့ ပြည်တွင်း ငြိမ်းချမ်းရေး ရဖို့အတွက် ပထမအဆင့် အပစ်အခတ် ရပ်စဲရေး NCA ထိုးဖို့မရေရာ မသေချာတဲ့ သဘော ဖြစ်နေတယ်။ အဓိကကတော့ နှစ်ဖက်စလုံး သဘောတူညီမှု ကျေကျေညက်ညက် ရဖို့လိုတယ်။ အဲလို ကျေကျေညက်ညက် သဘောတူညီမှု မရဘဲနဲ့ လောလောလောလောနဲ့ ဒီအစိုးရ သက်တမ်းမှာ ထိုးဖို့ လိုအပ်တယ် ဆိုတဲ့ သဘော ထားနဲ့ ထိုးလိုက်ပြီးတော့ မကျေနပ်ချက်တွေ ပေါ်လာရင် ပြန်ပြီးတိုက်ပွဲတွေ ဖြစ်လာမယ်။

မေး ။    ။ လာမယ့်ရွေးကောက်ပွဲမှာ USDP နဲ့ NLD ဘယ်ပါတီအပြတ်အသတ်နိုင်မယ်ထင်လဲ။ သူတို့နဲ့ ညွန့်ပေါင်း ဖွဲ့ဖို့ရှိလား။ ဘယ်ပါတီနဲ့ဖွဲ့ဖြစ်မလဲ။
ဖြေ ။    ။ NLD က ယေဘုယျပြောမယ်ဆိုရင် ၇၅ ရာခိုင်နှုန်းကိုဝင်ပြိုင်ရမှာပေါ့။ တပ်မတော်က ၂၅ ရာခိုင်နှုန်း ယူထားပြီးပြီလေ။ ၇၅ ရာခိုင်နှုန်းထဲက NLD က ၃၅ နဲ့ ၄၀ ကြားမှာ ရလိမ့်မယ်လို့ မှန်းတယ်။ လက်ရှိ ကြံ့ခိုင် ရေးကတော့ ၂၀ နဲ့ ၂၅ ရာခိုင်နှုန်း ကြားမှာရမယ်လို့ ထင်တယ်။ တိုင်းရင်းသားတွေကတော့ ၁၅ ရာခိုင်နှုန်း ရနိုင်တယ်လို့ မှန်းတယ်။ ညွန့်ပေါင်းဆိုတာကတော့ ပြောဖို့ခက်တယ်။ ရွေးကောက်ပွဲ ရလဒ်ထွက်လာမှပဲ ပြောလို့ရမယ်။

မေး ။    ။ ၂၀၁၅ ရွေးကောက်ပွဲအပြီးတက်လာမယ့် အစိုးရသစ်ကဘယ်လိုအစိုးရမျိုး ဖြစ်မယ်ထင်လဲ။ တကယ်ပဲ ပြည်သူ့အကျိုးစီးပွားဆောင်ရွက်နိုင်တဲ့ အစိုးရဖြစ်မယ်ထင်လား။
ဖြေ ။    ။ ပြောဖို့ ခက်ပါတယ်။ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကလည်းရှိနေတော့ ဒီဖွဲ့စည်းပုံအရကိုက သမ္မတနဲ့ အစိုးရမှာ လုပ်ပိုင်ခွင့် အပြည့်အဝ မရှိဘူး။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မှာလည်း အတိုင်းအတာတခုထိ လုပ်ပိုင်ခွင့်နဲ့ အာဏာရှိတယ်။ ကာ/ လုံမှာလည်းရှိနေတော့ အပြည့်အဝ လွှတ်တော်နဲ့ အစိုးရမှာ မရှိတဲ့ အခါကျ တော့ ပြောဖို့ခက်တယ်။ ဒါ့အပြင် ညွန့်ပေါင်းအစိုးရဖွဲ့မယ်ဆိုရင် တခြားတခြား ပါတီတွေကို လိုက်လျော တာမျိုး၊ သဘောတူညီမှု ယူတာမျိုးလုပ်ရတဲ့အတွက်ကြောင့် နောက်တက်လာမယ့် အစိုးရက တကယ်ပဲ တိုင်းပြည် အတွက် ပြည်တွင်းစစ်ရပ်စဲဖို့၊ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ဖို့၊ ဒီမိုကရေစီနိုင်ငံဖြစ်ဖို့၊ ၂၀ဝ၈ ဖွဲ့စည်းပုံ ပြင်ဖို့၊ လယ်ယာမြေကိစ္စ၊ အမျိုးသားပညာရေးဥပဒေကိစ္စ၊ သာမန်ပြည်သူတွေရဲ့ အကျိုးစီးပွားကိုကာကွယ်ပေးဖို့ ကိစ္စတွေမှာထိထိမိမိလုပ်နိုင်ဖို့ကတော့ သိပ်မထင်ဘူး။

