အာဖဂန်ရှိ တာလီဘန်တို့ သိမ်းပိုက်ထားရာ ကွန်ဒုဇ်မြို့တွင် တိုက်ပွဲများ ပြင်းထန်နေ


အာဖဂန် နစ္စတန်အထူးတပ်ဖွဲ့ဝင်များအား စက်တင်ဘာ ၂၉ ရက်က တွေ့ရစဉ်

အာဖဂန် နစ္စတန်ရှိ တာလီဘန်တို့ သိမ်းပိုက်ထားရာ ကွန်ဒုဇ်မြို့တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိကြောင်း သတင်းရရှိသည်။

တာလီဘန်တို့၏ လျှပ်တပြက် ထိုးစစ်ကြောင့် အာဖဂန် မြို့စောင့်တပ်နှင့် လုံခြုံရေး တပ်ဖွဲ့များသည် မြို့ပြင်ရှိ လေဆိပ်ထိ ဆုတ်ခွာပေးခဲ့ရသော်လည်း စက်တင်ဘာ ၂၉ ရက်တွင် လူသူလက်နက် စုရုံးကာ ပြန်လည် တိုက်စစ်ဆင်ခဲ့ခြင်း ဖြစ်သည်။ တာလီဘန်တို့က မြို့၏ လေဆိပ်ကိုပါ သိမ်းယူရန် အားထုတ်ခဲ့သော်လည်း အာဖဂန်၏ မဟာမိတ် အမေရိကန်တို့၏ ကြားဖြတ် လေကြောင်းတိုက်ခိုက်မှု နှစ်ခုက အဆိုပါ အစီအစဉ်ကို ဟန့်တားနိုင်ခဲ့သည်။

ကွန်ဒက်ဇ်ကို သိမ်းယူနိုင်ခြင်းသည် ၂၀၀၁ ခုနှစ်နောက်ပိုင်း တာလီဘန်တို့၏ အကြီးမားဆုံး စစ်ရေး အောင်ပွဲလည်း ဖြစ်သည်။ အာဖဂန်ကို အမေရိကန်တပ်များ စတင်ဝင်ရောက် တပ်စွဲခဲ့သည့်နောက်ပိုင်း တာလီဘန်တို့သည် ပထမဆုံးအကြိမ် ဒေသဆိုင်ရာ မြို့တော်တစ်ခုကို သိမ်းယူနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

သို့သော်လည်း နိုင်ငံမြောက်ပိုင်းရှိ မဟာဗျူဟာ အချက်အခြာကျရာ မြို့ကို ပြန်လည် ရယူနိုင်မည်ဟု အာဖဂန် လုံခြုံရေး တပ်ဖွဲ့များက ယုံကြည်နေသည်။ ကွန်ဒက်ဇ် ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဆာယက်ဒ် ဆာဝါ ဟူစိန်နီက “တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ တာလီဘန်တွေ ရာနဲ့ချီ သေကြေပြီး သူတို့ အလောင်းတွေက လမ်းပေါ်မှာ ပျံ့ကြဲနေပါတယ်”ဟု Reutersသို့ ပြောကြားခဲ့သည်။

အာဖဂန် ကာကွယ်ရေး ဝန်ကြီးဌာနက မြို့တွင်းရှိ ရဲဌာနနှင့် အကျဉ်းထောင်တို့ကို တာလီဘန်တို့ လက်ထဲမှ ပြန်လည် သိမ်းယူနိုင်ခဲ့ပြီဟု ကြေညာခဲ့သည်။ စက်တင်ဘာ ၂၈ ရက်တွင် တာလီဘန်တို့သည် မြို့ထဲရှိ အကျဉ်းထောင်ကို စီးနင်းကာ အကျဉ်းသား ရာပေါင်းများစွာကို လွှတ်ပေးခဲ့သည်။ ထို့အပြင် တာလီဘန်တို့ ထုတ်လွှင့်ခဲ့သည့် ဗီဒီယိုထဲတွင် တင့်ကားများ၊ သံချပ်ကာယာဉ်များ၊ ရဲကားများ၊ ကြက်ခြေနီယာဉ်များကိုပါ ၎င်းတို့ သိမ်းယူထားသည်ကို တွေ့ရသည်။

မျက်မြင်တစ်ဦးက အစိုးရဘက်တွင် စစ်ကူများ အားဖြည့်နေသလို တာလီဘန်တို့သည်လည်း တပ်ကူများ ထပ်မံ ရရှိနေကြောင်း ပြောကြားခဲ့သည်။ လက်ရှိ အနေအထားများအရ မြို့ထဲတွင် ပိတ်မိနေသည့် မြို့ခံများ တိုက်ပွဲဇုန်ကို စွန့်ခွာထွက်ပြေးရန် ခက်ခဲလျက် ရှိသည်။

တာလီဘန် ခေါင်းဆောင်သစ် မူလာ အက်ခ်တာ မန်ဆာက အစိုးရ အနေဖြင့် ကွန်ဒုဇ်တိုက်ပွဲတွင် အရေးနိမ့်ခဲ့သည်ကို ဝန်ခံသင့်ကြောင်း ပြောကြားခဲ့သည်။ စက်တင်ဘာ ၂၉ ရက်တွင် အာဏာသက်တမ်း ၁ နှစ်ပြည့်သည့် အာဖဂန် သမ္မတ အက်ရှ်ရက်ဖ် ဂါနီက ရုပ်မြင်သံကြားမှတစ်ဆင့် မိန့်ခွန်း ပြောကြားခဲ့ရာ မြို့ကို ပြန်လည် သိမ်းပိုက်ရေး ကြိုးပမ်းမှုတွင် တိုးတက်မှုများ ရှိနေကြောင်း အာမခံသွားသည်။ သို့သော်လည်း လုံခြုံရေး တာဝန်ရှိသူများကမူ တာလီဘန်တို့သည် အရပ်သားများကို လူသားတံတိုင်းသဖွယ် အသုံးချနေခြင်းကြောင့် တိုက်စစ်အရှိန် မြှင့်တင်ရန် ခက်ခဲနေကြောင်း ဝန်ခံခဲ့သည်။

ညအမှောင်ကို အခွင့်ကောင်းယူကာ စက်တင်ဘာ ၂၈ ရက်က လက်နက်အင်အား တောင့်တင်းစွာ တပ်ဆင်ထားသည့် တာလီဘန်တို့က မြို့ကို ဦးတည်ရာအရပ် အများအပြားမှ ဝန်းရံ သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့သည် ရဲကင်း စစ်ဆေးရေး စခန်းများကို စီးနင်းခဲ့သလို  မြို့တွင်းရှိ အချက်အခြာ အဆောက်အအုံများတွင် ခြေကုပ်ယူကာ အကျဉ်းသား ၅၀၀ ခန့်ကိုပါ လွှတ်ပေးခဲ့သည်။ ရှုပ်ထွေးနေသည့် အခြေအနေများကြောင့် မြို့စောင့်တပ်သည် လေဆိပ်သို့ ဆုတ်ခွာပြီး အင်အားဖြည့်တင်းကာ ထိုးစစ်ပြန်လည် ဆင်နွှဲရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။