ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်၌ တည်ဆောက်ရန် စီစဉ်နေသည့် ပုဏ္ဏားကျွန်း စက်မှုဇုန်၏ စီမံကိန်း တချို့အား လာမည့် လ အနည်းငယ်တွင် စတင် တည်ဆောက်မည်ဟု မြန်မာ့ ကျောက်ဖြူ အထူးစီးပွားရေးဇုန် ကုမ္ပဏီ ဒု ဥက္ကဋ္ဌ ဦးကျောက်တောင် က ဧရာဝတီသို့ ပြောသည်။
ဦးကျောက်တောင်က“မိုးရာသီကုန်တာနဲ့ စတင်မှာပါ။ အစိုးရနဲ့ MOU ထိုးပြီးပါပြီ။ ပထမဆုံးအနေနဲ့ စက်ရုံ ၄ ရုံ အရင် တည်ဆောက် သွားဖို့ ရှိတယ်”ဟု ပြောပြသည်။
ရခိုင်အခြေစိုက် အများပိုင်ကုမ္ပဏီတခုဖြစ်သည့် မြန်မာ့ ကျောက်ဖြူ အထူးစီးပွားရေးဇုန် ကုမ္ပဏီက ပုဏ္ဏားကျွန်း စက်မှုဇုန် အမှတ် ၂၂ ကို စတင် အကောင်အထည် ဖော်ဆောင်နိုင်ရန် ပြည်နယ်အစိုးရနှင့် သဘောတူညီမှုရပြီး ဖြစ်ကြောင်း၊ စတင်ဆောက်လုပ်မည့် စက်ရုံ ၄ ခုတွင် တယ်လီဖုန်း ဆက်စပ်ပစ္စည်းများ ထုတ်လုပ်သည့် စက်ရုံ၊ အထည်ချုပ် လုပ်ငန်း၊ စားသောက်ကုန် ပစ္စည်း ထုတ် လုပ် သည့် စက်ရုံ၊ လယ်ယာလုပ်ငန်းသုံး ပစ္စည်းများ ထုတ်လုပ်သည့် စက်ရုံနှင့် ဆေးဝါး ထုတ်လုပ်သည့် စက်ရုံစသည်တို့ကို တည် ဆောက်မည်ဟု သိရသည်။
ယင်းစက်ရုံများ တည်ဆောက်ရန် မြေဧက ၁၈၀၀ ၀န်းကျင် လိုအပ်ပြီး၊ လိုအပ်သည့် မြေနေရာများကို လယ်ပိုင်ရှင်များနှင့် ညှိနှိုင်း ၀ယ်ယူရန် ဆောင်ရွက်နေကြောင်း၊ ထိုစက်ရုံ ၄ ခုတည်ဆောက်ပြီးပါက ဒေသခံအလုပ်သမား ၂၀၀၀ ၀န်းကျင်ကို အလုပ်အကိုင်များ ပေးနိုင်မည်ဟု မျှော်လင့်ထားကြောင်း စီးပွားရေး လုပ်ငန်းရှင် ဦးကျောက်တောင်က ပြောသည်။
မြန်မာ့ ကျောက်ဖြူ အထူး စီးပွားရေးဇုန် ကုမ္ပဏီ (Myanmar Kyaukphyu Special Economic Zone Holding Public Co.,Ltd – MKSH)နှင့် ပြည်နယ် အစိုးရအဖွဲ့တို့သည် ပုဏ္ဏားကျွန်း စက်မှုဇုန် တည်ဆောက်ရေး စီမံကိန်း အတွက် နားလည်မှု စာချွန်လွှာကို စက်တင်ဘာလ ၁၆ ရက်က လက်မှတ် ရေးထိုးခဲ့ကြကြောင်း သိရသည်။
MKSH အများပိုင် ကုမ္ပဏီ၌ ရခိုင်ပြည်နယ်၏ ဒေသအသီးသီးမှ ကုမ္ပဏီ ၁၇ ခု ဖြင့် ပါဝင်ဖွဲ့စည်းထားခြင်း ဖြစ်ပြီး စီမံကိန်း လုပ်ငန်းများ စတင်ပါက အစုရှယ်များကို ရောင်းချပေးသွားမည်ဟု ဦးကျောက်တောင်က ဆိုသည်။
