အသစ်ပြဋ္ဌာန်းလိုက်သည့် မော်တော်ယာဉ်ဥပဒေတွင်စည်းကမ်းဖောက်ယာဉ် များအား ဒဏ်ကြေးငွေအဆ၂ဝတိုးမြှင့်လိုက်မှုကြောင့် ခရီးသည်တင် ယာဉ်လိုင်း အချို့ ပြေးဆွဲမှုရပ်နား
ယင်းဖြစ်ရပ်ကြောင့် ခရီးသွားပြည်သူများ အခက်အခဲကြုံတွေ့နေရ

အသစ်ပြဋ္ဌာန်းလိုက်သည့် မော်တော် ယာဉ်ဥပဒေတွင် စည်းကမ်းချိုးဖောက်သည့် ယာဉ်များအား ဒဏ်ကြေးငွေပမာဏ အဆ ၂ဝ တိုးမြှင့်လိုက်မှုကြောင့် ရန်ကုန်မြို့တွင်း သွားခရီးသည်တင်ယာဉ်လိုင်းအချို့ရှိ ယာဉ်များ ရပ်နားမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
ရန်ကုန်မြို့တွင် ခရီးသည်တင်ယာဉ်လိုင်း ပေါင်း ၃ဝဝ ကျော်ရှိပြီး လက်ရှိတွင် ယာဉ် လိုင်းအများစုရှိ ယာဉ်အများစုသည် စက်တင် ဘာ ၁၅ ရက်မှစတင်ကာ ရပ်နားမှုများပြုလုပ် လာကြခြင်းဖြစ်သည်။ ယင်းသို့ပြုလုပ်ခြင်းသည် ယာဉ်မောင်းများအနေဖြင့် စည်းကမ်းဖောက် မှုကို ပြုလုပ်လိုပြီး စည်းကမ်းနှင့် မောင်းနှင် လိုခြင်းမရှိသည်ကို ပြသရာရောက်နေသည့် အပြင် ယင်းလုပ်ရပ်ကြောင့် ခရီးသွားပြည်သူ များ မှတ်တိုင်များတွင် စုပြုံနေကာ အခက်အခဲ များကြုံတွေ့နေရကြောင်း ပြည်သူအချို့က လည်း ဝေဖန်လျက်ရှိသည်။
''ကားမှတ်တိုင်မှာ လူတွေက စုပြုံနေတာ ပဲ။ ကားတစ်စီးလာလို့ ကြည့်လိုက်ရင်လဲ လူ တွေအပြည့်ဖြစ်နေပြီ။ ကားဂိတ်မှာ ၄၅ မိနစ် လောက် စောင့်တာတောင် စီးဖို့ကားမရသေး ဘူး။ အရင် ကားချောင်နေကြအချိန်မှာတောင် ကားက ကျပ်သပ်နေတာပဲ။ အိမ်ကို ပြန်ချင် တဲ့အတွက် မရရတဲ့နည်းနဲ့ စီးခဲ့ရပါတယ်။ ကားဂိတ်မှာလဲ ကားစောင့်နေတဲ့သူတွေ အ များကြီးကျန်နေခဲ့သေးတယ်''ဟု ခရီးသွား ပြည်သူတစ်ဦးဖြစ်သူ ဒေါ်ရတနာက ပြော ကြားသည်။
