လူစုပြုံတိုးမှုကြောင့် ၇၀၀ ကျော် သေဆုံးခဲ့ပြီးနောက် ဆော်ဒီအာဏာပိုင်များ ပြင်းထန်စွာ ဝေဖန်ခံရ


လူစုပြုံတိုးမှုကြောင့် ၇၀၀ ကျော် သေဆုံးခဲ့ပြီးနောက် ဆော်ဒီအာဏာပိုင်များ ပြင်းထန်စွာ ဝေဖန်ခံရ



စက်တင်ဘာ ၂၄ ရက်က မီနာမြို့ရှိ နတ်ဆိုးနှင် ကျောက်တုံးပစ်ပွဲသို့ လာရောက်ကြသူများကို စက်တင်ဘာ ၂၄ ရက်က တွေ့ရစဉ် (Photo: AFP)

ဆော်ဒီအာရေဗျတွင် မွတ်စလင်တို့၏ နှစ်ပတ် လည်ဝတ်ပြုခရီး၌ ၇၁၇ ဦးထက်မနည်း သေဆုံးခဲ့ပြီးနောက် ဆော်ဒီအာဏာပိုင်များကို စက်တင်ဘာ ၂၅ ရက်တွင်  ၀ိုင်းဝန်းဝေဖန်ခဲ့ကြသည်။ စက်တင်ဘာ ၁၁ ရက် က မက္ကာတွင် ၀န်ချီစက်ပြိုကျမှုကြောင့် လူ ၁၀၀ ကျော် သေဆုံးခဲ့ပြီးနောက် တစ်လအတွင်း ဒုတိယမြောက် မတော်တဆမှုတွင် လူအမြောက်အမြား ဒဏ်ရာရရှိခဲ့ကြသည်။

မက္ကာမြို့မှ သုံးမိုင်အကွာတွင်ရှိသော မီနာမြို့တွင် လူစုပြုံတိုးမှုဖြစ်ပွားခဲ့ပြီး သေဆုံးသူများကို စစ်ဆေးနေဆဲဖြစ်ကြောင်း ဆော်ဒီပြည်သူ့ကာကွယ်ရေးဌာနက ပြောကြားခဲ့သည်။ အီရန်က အီရန်နိုင်ငံသား ၉၀ သေဆုံးခဲ့ကြောင်း ကြေညာခဲ့ပြီး ဆော်ဒီသည် ဘေးကင်းလုံခြုံရေးဆိုင်ရာ ချွတ်ယွင်းမှုများကို ဆောင်ရွက်ခဲ့ကြောင်း စွပ်စွဲပြောကြားခဲ့သည်။

ဝတ်ပြုခရီးသွားများကလည်း ဆော်ဒီ အာဏာပိုင်များကို ဝေဖန်ပြစ်တင်ခဲ့ကြပြီး ဘာသာရေးဓလေ့ထုံးတမ်းများကို ဆက်လက် ဆောင်ရွက်ရန်ကြောက်ရွံ့နေကြောင်း ပြောကြားခဲ့ကြသည်။ ဆော်ဒီဘုရင် ဆယ်လ်မန် က ဟာ့ဂ်ျအဖွဲ့ကို ပြန်လည်သုံးသပ် ညွှန်ကြားခဲ့ကြောင်း ဆော်ဒီ၏ ဟာ့ဂ်ျကော်မတီကို ဦးဆောင်သော အိမ်ရှေ့မင်းသား မိုဟာမက် ဘင်နီရက်က စုံစမ်းစစ်ဆေးမှုစတင်နေပြီကြောင်း ဆော်ဒီနိုင်ငံပိုင်သတင်းအေဂျင်စီ (SPA) က ပြောကြားခဲ့သည်။

ဆော်ဒီကျန်းမာရေးဝန်ကြီး ခါလစ်အယ်ဖာလီက လူစုပြုံတိုးမှု မတော်တဆမှုအတွက် ၀တ်ပြုသူများအား အပြစ်တင်ခဲ့ပြီး ၀တ်ပြု ခရီးသွားများသည် ညွှန်ကြားချက်များကို လိုက်နာခဲ့ပါက ယခုကဲ့သို့ မတော်မတဆမှုမျိုးကို ရှောင်ရှားနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဟာ့ဂ်ျတွင် နောက်ဆုံးဖြစ်သော စေတန်ကိုယ်စားပြု နံရံသုံးခုအနက် တစ်ခုကို ကျောက်တုံးများဖြင့်ပစ်ရန် ၀တ်ပြုခရီးသွားများ မီနာ၌ စုဝေးချိန်တွင် လူစုပြုံတိုးမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မီနာရှိ လမ်းနှစ်လမ်း ဆုံရာတစ်နေရာ၌ ၀တ်ပြုခရီးသွားများ တစ်ပြိုင်နက်တည်း တိုးဝှေ့ခဲ့မှုကြောင့် မတော်တဆမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

