စံမောင်သန်း
စစ်တွေ၊ စက်တင်ဘာ ၂၉

ရခိုင်အလှမယ် Miss Universe Sittwe မချိုချိုထွန်းသည် စစ်တွေ တက္ကသိုလ်တွင် ပြုလုပ်သော သူမ၏ တတိယနှစ် စာမေးပွဲကို ကောင်းမွန်စွာ ဖြေဆိုနိုင်ခဲ့သည်ဟု နိရဉ္စရာသို့ ပြောသည်။
Miss Universe Myanmar ဆန်ခါတင် မြန်မာ့ အလှမယ်၂၀ ဦးထဲတွင် ပါဝင်သည့် မချိုချိုထွန်းသည် ဓါတုဗေဒ အဓိကဖြင့် စစ်တွေ တက္ကသိုလ်တွင် ပညာသင်ကြားနေသော တတိယနှစ်ကျောင်းသူ တစ်ဦး ဖြစ်ပြီး စာမေးပွဲ ဖြေဆိုရန်အတွက် စက်တင်ဘာလ ၁၄ ရက်နေ့တွင် စစ်တွေမြို့သို့ ရောက်ရှိလာခဲ့သည်။
“ကန့် (Camp) ၀င်စဉ်ကာလမှာတော့ ကျောင်းအတွက် စီစဉ်ပေးတာ မရှိပါဘူး။ အားလပ်တဲ့အချိန်တွေမှာ ဆရာမတွေဆီမှာ သွားရောက် သင်ယူခဲ့ပါတယ်။ ဆရာမတွေရဲ့ ကျေးဇူးကြောင့် စာမေးပွဲကို ကောင်းမွန်စွာ ဖြေဆိုနိုင်ခဲ့ပါတယ်”ဟု မချိုချိုထွန်းက နိရဉ္စရာသတင်းဌာနသို့ပြောသည်။
စာမေးပွဲဖြေဆို အပြီး စက်တင်ဘာလ ၂၄ ရက်နေ့တွင် မချိုချိုထွန်းမှာ ရန်ကုန်သို့ ပြန်လည်ရောက်ရှိခဲ့ပြီ ၂၅ ရက်နေ့မှ စကာ ပြန်လည် လေ့ကျင့်မှုများ ပြုလုပ်နေပြီဟု သူမက ဆိုသည်။
“အခုတော့ စပွန်ဆာပေးထားတဲ့ နေရာတွေကို သွားလည်နေရပါတယ်။ ထူးထူးခြားခြား လေ့ကျင့်ပေးတာတော့ မရှိသေးပါဘူး။ ကိုယ်ဟာနဲ့ကိုယ်ပဲ လေ့ကျင့်နေပါတယ်”ဟု မချိုချိုထွန်းကပြောသည်။
ရွေးချယ်ခံထားရသော Miss Universe Myanmar ၂၀ ဦးထဲတွင် မချိုချိုထွန်း အပါအ၀င် တက္ကသိုလ်ကျောင်းသူ ၄ ဦး ပါဝင်သည်ဟု သိရှိရသည်။
____Narinjara News

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။