ပုဏ္ဏားကျွန်း စက်မှုဇုန်အား လက်တွေ့ အကောင်အထည်ဖော်မှု မရှိသေးသော်လည်း စက်မှုဇုန် တည်ဆောက်ရေး လုပ်ငန်းခွင်မှ အလုပ်သမားများ နေထိုင်မည့် အဆောက်အအုံများ တည်ဆောက်ရန် မြေနေရာများ ၀ယ်ယူနေသည်ကို တွေ့ရကြောင်း ပုဏ္ဏားကျွန်း ဒေသခံလည်းဖြစ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်သူ ဦးအောင်ထွန်းမြက ဧရာဝတီသို့ ပြောသည်။
ဦးအောင်ထွန်းမြက“စက်မှုဇုန် တည်ဆောက်မယ်ဆိုရင် အလုပ်အကိုင် အခွင့်အလမ်းတွေ ရကြမှာဆိုတော့ ဒေသခံ အများစုက လည်း စီမံကိန်းကို လိုလိုလားလား သဘောတူကြပါတယ်။ ကိုယ့်ဒေသမှာ အလုပ်မရှိတဲ့အတွက် အလုပ်ရနိုင်မယ့် နေရာတွေကို ထွက် သွားကြလို့ ရခိုင်ပြည်နယ်က ရွာတွေမှာ လူတွေ အတော်နည်း ကုန်ပါပြီ”ဟုလည်း ဆိုသည်။
စက်မှုဇုန် တည်ဆောက်ပါက အဆင်သင့် ဖြစ်စေရန် စက်မှု သင်တန်းကျောင်းတခု ဖွင့်လှစ်ထားပြီး သင်တန်းများ ပေးနေပြီ ဖြစ်ကြောင်း၊ ထို့ကြောင့် စက်မှုဇုန်ကို အမြန်ဆုံး အကောင်အထည် ဖော်ဆောင်ရန် ဒေသခံများက ဆန္ဒရှိ နေကြကြောင်း၊ စက်မှုဇုန် တည် ဆောက်ရေးအတွက် မိမိတို့ လယ်မြေများကိုပင် အလွယ်တကူ ရောင်းချပေးနေကြကြောင်း ဦးအောင်ထွန်းမြက ဆက်ပြောသည်။
စက်မှုဇုန် တည်ဆောက်ရေးအတွက် လယ်မြေ တဧကလျှင် ကျပ် ၂၅ သိန်းနှုန်း လျော်ကြေးပေးသည့်အခါ ဒေသခံအများစုက ရောင်း ချ ပေးလျက်ရှိကြောင်း၊ တချို့ကမူ ကျပ် သိန်း ၅၀ အထိ တောင်းဆိုနေကြကြောင်းလည်း ဆိုသည်။
ပုဏ္ဏားကျွန်း စက်မှုဇုန်ကြီး တခုလုံးကို အကောင်အထည် ဖော်ဆောင်ပြီးစီးသွားပါက လူ ၁ သိန်းကျော်အတွက် အလုပ်အကိုင်များ ပေးနိုင်မည် ဖြစ်ကြောင်း၊ သို့သော် စက်မှုဇုန်ကြီးတခုလုံး အပြီးအစီး အကောင်အထည် ဖော်ဆောင်ရန် အချိန်ကာလ အများအပြား ယူ ရ ဦးမည် ဖြစ်ကြောင်း ဦးကျောက်တောင်က ပြောသည်။
ရခိုင်ပြည်နယ်၌ ပုဏ္ဏားကျွန်းစက်မှုဇုန်နှင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်တို့အား အကောင်ထည်ဖော် တည်ဆောက်မည်ဟု ဦးသိန်းစိန် အစိုးရ တာဝန်ယူချိန်မှစ၍ ပြောဆိုခဲ့သော်လည်း ယနေ့အထိ လက်တွေ့ အကောင်အထည် ဖော်ဆောင်နိုင်ခြင်း မရှိသေးဟု ဒေသခံများက ပြောဆိုကြသည်။
ထိုစက်မှုဇုန်များ လက်တွေ့ အကောင်အထည်ဖော် တည်ဆောက်ပြီးစီးပါက လူဦးရေ ၃ သိန်းမှ ၅ သိန်းအထိ အလုပ်အကိုင် အခွင့် အလမ်းများ ဖန်တီးပေးနိုင်မည်ဟု သိရသည်။
http://mobile.irrawaddy.org/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။