သန်မြန်သူ ၇၉ ယာဉ်မောင်းတစ်ဦးက ''အရင်က အမှုတစ်ခုဖမ်းရင် ဒဏ်ငွေအနည်း ဆုံး ကျပ် ၁၅ဝဝ ပေးရတယ်။ မှတ်တိုင်မရပ် တာတို့၊ တခြားအရာတွေရောပေါ့။ အခုက ကျပ် ၃ဝဝဝဝ ဖြစ်သွားပြီလို့ပြောတယ်။ ယာဉ် မောင်း၊ စပယ်ယာနှစ်ယောက် လုပ်အားခကို တစ်နေကုန် အသည်းအသန်ရှာတာတောင် ၃ဝဝဝဝ မပြည့်ဘူး။ ကားတွေကလဲကျပ်ပြီး အရင်လိုခရီးတွင်တာမဟုတ်ဘူး။ ဒါကြောင့် ကားကို ရပ်ထားလိုက်တယ်။ ကျွန်တော်တို့ ယာဉ်လိုင်းက ခန့်မှန်းခြေ တစ်ဝက်နီးပါး လောက် မထွက်ဘူး။ တခြားယာဉ်လိုင်းတွေမှာ လဲ မထွက်ကြတာရှိတယ်''ဟု ပြောသည်။
ဒဏ်ကြေးငွေများ မြင့်တက်သွားသည် ဟုဆိုကာ ယာဉ်လိုင်းများမှ ယာဉ်အချို့ရပ်နား ထားသော်လည်း ယင်းဒဏ်ကြေးငွေအသစ် အား လတ်တလောတွင် ပေးဆောင်ရသူမရှိ သေးကြောင်း မထသ(ဗဟို)မှ တာဝန်ရှိသူတစ် ဦးက ပြောသည်။
''အခု အသစ်ထွက်တဲ့ဥပဒေက ၁၉၆၄ မော်တော်ယာဉ်ဥပဒေကိုပြင်ဆင်ပြီး အသစ် ထွက်လာတာဆိုပေမယ့် နည်းဥပဒေတော့ မထွက်သေးပါဘူး။ ဒီဥပဒေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ တင်ပြထားတာရှိပါတယ်။ သေ သေချာချာမသိသေးတော့ ပြောလိုက်ရင် တစ်ခုခုမှားသွားမှာစိုးတယ်။ ဒါပေမဲ့ သေချာ တာက ဒီဒဏ်ငွေသစ်ကို ပေးဆောင်တဲ့သူမရှိ သေးပါဘူး။ တချို့ကလဲ သွားဆောင်တယ် ၃ဝဝဝဝ လို့ပြောလို့ မဆောင်ဘဲ ပြန်လာတဲ့ သူလဲ ရှိတယ်။ အခုအခြေအနေက နည်း နည်းရှုပ်ထွေးနေတယ်။ သေချာရင် ကျွန်တော် တို့ပြောပါမယ်''ဟု မထသ(ဗဟို)မှ တာဝန်ရှိ သူက ပြောကြားသည်။
၂ဝ၁၅ မော်တော်ယာဉ်ဥပဒေသစ်ကို စက်တင်ဘာ ၇ရက်က ပြည်ထောင်စုလွှတ် တော်မှ အတည်ပြုပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။
၄၈ ယာဉ်လိုင်းပိုင်ရှင်တစ်ဦးက ''ကျွန် တော်တို့ယာဉ်လိုင်းမှာက ခရီးစဉ်ငါးခုရှိတယ်။ ကျွန်တော်တစ်ဦးတည်း ပြေးဆွဲတဲ့ ခရီးစဉ် လိုင်းက အစီးရေ အနည်းငယ်နားပါတယ်။ ကျန်လေးလိုင်းမှာ နှစ်လိုင်းက တစ်စီး၊ နှစ်စီး ထွက်တယ်။ ကျန်နှစ်လိုင်းကလဲ အနည်းငယ် ထွက်တယ်လို့ သိရပါတယ်။ ကျွန်တော်တို့က ရပ်နားခိုင်းတာမဟုတ်ပါဘူး။ ယာဉ်လုပ်သား တွေက သူတို့အတွက်အဆင်မပြေလို့ မထွက် ကြတာပါ။ ယာဉ်လုပ်သားမရှိရင်တော့ ဒီ ယာဉ်တွေက ရပ်ထားရတာပေါ့''ဟု ပြော သည်။
