စက်တင်ဘာ ၂၇ ရက်တွင် နာဆာက ထုတ်ပြန်ခဲ့သည့် ဓာတ်ပုံ၌ အင်္ဂါ ဂြိုဟ်ပေါ်ရှိ တောင်စောင်းများပေါ်တွင် ရေစီးကြောင်း ဖြစ်ပေါ်ခဲ့သည်ဟု ယူဆရသည့် နေရာများကို တွေ့ရစဉ်
အင်္ဂါ ဂြိုဟ်ပေါ်တွင် ရေကို အရည်ပုံသဏ္ဌာန်ဖြင့် လေ့လာ တွေ့ရှိခဲ့ရသောကြောင့် ယင်းတွင် သက်ရှိများ တွေ့ရှိနိုင်ရန် များစွာ ပို၍ နီးစပ်လာပြီဟု အမေရိကန် အာကာသ အေဂျင်စီ နာဆာက စက်တင်ဘာ ၂၈ ရက် တွင် ပြောကြားခဲ့သည်။
“အရင်က ကျွန်တော်တို့ ထင်ထားသလို အင်္ဂါဂြိုဟ်က ခြောက်သွေ့ပြီး ရေမရှိတဲ့ ဂြိုဟ်တစ်ခု မဟုတ်ပါဘူး” ဟု နာဆာ၏ ဂြိုဟ်များဆိုင်ရာ သိပ္ပံညွှန်ကြားရေးမှူး ဂျင်ဂရင်းက သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်၌ ပြောကြားခဲ့ သည်။ “အနေအထား တချို့မှာ ရေကို အရည်ပုံ သဏ္ဌာန်နဲ့ အင်္ဂါဂြိုဟ်ပေါ်မှာ တွေ့ရပါတယ်” ဟု ၎င်းက ဆိုသည်။
ဂြိုဟ်နီကြီးဟု ခေါ်ဆိုသော အင်္ဂါဂြိုဟ်ပေါ်တွင် တစ်ချိန်က သက်ရှိများ ရှိနိုင်သည်ဟု သိပ္ပံပညာရှင်များက တွေး ထင်ထားခဲ့သည်မှာ ကာလ အတန်ကြာခဲ့ပြီ ဖြစ်သည်။ ရေသည် အရည် ပုံသဏ္ဌာန်ဖြင့် အင်္ဂါဂြိုဟ်ပေါ်၌ ရှိနိုင်သောကြောင့် ယခုလက်ရှိမှာပင် သက်ရှိများ ရှိနိုင်သည်ဟု နာဆာအဖွဲ့က ပြောကြားခဲ့သည်။
“ဒါနဲ့ပတ်သက်ပြီး တကယ်ကို စိတ်ဝင်စားဖွယ်ကောင်းတဲ့ အချက်ကတော့ ရှေးဟောင်း အင်္ဂါဂြိုဟ်အပေါ် ကျွန်တော်တို့ရဲ့ အမြင်နဲ့ အင်္ဂါဂြိုဟ်ပေါ်မှာ အစပြုတဲ့ သက်ရှိ ရှိနိုင်ခြေဟာ အင်္ဂါဂြိုဟ်ပေါ်မှာ အတိတ်က သက်ရှိတွေ ရှိနိုင်ခြေနဲ့ ပတ်သက်ပြီး ဓာတု ရုပ်ကြွင်းတွေ ရှာဖွေခြင်းနဲ့ ပတ်သက်သွားတာပါပဲ” ဟု နာဆာအဖွဲ့၏ သိပ္ပံခရီးစဉ် ညွှန်ကြားမှုအဖွဲ့ တွဲဖက်အုပ်ချုပ်ရေးမှူးနှင့် အာကာသယာဉ်မှူး တစ်ဦးဖြစ်ခဲ့သူ ဂျွန်ဂရန်းစဖဲက ပြောကြားခဲ့သည်။
“အင်္ဂါဂြိုဟ်ပေါ်မှာ အရည်ပုံသဏ္ဌာန်နဲ့ ရေရှိမှု (ဆားငန်ရည်တောင်မှ ဖြစ်နိုင်သေး) က အင်္ဂါဂြိုဟ်ပေါ်မှာ သက်ရှိတွေ ရှိခဲ့တယ်ဆိုရင် သူတို့ ဘယ်လို အသက်ရှင်နိုင်သလဲဆိုတာ ရှင်းပြဖို့ နည်းလမ်းတစ်ရပ်ကို ပေးပါ တယ်” ဟုလည်း ဂရန်းစဖဲက ပြောကြားခဲ့သည်။
“စီစဉ်ထားမှု အဆင့်ဆင့်မှာ အင်္ဂါဂြိုဟ်ကို ခရီးစဉ်များစွာ လွှတ်ခဲ့တာနဲ့ ပတ်သက်ပြီး အင်္ဂါဂြိုဟ်ပေါ်မှာ သက်ရှိတွေ ရှိနိုင်သလားဆိုတဲ့ မေးခွန်းကို အခုတော့ ကျွန်တော်တို့ ခိုင်ခိုင်မာမာ ဖြေဆိုနိုင်ပါပြီ” ဟုလည်း ဂရန်းစဖဲက ပြောကြားခဲ့သည်။
အင်္ဂါဂြိုဟ်ပေါ်၌ ရေရှိမှုသည် နာဆာအဖွဲ့က ၂၀၃၀ ပြည့်လွန်နှစ်များအတွင်း ပြုလုပ်ရန် စီစဉ်ထားသည့် လူလိုက်ပါမည့် အင်္ဂါဂြိုဟ် ခရီးစဉ်အတွက်လည်း ပို၍ လွယ်ကူသွားစေသည်။ “အင်္ဂါဂြိုဟ် မျက်နှာပြင်ပေါ်မှာ ရှင်သန်နိုင်ဖို့ အဲဒီမှာ အရင်းအမြစ် တွေရှိပါတယ်” ဟု ဂရန်းစဖဲက ဆိုသည်။ သူက ရေသည် အရေးပါသော်လည်း အပင်များ ကြီးထွားအောင် အသုံးပြုနိုင်သည့် နိုက်ထရိုဂျင်နှင့် ဒုံးပျံလောင်စာ အဖြစ်အသုံးပြုနိုင်သော ဆား အမျိုးအစားများကဲ့သို့ အခြား အဓိက အရာများလည်း အင်္ဂါဂြိုဟ်ပေါ်၌ ရှိရန် လိုအပ်သေးသည်ဟု ၎င်းက ပြောကြားခဲ့သည်။
http://news-eleven.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။