မေး ။    ။ မြန်မာ့နိုင်ငံရေးမှာတပ်မတော်ကဘယ်လောက် ထိဆက်ပါနေဦးမယ်လို့ထင်လဲ။
ဖြေ ။    ။ လမ်းညွှန်မှုမှာရေးထားတာကတော့ ဦးဆောင် အခန်းကဏ္ဍမှာလည်း ပါမယ်။ အစဉ်တစိုက် ပါဝင်ရေးကိုလည်း ဦးတည်တယ်ဆိုတော့ အစဉ်တစိုက်ဆိုတာ အမြဲတမ်းလေ။ အမြဲတမ်းဆိုတော့ မလွယ် သေးဘူး။ ဒီဖွဲ့စည်းပုံကိုမပြင်နိုင်ဘဲနဲ့ ဒီလမ်းညွှန်မှုကိုမဖယ် ရှားနိုင်ဘဲနဲ့ တဖြည်းဖြည်းပြင်ဖို့ဆိုတာလည်းမှန်းလို့ မရသေးဘူး။ ဖွဲ့စည်းပုံကိုပြင်ရမယ်။ ဒီ ၂၅ ရာခိုင်နှုန်းကိုလျှော့နိုင်မလား။ အခုထိတော့ မမြင်သေးဘူး။ တပ်မတော်က ဦးဆောင်အခန်းကဏ္ဍမှာလုပ်ရမယ်ဆိုတဲ့ တပ်မတော်ရဲ့ နိုင်ငံရေးအမြင်ကိုပြောင်းဖို့လိုတယ်။ အဓိက တပ်မတော် ခေါင်းဆောင်တွေမှာပေါ့။

မေး ။    ။ ANP အနေနဲ့ ရွေးကောက်ပွဲမှာနေရာအတော် တော်များများအနိုင်ရရှိပြီး လုပ်ပိုင်ခွင့် တစုံတရာရမယ် ဆိုရင် ဒီစိန်ခေါ်မှုတွေကို ဘယ်လိုဖြေရှင်း ဆောင်ရွက်သွားမလဲ။
ဖြေ ။    ။ ပြည်နယ်အစိုးရမှာ လုပ်ပိုင်ခွင့်ရှိဖို့ လိုတယ်။ အခုလို ဖြစ်နေတာတွေက ပြည်နယ်အစိုးရမှာ လုပ်ပိုင်ခွင့်မရှိဘဲ ပြည်ထောင်စုအစိုးရကပဲ ချုပ်ကိုင်ထားလို့။ နယ်စပ်ရေးရာဆိုရင်လည်း တပ်က ကိုင်ထား တယ်။ လုပ်ပိုင်ခွင့်ရှိဖို့အတွက် ၂၀ဝ၈ ဖွဲ့စည်းပုံ ပြင်ရမယ်။ ပြည်နယ် အစိုးရဖွဲ့နိုင်ဖို့ဆိုတာက စိတ်ကူးယဉ် အိပ်မက်တခုပဲ။ ၂၀ဝ၈ ဖွဲ့စည်းပုံအရဘယ်လောက်ပဲနိုင်နိုင် သမ္မတက ဝန်ကြီးချုပ်ကို ခန့်တယ်။ ဝန်ကြီးချုပ်က အစိုးရကို ဖွဲ့တယ်။ အစိုးရအဖွဲ့ထဲမှာ ၂ ယောက် ၃ ယောက်တော့ ပါကောင်းပါနိုင်တယ်။ အဲတော့ ရခိုင်အမျိုးသား ပါတီက ပြည်နယ် အစိုးရဖွဲ့ဖို့ မဖြစ်နိုင်ဘူး။

http://burma.irrawaddy.org/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။