အပူချိန်မြင့်မားမှုနှင့် ၀တ်ပြုခရီးသွားတို့ ပင်ပန်းနေမှုကြောင့် သေဆုံးမှု များပြားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ မီနာတွင် စက်တင်ဘာ ၂၄ ရက်က အပူချိန်သည် ၄၆ ဒီဂရီစင်တီဂရိတ် ရှိခဲ့သည်။ မျက်မြင်သက်သေများက အာဏာပိုင်များကို အပြစ်တင်ခဲ့ကြပြီး မက္ကာရှိ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို ထုတ်ဖော်ဝေဖန်သူတစ်ဦးက ရဲများသည် လေ့ကျင့်မှု ကောင်းမွန်စွာမရရှိထားဘဲ နိုင်ငံခြားဝတ်ပြု ခရီးသွားများနှင့် ဆက်ဆံရန်အတွက် ဘာသာစကား ကျွမ်းကျင်မှုမရှိကြောင်း ပြောကြားခဲ့သည်။

လူအုပ်ကို ထိန်းချုပ်ရန်အတွက် မည်ကဲ့သို့ ကိုင်တွယ်ရမည်ကို ရဲများက မသိကြကြောင်း မက္ကာအခြေစိုက် အစ္စလာမ္မစ်ရှေးဟောင်းယဉ်ကျေးမှု သုတေသနအဖွဲ့ပူးတွဲ တည်ထောင်သူ အီဖန်အယ်အာလာဝီက ပြောကြားခဲ့သည်။

ကမ္ဘာတစ်ဝန်းရှိ မွတ်စလင် ၁ ဒသမ ၅ ဘီလျံသည် အစ္စလာမ္မစ်ပြက္ခဒိန်တွင် အရေးကြီးဆုံးသော နေ့ရက်ဖြစ်သည့် အိဒ်ပွဲတော်ကို ဆင်နွှဲနေချိန်တွင် ယခု မတော်တဆမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ဟာ့ဂ်ျသည် အစ္စလာမ် ၏ မဏ္ဍိုင်ကြီး ငါးရပ်အနက် တစ်ခုဖြစ်ပြီး တတ်စွမ်းနိုင်သော မွတ်စလင်တိုင်းသည် ဘ၀တွင် တစ်ကြိမ်အနည်းဆုံး ဟာ့ဂ်ျပြုရမည်ဖြစ်သည်။

လူစုပြုံတိုးမှုများနှင့် မီးလောင်မှုများကြောင့် ဟာ့ဂ်ျကို ရုပ်ပျက်ဆင်းပျက် ဖြစ်စေခဲ့မှုများ ရှိခဲ့သော်လည်း ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ တိုးတက်မှုများကြောင့် မတော်တဆ ကင်းစင်နေသည်မှာ ဆယ်စုနှစ်တစ်ခုနီးပါး ရှိပြီဖြစ်သည်။ ဟာ့ဂ်ျတွင် နောက်ဆုံး မတော်တဆမှုဖြစ်ပွားခဲ့သည်မှာ ၂၀၀၆ ခုနှစ် ဇန်န၀ါရီလက ဖြစ်သည်။ နတ်ဆိုးကို ကျောက်တုံးဖြင့် နှိမ်နင်းသည့် ဘာသာရေးဓလေ့ထုံးတမ်းကို ဆောင်ရွက်နေစဉ် လူစုပြုံ တိုးမှုကြောင့် ထိုစဉ်က ၀တ်ပြုခရီးသွား ၃၆၄ ဦး သေဆုံးခဲ့သည်။

၁၉၉၀ ပြည့်နှစ်က မီနာတွင် တူးမြောင်းအတွင်း၌ လေ၀င်လေထွက်စနစ် ချွတ်ယွင်းခဲ့ပြီးနောက် လူစုပြုံတိုးဝှေ့မှုဖြစ်ပွားခဲ့ပြီး ၀တ်ပြုခရီးသွား ၁၄၂၆ ဦး သေဆုံးခဲ့သည်။

http://news-eleven.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။