ယင်းသို့ ယာဉ်လိုင်းများ ဆန္ဒပြသည့်သ ဘောဖြင့် ရပ်နားထားမှုကို သတင်းစာဆရာ တစ်ဦးဖြစ်သူ ကိုဇေယျသူက ''စည်းကမ်း ဖောက်တဲ့လိုင်းကားတွေကို နဂိုကဒဏ်ကြေး ၁၅ဝဝ ကနေ ဒဏ်ကြေး ၃ဝဝဝဝ ချလိုက်လို့ ဆန္ဒပြတဲ့အနေနဲ့ ကားတွေမထွက်ကြဘူးတဲ့။ လိုင်းကားတွေ စည်းကမ်းပျက်လို့ ကားလမ်း တွေပိတ်သင့်တာထက် ပိုပိတ်၊ ယာဉ်အန္တရာယ် တွေဖြစ်ပြီး အပြစ်မဲ့လူတွေ သေကျေဒဏ်ရာရ ကြဖြစ်နေတာကိုကာကွယ်ဖို့ ဒဏ်ကြေး ၃ဝဝဝဝ ရိုက်တာ ကျွန်တော့်အမြင်အရ နည်း တောင်နည်းပါတယ်။ အပြစ်တင်ချင်းတင်ရင် ဘာမဟုတ်တဲ့ဒဏ်ကြေး ၁၅ဝဝ ကြီး ခုမှပြင် ရတာကိုသာ အပြစ်တင်ရမှာ။ ဆန္ဒပြကြတာက ၁၅ဝဝ နဲ့ဆို စည်းကမ်းဖောက်ရတာတန်တယ်။ ၃ဝဝဝဝ ဆို မကိုက်တော့ဘူးဆိုတဲ့အပေါက် မျိုး။ ဒီအတိုင်းဆို သူတို့ဆန္ဒပြတာကိုကြည့်ရင် ဒီ ၃ဝဝဝဝ ဒဏ်ကြေးဟာ ထိရောက်လို့ပဲ။ ၃ဝဝဝဝ အစား ၃ဝဝဝဝ ထက်လျော့တဲ့ လာဘ်ထိုးလို့မရမှန်းလဲ သဘောပေါက်ကြလို့ ဖြစ်မယ်။ ဒီကိစ္စကို ကောင်းကောင်းကိုင်တွယ် နိုင်ဖို့ လိုပါတယ်''ဟု သူ၏လူမှုစာမျက်နှာတွင် ရေးသားထားသည်။
ယင်းသို့ ယာဉ်လိုင်းများ ရပ်နားထားမှု ကြောင့် ခရီးသွားပြည်သူများမှာလည်း ပြဿနာ များကြုံတွေ့ခဲ့ရကြောင်း သိရသည်။
ခရီးသည်တစ်ဦးဖြစ်သူ ဦးမျိုးလှိုင်က ''ကားက မရှိဘူးမဟုတ်ဘူး၊ လာပါတယ်။ နည်းသွားတယ်၊ ကျဲသွားတာပေါ့။ နောက် လူကျပ်သွားတာပေါ့လေ။ နဂိုကလမ်းတွေ ကျပ်နေရတဲ့အထဲမှာ လိုင်းကားနည်းတော့ ခရီးသည်က ပိုပြီးများသွားတော့ လူပိုကျပ် သွားတယ်။ လမ်းကလဲပိတ်နေတော့ အဲဒီကား ထဲမှာရှိနေတဲ့ ပြည်သူတွေရဲ့အခြေအနေကို သာ စဉ်းစားကြည့်တော့ဗျာ။ လိုင်းကားတွေ စည်းကမ်းနဲ့မောင်းမယ်ဆိုရင် ဒီပြဿနာဖြစ် စရာမလိုတော့ဘူး။ ဒါပေမဲ့ ရဲတွေဘက်ကလဲ အမှုမပြည့်သေးလို့ ဖမ်းတာမျိုးတွေ မရှိသင့် တော့ဘူးလေ''ဟု သုံးသပ်ပြောသည်။
