ချီလီငလျင်အပြီး ပထမဆုံး ဆူနာမီရေလှိုင်းများ ကမ်းခြေသို့ စတင်ရိုက်ခတ်

ချီလီနိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် ရစ်ခ်ျတာစကေး ၈.၃ အဆင့်ရှိ အင်အားပြင်း ငလျင်ကြီး၏ နောက်ဆက်တွဲအဖြစ် ကမ်းရိုးတန်း ဒေသတစ်ခုသို့ ဆူနာမီ ရေလှိုင်းများ စတင်ရိုက်ခတ်ခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၁၇ ရက် နံနက်အစောပိုင်းက ဆန်တီယေဂိုမြို့တော် အနောက်မြောက်ဘက် ၁၄၄ မိုင်အကွာ ပစိဖိတ် သမုဒ္ဒရာ ကြမ်းပြင်ကို ဗဟိုပြု လှုပ်ခတ်သည့် ငလျင်ကြောင့် ယခုအချိန်ထိ အသေအပျောက် ၅ ဦးထိ စာရင်း ရရှိထားပြီဖြစ်သည်။ ငလျင်နောက်ဆက်တွဲအဖြစ် ဆူနာမီ ရေလှိုင်းများ ရိုက်ခတ်ဖွယ်ရှိသည့် ကမ်းခြေ ဒေသများကို တပ်လှန့်ထားရာ လူပေါင်း တစ်သန်းကျော် ဘေးလွတ်ရာသို့ ကြိုတင် ရွှေ့ပြောင်းထားခဲ့သည်။
စက်တင်ဘာ ၁၇ ရက် မွန်းမတည့်မီတွင် ၁၅ ပေမျှ အမြင့်ရှိသည့် ဆူနာမီ ရေလှိုင်းများသည် ကိုကွင်မ်ဘို ဒေသရှိ ကမ်းရိုးတန်းများသို့ စတင်ရိုက်ခတ်ခဲ့သည်။ 
ဆန်တီယေဂိုတွင် အဆောက်အအုံများ ယိမ်းထိုးခါရမ်းသွားသည်အထိ အားပြင်းစွာ လှုပ်ခတ်ခဲ့သည့် ငလျင်သည် အီလာပဲလ်မြို့ အနောက်ဘက် သမုဒ္ဒရာကြမ်းပြင်အောက် ၆ မိုင်မျှကို ဗဟိုပြုခဲ့ကြောင်း အမေရိကန် ငလျင်တိုင်းတာရေး အေဂျင်စီက ကြေညာခဲ့သည်။
ရုပ်မြင်သံကြားမှတစ်ဆင့် ပြည်သူများကို မိန့်ခွန်းပြောရာတွင် ချီလီသမ္မတ မစ်ချယ်လ် ဘာချီလတ်က အပျက်အစီးများ ပြုတ်ကျရာမှ ပိမိပြီး အမျိုးသမီးနှစ်ဦး သေဆုံးကြောင်းနှင့် အမျိုးသားတစ်ဦး နှလုံးဖောက်ပြန်၍ သေဆုံးကြောင်း အတည်ပြုခဲ့သည်။ ထို့နောက်ပိုင်းတွင် အာဏာပိုင်များက အသေအပျောက် စာရင်း ၅ ဦးထိ ရှိလာပြီဟု ကြေညာခဲ့သလို အနည်းဆုံး ၁ ဦး ပျောက်ဆုံးနေကြောင်း ပြောကြားခဲ့သည်။
ငလျင်ဗဟိုချက်နှင့် နီးကပ်သည့် အီလာပဲလ်မြို့တွင် အဆောက်အအုံအချို့ ထိခိုက် ပျက်စီးခဲ့ကြောင်းလည်း ချီလီ မီဒီယာများက ဖော်ပြခဲ့သည်။ ချီလီနိုင်ငံသား ထောင်ပေါင်းများစွာတို့သည် အမျိုးသားနေ့ ရုံးပိတ်ရက်အတွက် ကမ်းခြေဒေသများတွင် သွားရောက် အပန်းဖြေရန် စီစဉ်နေချိန်၌ ငလျင်ကြီး လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။
လက်ရှိအချိန်တွင် ကိုကွင်မ်ဘို၌ ဆူနာမီလှိုင်းများ စတင်ရိုက်ခတ်နေပြီဖြစ်ပြီး ပီရူးနိုင်ငံ၊ ဟာဝိုင်အီကျွန်း၊ ကယ်လီဖိုးနီးယား ကမ်းခြေဒေသအချို့ အပါအဝင် အလွန်ဝေးကွာသည့် နယူးဇီလန် နိုင်ငံတွင်ပါ ဆူနာမီလှိုင်းများ ဝင်ရောက် ရိုက်ခတ်နိုင်ကြောင်း သတိပေးချက်များ ထုတ်ပြန်ထားသည်။ 
http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။