ပူတင်က ကုလသမဂ္ဂတွင် ရုရှားကို ကမ္ဘာ့စင်မြင့်ပေါ်သို့ ပြန်လည်ဆွဲတင်နိုင်ခဲ့



စက်တင်ဘာ ၂၈ ရက်က နယူးယောက်ရှိ ကုလသမဂ္ဂ ရုံးချုပ်တွင် မိန့်ခွန်းပြောနေသော ရုရှားသမ္မတ ပူတင်
ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ယူကရိန်း ပဋိပက္ခတွင် အနောက်နိုင်ငံများ၏ ပိတ်ဆို့ အရေးယူမှုမှ ရုန်းထွက်ရန် ကြိုးပမ်းစဉ် ပူတင်က ဆီးရီးယား ပဋိပက္ခနှင့် ပတ်သက်၍ ကုလသမဂ္ဂတွင် လူအများ၏ အာရုံကို ဖမ်းစားနိုင်ခဲ့ကြောင်း သိရသည်။ ဆယ်စုနှစ် တစ်ခုအတွင်း ကုလသမဂ္ဂ အထွေထွေ ညီလာခံ၌ ပထမဆုံးမိန့်ခွန်း ပြောကြားခဲ့သော ပူတင်က အစ္စလာမ္မစ် နိုင်ငံတော်အဖွဲ့ (IS) ကို တိုက်ခိုက်ရန်အတွက် ကုလ ကျောထောက်နောက်ခံပြု ပိုမိုကျယ်ပြန့်သည့် မဟာမိတ် ဖွဲ့စည်းရန် စက်တင်ဘာ ၂၈ ရက်က တိုက်တွန်းခဲ့သည်။

မိန့်ခွန်းပြောအပြီး ပူတင်က အမေရိကန်သမ္မတ ဘာရက်အိုဘားမားနှင့် နှစ်နှစ်အတွင်း ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် မိနစ် ၉၀ ကြာ တွေ့ဆုံ ဆွေးနွေးခဲ့ပြီး အပြုသဘောဆောင်သော၊ စီးပွားရေးဆန်သော၊ အံ့အား သင့်ဖွယ် ပွင့်လင်းသော ဆွေးနွေးမှုဟု ပူတင်က ပြောကြားခဲ့သည်။ အိုဘားမားက ကုလမိန့်ခွန်း၌ သူသည် ဆီးရီးယား ပဋိပက္ခကို အဆုံးသတ်နိုင်ရေးအတွက် ရုရှားသမ္မတ ပူတင်နှင့် လက်တွဲလုပ်ဆောင်ရန် ဆန္ဒရှိသည်ဟု ပြောကြားခဲ့သည်။

ရုရှားသည် ဆီးရီးယားတွင် တပ်ဖွဲ့ဝင်များနှင့် တိုက်လေယာဉ်များ တပ်ဖြန့်ခြင်းဖြင့် မဟာမိတ်ဟောင်း ဆီးရီးယားသမ္မတ ဘာရှားအယ်အာဆတ်နှင့်အတူ လက်တွဲ တိုက်ခိုက်မည်ကို အနောက်နိုင်ငံများက စိုးရိမ်မှုများ ထွက်ပေါ်ခဲ့သည်။ အာဆတ်ကို ရာထူးမှ ချက်ချင်း နုတ်ထွက်ခိုင်းရန် အနောက်နိုင်ငံများ၊ တူရကီနှင့် ဆော်ဒီအာရေဗျကဲ့သို့ ဒေသတွင်း သြဇာကြီးနိုင်ငံများ၏ တောင်းဆိုမှုများကို ပူတင်က လက်မခံခဲ့ပေ။ အမေရိကန် ဦးဆောင်သော နိုင်ငံတကာ ညွန့်ပေါင်းတွင် ပါဝင်သည့် အဖွဲ့ဝင် များအနေဖြင့် အကြီးမားဆုံး မကောင်းဆိုးဝါး IS ကို နှိမ်နင်းနိုင်ရန် အတွက် အာဆတ်နှင့် ပူးပေါင်း လုပ်ဆောင် သင့်ကြောင်း ပူတင်က ပြောကြားခဲ့သည်။

အိုဘားမားနှင့် ပူတင်တို့သည် ဆီးရီးယား ပဋိပက္ခကို နိုင်ငံရေးအသွင် ကူးပြောင်းမှုဖြင့် ဖြေရှင်းရန် လိုအပ်ကြောင်းကို သဘောတူခဲ့သော်လည်း အာဆတ်၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ အခြေခံအားဖြင့် သဘောတူမှု မရခဲ့ကြောင်း အိမ်ဖြူတော် ထိပ်တန်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ အမေရိကန်နှင့် ရုရှားတို့အကြား ဆက်ဆံရေး တိုးတက်မှုရှိပါက လေးနှစ်ခွဲကျော် ကြာမြင့်လာပြီ ဖြစ်သည့် ဆီးရီးယား ပြည်တွင်းစစ် ပဋိပက္ခကို ဖြေရှင်းရာတွင် တိုးတက်မှု ရရှိနိုင်ကြောင်း ကုလ အတွင်းရေးမှူးချုပ် ဘန်ကီမွန်က ပြောကြားခဲ့သည်။

ပူတင်သည် ဆီးရီးယား အရေးတွင် ပါဝင်ခြင်းဖြင့် အရှေ့အလယ်ပိုင်း ဒေသကို အာရုံစိုက်နေစဉ် ယူကရိန်း ပဋိပက္ခတွင် ရုရှားက ခရိုင်းမီးယား ကျွန်းဆွယ်ကို သိမ်းယူမှုနှင့် သူပုန်များအား ထောက်ပံ့မှုများနှင့် ပတ်သက်၍ အိုဘားမားက ပူတင်အား အသက်ရှူပေါက် ရအောင် လုပ်ဆောင်ခွင့် ပေးမည်မဟုတ်ပေ။ ကုလတွင် မိန့်ခွန်းပြောစဉ် ယူကရိန်း သမ္မတ ပီထရိုပိုရိုရှင်ကိုက ခန်းမမှ ထွက်ခွာသွားမှုနှင့် ပတ်သက်၍ ပူတင်က အနောက်နိုင်ငံများသည် ကမ္ဘာ့ရေးရာတွင် ရုရှားကို မည်သည့်အခါမျှ ဖယ်ရှား၍ ရမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။                        

Writer:
Ref: AFP

http://www.news-eleven.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။