အနောက်ပိုင်းခရိုင် ၁ဝ၂ ယာဉ်လိုင်းမှ ယာဉ်မောင်း ကိုမောင်မောင်ဋ္ဌေးက ''ကျွန် တော်တို့ တစ်နေ့စာမောင်းကြေးတောင် ၃ဝဝဝဝ ဘယ်လိုမှမရပါဘူး။ တချို့မီးပွိုင့် ပျက်နေတာတွေမှာ ယာဉ်ထိန်းမရှိတဲ့အတွက် နားလည်မှုနဲ့ ကိုယ့်ဘာသာလမ်းကြောင်းရှင်း မောင်းရတယ်။ မှတ်တိုင်တွေမှာလဲ ဈေးသည် တွေ၊ တစ်ခါတလေ ကားအသေးတွေက ရပ်နေတဲ့အခါ မှတ်တိုင်မှာ ရပ်ဖို့စောင့်နေလို့ မရဘူး။ ခရီးသည်ကလဲ ဆင်းချင်ပြီ။ ကား သမားတွေပဲ အပြောခံရတယ်။ မှတ်တိုင်နေရာ မဟုတ်ဘဲ ရပ်လိုက်တယ်။ အဲဒီလိုကြုံတဲ့အချိန် မှာ ယာဉ်ထိန်းရဲရောက်လာပြီး ဖမ်းဆီးအရေး ယူရင် အရင်ကပြဿနာမရှိဘူး။ အခုဒဏ် ကြေးဆို အခက်အခဲအများကြီးရှိတယ်။ ဒါ့ ကြောင့် ဘယ်လိုညှိနှိုင်းမှုတွေ လုပ်မလဲဆို တာ စောင့်ကြည့်နေပါတယ်''ဟု ပြောကြား သည်။
၄၈ ယာဉ်လိုင်းပိုင်ရှင်တစ်ဦးဖြစ်သူ ကို တရုတ်ကလေးက ''ဒီဥပဒေနဲ့ ပတ်သက်ပြီး ကန့်ကွက်စရာမရှိပါဘူး။ ဒီဥပဒေကို အ တည်မပြုခင်ကတည်းက နိုင်ငံပိုင်သတင်း စာထဲမှာ အကြံပြုနိုင်ဖို့ဖော်ပြပြီးမှ ဒီလမှာ အတည်ပြုခဲ့တာ။ ဒီဥပဒေကို မကန့်ကွက် လိုဘူး။ ဒါပေမဲ့ ဒီဥပဒေနဲ့ညီမျှတဲ့ လမ်းမကြီး ဥပဒေတွေ ဆောင်ရွက်သင့်တယ်။ အခုလို ဖြစ်လာရတာတွေက ဒဏ်ငွေကြောင့် မဟုတ် ဘူး။ ဥပဒေမခိုင်မာမှုကြောင့်ဖြစ်တာ။ အရင် ကလဲ ဥပဒေတွေထုတ်ခဲ့တယ်။ ကောင်းနိုးရာ ရာတွေထုတ်တယ်။ ဒါပေမဲ့ လက်တွေ့အ ကောင်အထည်ဖော်တဲ့နေရာမှာ မထိရောက် ဘူး။ ဒီတော့ အဆင်မပြေတော့ ဥပဒေတွေ ထပ်ထပ်တိုးလာတဲ့သဘောပဲ။ ဒီဥပဒေတွေ ထုတ်ပြီးရင် ဥပဒေကို ထိထိရောက်ရောက်အ ကောင်အထည်ဖော်ပါ။ ဥပဒေတော့ ထုတ် တယ်၊ ထိထိရောက်ရောက် အကောင်အထည် မဖော်ဘူး။ မြေပြင်အခြေအနေနဲ့ မကိုက်ညီ ဘူးဆိုရင်တော့ ဒီဥပဒေက ဘယ်သူမှမလေး စားဘူး။ ဒီလိုနဲ့ နောက်ပိုင်းကျ ဒီပြစ်ဒဏ်တွေ က ရှေ့လျှောက် မြင့်သွားဖို့ပဲရှိတယ်။ ယာဉ် စည်းကမ်းထိန်းသိမ်းရေးကို ၁ဝစုနှစ် နှစ်ခု လောက်လုပ်တာ အခုထိအောင်မြင်တယ်လို့ ပြောလို့မရဘူး။ ဒါကြောင့် ဥပဒေတွေကို ချ မှတ်ပြီဆိုရင် တကယ်လဲ ထိထိရောက်ရောက် လုပ်စေချင်တယ်။ နောက်ပြီး ဥပဒေနဲ့ ပတ် သက်တဲ့အပိုင်းမှာလဲ လမ်းမကြီးဥပဒေတွေကို ညီညွတ်အောင် လုပ်စေချင်တယ်။ ဥပမာ- မှတ်တိုင်မရောက်ဖမ်းတယ်။ ဒဏ်ငွေဆောင် ရတယ်။ ဒါက သဘာဝကျတယ်။ ဒါပေမဲ့ မှတ်တိုင်မှာ ဈေးသည်ရှိတယ်၊ ဆိုက်ကားဂိတ် ရှိတယ်။ ဆိုင်ကယ်ကယ်ရီဂိတ်ရှိတယ်။ ဒါတွေ ကို အမှန်က ရှင်းပေးရမယ်။ ဒါတွေကို ရှင်း မပေးဘဲ မှတ်တိုင်စနစ်တကျမရပ်ရင်ဖမ်းမယ် ဆိုရင် ဒီယာဉ်လုပ်သားက ဒီဥပဒေကို ဘယ် တော့မှ မလေးစားဘူး။ ဥပဒေကိုထုတ်ပြီးရင် ထိထိရောက်ရောက် အကောင်အထည်ဖော် ပါ။ နောက်ပြီး သတင်းရင်းမြစ်ကို ပွင့်လင်းမြင် သာစွာချပြသင့်တယ်။ အခုဖြစ်နေတာတွေက ဆန္ဒပြနေတာ မဟုတ်ဘူး။ ဒီယာဉ်လုပ်သား တွေသည် သူတို့ ဒီလုပ်ငန်းကိုလုပ်လို့ သူတို့ ဘယ်လိုမှမရပ်တည်နိုင်ဘူး။ ဒီလုပ်ငန်းကိုစွန့် ခွာတယ်။ သူတို့ဝင်ငွေနဲ့ ဒီဒဏ်ငွေ ၃ဝဝဝဝ၊ ၅ဝဝဝဝ တွေ မဆောင်နိုင်ကြဘူး။
''နောက်ပြီး ဒီလိုဥပဒေတွေမြင့်လာလေ လာဘ်ပေးလာဘ်ယူတွေမြင့်လာလေ။ ဒီလိုတွေ ဖြစ်လာတဲ့အခါ သူတို့ဒီလုပ်ငန်းမှာမရပ်တည် နိုင်ဘူး။ ဒါကြောင့် ဒီလုပ်ငန်းကိုစွန့်ခွာတဲ့သ ဘောပဲ။ နောက်ပြီး သတင်းရင်းမြစ်အနေနဲ့ ပြောရင် မထသက အခုထိ ဝင်စာမရသေးဘူး။ ဥပဒေတော့ထုတ်လိုက်ပြီ။ တကယ်ဖမ်းနေတာ က နည်းဥပဒေနဲ့ဖမ်းနေတာ။ ဒီဥပဒေသစ်က နည်းဥပဒေမထွက်သေးဘူး။ လက်ရှိ မှတ်တိုင် မရောက်၊ စနစ်တကျမရပ်၊ ဘေးတံခါးဖွင့်ဆိုတာ မျိုးတွေက နည်းဥပဒေမှာ အသေးစိတ်ပါတယ်။ ဒါပေမဲ့ အခုထိ ဌာနဆိုင်ရာတွေကို တရားဝင် စာမရောက်သေးတဲ့အတွက် တရားရုံးက ဘယ် လိုဒဏ်တပ်ရမယ်မသိသလို၊ ယာဉ်ထိန်းတွေ အနေနဲ့လဲ ဘယ်လိုဖမ်းရမှန်းမသိဘူး။ ကား သမားတွေကလဲ ဘယ်လို ဆောင်ရမှန်းမသိဘူး။ မထသ(မြို့တွင်း)ကလဲ ဘာမှမပြောတတ်ဘူး။ ၁၉၆၄ ဥပဒေဆိုတာကလဲ ဒီဥပဒေထွက်တဲ့ နေ့ကစပြီး အလိုအလျောက် ပျက်ပြယ်တယ် လို့ စာမှာပါပြီးသား။ ဒါကို ၁၉၆၄ ဥပဒေနဲ့ နောက်ကြောင်းပြန်အရေးယူလို့လဲမရဘူး။ ဌာ နဆိုင်ရာတွေလဲ စာမရောက်ဘူး။ တိတိကျကျ လဲချမပြဘူး။ သူတို့လဲ ဘာမှမပြောတတ်ဘူး။ ဒီတော့ သို့လောသို့လောနဲ့ ကောလာဟလတွေ ထွက်ပြီး ယာဉ်တွေကမထွက်တော့တဲ့သဘော ပဲ။ သယ်ယူပို့ဆောင်ရေးလုပ်ငန်းဆိုတာ တိုင်း ပြည်ရဲ့ စီးပွားရေးတစ်စိတ်တစ်ပိုင်းမှာလဲပါ တယ်။ ယာဉ်ကြောတွေပိတ်ဆို့ပြီး ကျောင်းသား တွေ၊ အလုပ်သမားတွေကြန့်ကြာပြီး စီးပွားရေး လူမှုရေးတွေထိခိုက်ချိန်မှာ သယ်ယူပို့ဆောင် ရေးစနစ်က ဒီလိုပဲ ရက်ရှည်ထပ်ပြီးရှုပ်ထွေးနေ မယ်ဆိုရင် နစ်နာမှုတွေအများကြီးရှိလာမယ်။ တစ်ဖက်မှာလဲ နိုင်ငံရေးအခြေအနေအရလဲ မကောင်းတဲ့လက္ခဏာတွေဖြစ်တယ်။ တာဝန် ရှိသူတွေအနေနဲ့ သတင်းတွေကို တိတိကျကျ ရှင်းရှင်း လင်းလင်းချပြသင့်ပါပြီ။ ဒီကိစ္စတွေ ကို လတ်တလောဖြေရှင်းဖို့က ဘယ်ဥပဒေ၊ ဘယ်ပုဒ်မ၊ ဘယ်ပြစ်ဒဏ်တွေက ဘယ်လိုပါ ဆိုတာကို ဌာနဆိုင်ရာတွေကိုရော၊ ယာဉ်လုပ် သားတွေကိုရော နားလည်အောင် မီဒီယာ တွေက နေဖြစ်ဖြစ် နိုင်ငံတော်က ကြေညာမှု လုပ်သင့်ပါတယ်။ ဒါဆို ကောလာဟလတွေလဲ ငြိမ်သွားမယ်''ဟု ဒီမိုကရေစီတူဒေးသို့ ပြောသည်။
ကိုတရုတ်ကလေးကဆက်လက်၍ ''ရေ ရှည်ဆိုရင်တော့ ကျွန်တော်ပြောခဲ့သလို ဥပဒေ နဲ့ညီမျှတဲ့ လမ်းမကြီးဥပဒေတွေကို ထိထိရောက် ရောက် အကောင်အထည်ဖော်ရမယ်။ ဒါဆို ဒီနေ့ဖြစ်ပျက်နေတဲ့ ယာဉ်ကြောပိတ်ဆို့မှုတွေ အထိ အဆင်ပြေနိုင်ပါတယ်။ ဒီဥပဒေက ယ ခင်ဥပဒေတွေလိုပဲ ထိထိရောက်ရောက် အ ကောင်အထည်မဖော်နိုင်ရင် နောင်အနာဂတ် မှာ ငါးသောင်းကနေ ငါးသိန်း၊ သိန်းငါးဆယ် ဖြစ်သွားမှာပါ။ စာရွက်ပေါ်ကဥပဒေဖြစ်သွားမှာ ပါ။ နောက်ပြီး ဒဏ်ငွေဆောင်တဲ့အပိုင်းမှာလဲ ၅၂ လမ်းရုံးကနေ ပုဒ်မကိုယူ တရားရုံးကိုသွား ဒဏ်ငွေဆောင်ပြီးမှ ပြေစာယူပြီး ၅၂ ရုံးပြန်လာ ရတာ။ အချိန်တွေလဲကုန်ပါတယ်။ ရုံးကိစ္စတွေ နဲ့ အချိန်ကုန်ပြီး နေ့ချင်းမပြီးပြတ်တာတွေရှိ တယ်။ အဲဒီအခါ အမြန်ကြေးလို့ခေါ်တဲ့ အရာ တွေလဲရှိလာတယ်။ ဒါကို သညနျအသဈနမလငခန လိုမျိုးလုပ်ပြီး လာဘ်ပေးလာဘ်ယူတွေပပျောက် အောင် လုပ်နိုင်ရင်ကောင်းမယ်။ နောက်ပြီး ဒီစနစ်တွေ ဒီလိုပေါ်ထွက်လာမှာကို မလိုလား တဲ့သူတွေကလဲ ကောလာဟလတွေဖြန့်တယ် လို့ယူဆတယ်။ အခု ဒီဥပဒေကလဲ ခိုင်ခိုင်မာမာ မျှမျှတတရှိတယ်လို့ ယူဆပါတယ်။ ဒါပေမဲ့ လက် တွေ့အကောင်အထည်မဖော်နိုင်တဲ့ နောက်ပိုင်း ပြဿနာတွေတက်တာကတော့ ဆယ်စုနှစ်နှစ် ခုလောက်ရှိပါပြီ။ နောက်ပြီး ယာဉ်ထိန်းအင်အား တွေ နည်းနေပါတယ်။ သူတို့ကနည်းနေပါတယ် လို့ တရားဝင်ကြေညာတယ်။ ဒါပေမဲ့ လုပ် ဆောင်မှုမရှိဘူး။ အခု ရန်ကုန်မြို့က ယာဉ်ကြော တွေဟာ တကယ်ရှင်းရင် ရှင်းလို့ရတဲ့အနေအ ထားမှာ ရှိပါသေးတယ်။ ဒီဥပဒေ၊ ဒီဒဏ်ကြေး တွေကတော့ မပြောင်းလဲတော့ဘူး တစ်ဖက် ကလဲ ဖြေရှင်းမှုတွေ ဘာမှမလုပ်ပေးနိုင်ဘူးဆို ရင် ယာဉ်လုပ်သားတွေက ဒီလုပ်ငန်းကို စွန့် ခွာမှာပဲ။ အဲဒီအခါ ယာဉ်လုပ်သားမရှိရင် ကား တွေကလဲ ရပ်ထားရမှာပဲ။ နောက်ဆုံး ခရီးသွား ပြည်သူတွေကပဲ အကျိုးသက်ရောက်ခံစားရမှာ ပါ။ သယ်ယူပို့ဆောင်ရေး လုပ်ငန်းမကောင်း တာက တိုင်းပြည်စီးပွားရေးမကောင်းတာပဲ။တိုင်းပြည်စီးပွားရေးကောင်းဖို့နဲ့ ခရီးသွားပြည် သူတွေအဆင်ပြေဖို့က အစိုးရမှာပဲ တာဝန်ရှိ တယ်။ အစိုးရက တာဝန်ယူရလိမ့်မယ်''ဟု ဆိုသည်။
၁ဝ၂(အထူး)ယာဉ်ပိုင်ရှင်တစ်ဦးက ''ဒီ နေ့ ကျွန်မအိမ်က လိုင်းကားသုံးစီးမှာ နှစ်စီး မထွက်ဘူး။ ယာဉ်မောင်းတွေက အဆင်မပြေ နိုင်ဘူးဆိုပြီး ကားအပ်သွားတယ်။ တစ်စီးပဲ ထွက်ရတယ်။ လိုက်ပြီးလေ့လာကြည့်တော့ ဘတ်စ်ကားတွေ အသွားအလာနည်းပြီး လမ်း တွေရှင်းနေတာတွေ့ရတယ်။ အခု အရေးယူ မှုတွေက ဘယ်လိုလဲဆိုတာကို ရှင်းရှင်းလင်း လင်းမသိရတဲ့အတွက် နားမလည်ဘူး'' ဟု ပြောသည်။
