ညိုညို - News

တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီသည် တောင်သူ လယ်သမားများ၏ အခက်ခဲများ၊ ဆင်းရဲမှု လျော့ချရေးနှင့် လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးများကို အဓိကထား ဆောင်ရွက်သွားမည့် မူဝါဒဖြင့် လာမည့် ရွေးကောက်ပွဲတွင် ပါတီအောင်နိုင်ရေးအတွက် စည်းရုံးသွားမည် ဖြစ်ကြောင်း တစညပါတီ ရခိုင်ပြည်နယ် ဥက္ကဋ္ဌ ဦးစောရွှေက ပြောကြားသည်။
" ဦးတို့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက တောင်သူလယ်သမား၊ အလုပ်သမား၊ ဆင်းရဲသား လူတန်းစားတွေကို အခြေခံ တဲ့ပါတီဖြစ်တဲ့ အတွက်ကြောင့် ဒီကနေ့ လယ်သမားတွေ အခက်ခဲဖြစ်နေတဲ့ လယ်သိမ်း၊ ယာသိမ်းတွေကို ဦးတို့ပါတီက ဒီကနေ့အာဏာ မရှိပေမဲ့ မူဘောင်အတွင်းထဲကနေပြီး လယ်သမားတွေရဲ့ ရပိုင်ခွင့် အခွင့်ရေးတွေကို ပြန်ရအောင် လွှတ်တော်တွင်း လွှတ်တော်ပြင်ဘက်တွေကို ဆွေးနွေးပြီးတော့ ဦးတို့လုပ်ပေးတယ်။ ဧက တစ်သောင်း ကျော်လောက် ဦးတို့ပါတီက လုပ်ပေးထားပြီ တပ်ကသိမ်းတာတွေရှိတယ် ၊ ဌါနဆိုင်ရာတွေ သိမ်းတာရှိတယ် ၊ မတော်မတရား သိမ်းသွားတဲ့ကိစ္စတွေနဲ့ပက်သတ်လို့ ဦးတို့ပါတီက ယနေ့အချိန်ထိ လယ်သမား လုပ်တဲ့ကိစ္စနဲ့ ပက်သတ်လို့ လုပ်ရပ်နဲ့ပတ်သက်လို့ အခက်ခဲတွေကို ဦးတို့ပါတီက ဖြေရှင်း ပေးတယ်။ " ဟု တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ပြည်နယ်ဥက္ကဌ ဦးဦးစောရွှေမှဆိုသည်။
“မြန်မာပြည်မှာဆိုရင် အလုပ်ရုံစက်ရုံတို့ပေါတဲ့ လှိုင်သာယာတို့၊ ရွှေပြည်သာတို့ စက်မှုစုံတွေမှာ ဦးတို့ပါတီက အလုပ်သမားများရဲ့ ရပိုင်ခွင့်တွေကို ဦးတို့ကလုပ်ထုံးလုပ်နည်းနဲ့အတူ ရအောင်လို့ဖန်တီးပြီး ဆောင်ရွက် ပေးနေတယ်။ ” ဟု ပါတီဥက္ကဋ္ဌမှ ဆက်လက်ပြောကြားခဲ့သည်။
တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီအနေဖြင့် တိုင်းရင်းသားပြည်သူများ၏ လိုအင်ဆန္ဒများကို ယခုအချိန်မှာ အလေးပေး ဆောင်ရွက်ပေးနေသကဲ့သို့ ရွေးကောက်ပွဲအောင်နိုင်သည်ဖြစ်စေ၊ မအောင်နိုင်သည်ဖြစ်စေ တောင်သူလယ်သမား၊ အလုပ်သမား၊ ဆင်းရဲသားပြည်သူများ၏ အကျိုးကို ဆက်လက်ဆောင်ရွက် ပေးသွားမည်ဟု သိရသည်။
တစညပါတီအနေဖြင့် ကချင်ပြည်နယ်တွင် ၄၆ ဦး၊ ကယားပြည်နယ်တွင် ၂၂ ဦး၊ ကရင်ပြည်နယ်တွင် ၁၇ ဦး၊ ချင်းပြည်နယ်တွင် ၁၁ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၁၀၀ ဦး၊ တနင်္သာရီတိုင်းဒေသကြီးတွင် ၃၃ ဦး၊ ပဲခူးတိုင်းဒေသကြီးတွင် ၉၄ ဦး၊ မကွေတိုင်းဒေသကြီးတွင် ၈၀ ဦး၊ မန္တလေးတိုင်းဒေသကြီးတွင် ၇၇ ဦး၊ မွန်ပြည်နယ်တွင် ၃၁ ဦး၊ ရခိုင်ပြည်နယ်တွင် ၄၄ ဦး၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၈၈ ဦး၊ ရှမ်းပြည်နယ်တွင် ၃၆ ဦးနှင့် ဧရာဝတီတိုင်းဒေသကြီးတွင် ၇၇ ဦး အားလုံးစုစုပေါင်း ၇၂၅ ဦး ၀င်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း စက်တင်ဘာလ ပထမအပတ်က ထုတ်ပြန်ထားသည်။
ရခိုင်တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီ (တစည)ကို ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပြီး ယခု စက်တင်ဘာလ ၁၄ ရက်နေ့တွင် ပါတီသက်တမ်း ၂၇ နှစ်ပြည့်ပြီဖြစ်ကြောင်း၊ ၁၉၉၀ ပြည့်ခုနှစ်တွင် ရွေးကောက်ပွဲဝင်ပြိုင်ခဲ့ပြီး တစ်နိုင်ငံလုံးအနေဖြင့် ကိုယ်စားလှယ် ၁၂ နေရာ ရရှိခဲ့ကြောင်း၊ သို့သော်လည်း နောက်ပိုင်းတွင် တစည ပါတီကို လူထုထောက်ခံမှုလျော့ဆင်းလာကြောင်း၊ ယခု လာမည့်ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်အတွင်း ပြည်နယ်အစိုးရဖွဲ့စည်းနိုင်မှာ မဟုတ်ကြောင်း ဦးဦးစောရွှေက ပြောကြားသည်။
____Arakan Times

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။