ဗန္ဓုလသယ်ယူပို့ဆောင်ရေးလုပ်ငန်း မန်နေးဂျင်းဒါရိုက်တာ ဦးမျိုးမြင့်က ''ကျွန်တော် တို့ ပါရမီကားတွေအကုန်ထွက်တယ်။ မထွက် ဘဲမနေရဘူးလို့ ညွှန်ကြားထားတယ်။ ပြဿနာ ဖြစ်လာရင် ရှင်းပေးမယ်။ ထွက်ပါလို့ပြောထား တယ်။ ပါရမီဘတ်စ်ကား အကုန်ထွက်တယ်။ ပြင်တဲ့ကားနဲ့ ကျောင်းကြိုပို့ကားတွေကလွဲပြီး လိုင်းကား ၃ဝ၁ စီးထွက်ပါတယ်။ ယာဉ်ရပ်နား တဲ့အထဲ ပါရမီကားတွေလုံးဝမပါဘူး'' ဟု ပြော ကြားသည်။
မထသ(ဗဟို)ဥက္ကဋ္ဌ ဦးလှအောင်က ''ဥပ ဒေက ပြဋ္ဌာန်းပြီးဖြစ်လို့ ဒီကိစ္စကအတည်ဖြစ် ပါတယ်။ ကျွန်တော်တို့အနေနဲ့ မထွက်တဲ့ယာဉ် တွေကိုအရေးယူလို့မရပါဘူး။ ပိုင်ရှင်ကလဲ လုပ်သားမရှိရင် ထွက်လို့မရဘူး။ ယာဉ်လုပ် သားကလဲ သူ့မှာ လိုအပ်တဲ့အချက်အလက် (ဥပမာ-လိုင်စင်)မရှိတာမျိုးနဲ့ဆွဲရင် စစ်ဆေး တွေ့ရှိလို့ ဒီဒဏ်ကြေးတွေနဲ့ အရေးယူခံရမှာ စိုးလို့ မထွက်ရဲကြတာဖြစ်ပါတယ်။ အခုတော့ ထွက်တဲ့ယာဉ်တွေကို လိုင်းတွေမျှပြီးဆွဲပေးဖို့ ပြောထားပါတယ်။ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး တော့လဲ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှုတွေပြု လုပ်ဖို့ စီစဉ်နေပါတယ်''ဟု ပြောကြားသည်။
၁ဝ၇ ယာဉ်မောင်းတစ်ဦးက ''တရားဝင် ထုတ်ပြန်တာတော့မဟုတ်ဘူး။ သတင်းစာတွေ ထဲမှာလဲ မပါသေးဘူး။ စပယ်ယာလိုင်စင် ပြန် ရွေးမယ်ဆိုရင် ကျပ် ၃ဝဝဝဝ၊ ယာဉ်မောင်း လိုင်စင်ပြန်ရွေးမယ်ဆို ကျပ် ၅ဝဝဝဝ အဲဒီလို ကောက်မယ်ဆိုလို့ ကားသမားတွေက မထွက် ရဲဘူး။ ၄၈၊ ၁ဝ၂၊ ၁၅၇၊ ၇၉ တို့ မထွက် ကြ ဘူး။ ထွက်လဲ နှစ်စီး၊ သုံးစီးပဲ။ အသိမ်းခံရရင် မ နည်းဘူး၊ ပြန်ရွေးရမှာ။ အဲ့ဒါကြောင့် မထွက် ကြဘူး''ဟု ပြောကြားသည်။ ။
_____DemocracyToday သတင်းစာ
**********************************************************
ခရီးစဉ်ပြေးဆွဲမှုရပ်နားထားသည့်ယာဉ်များကို စက်တင်ဘာ ၁၆ ရက်က တွေ့ရစဉ် နှင့် ဘတ်စ်ကားစောင့်နေကြသော ခရီးသွားပြည်သူများကို တွေ့ရစဉ်။ ဓာတ်ပုံ-မင်းမင်း

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။