နိုင်ငံတကာ ပွဲစဉ်တွေကြောင့် ရပ်နားထားရတဲ့ ဥရောပကလပ်အသင်းပွဲစဉ်တွေ အခုသီတင်းပတ်အကုန်မှာ တစ်ကျော့ပြန်စတင်လာတော့မှာ ဖြစ်ပါတယ်။ ဒီပွဲစဉ်တွေဟာ နွေရာသီဈေးကွက်ပိတ်ရက်အပြီးမှာ ပထမဆုံးပြန်ကစားရတာ ဖြစ်ပြီး အသင်းတွေအားလုံး ကွင်းတွင်း စွမ်းဆောင်ရည်အပေါ် ပုံအောအာရုံစိုက်လာတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။ ဒီတစ်ပတ် ကစားမယ့် ပွဲစဉ်တွေထဲမှာ ဥရောပထိပ်တန်းလိဂ်တွေထဲက အစဉ်အလာပြိုင်ဘက် အသင်းကောင်းတွေ ထိပ်တိုက်တွေ့ဆုံမှုလည်း ပါဝင်နေပါတယ်။
နိုင်ငံတကာပွဲစဉ်တွေရဲ့ ဂယက်ရိုက်ခတ်မှု၊ ဈေးကွက်ကာလမှာ တက်သုတ်ရိုက်လှုပ်ရှားအားဖြည့်ထားမှုတွေဟာ အသင်းတိုင်းအပေါ် ကောင်းကျိုး၊ ဆိုးကျိုး အမျိုးမျိုးနဲ့ သက်ရောက်မှုရှိနေနိုင်တာကြောင့် ဒီသီတင်းပတ်ကစားမယ့် ပွဲစဉ်တွေဟာ ခန့်မှန်းရခက်လွန်းတဲ့ အခြေအနေမျိုးလည်း ဖြစ်နေပြန်ပါတယ်။ ဒီသီတင်းပတ် ယှဉ်ပြိုင်ကစားမယ့် ဥရောပလိဂ်ပွဲစဉ်တွေထဲက ပရိသတ်အကြိုက်တွေ့လောက်မယ့် ပွဲကောင်းလေးပွဲကို ကောက်နုတ်ဖော်ပြလိုက်ရပါတယ်။
အဲဗာတန် - ချယ်လ်ဆီး
ဈေးကွက်ကာလအတွင်းမှာ ခါးသီးတဲ့ ဆက်ဆံရေးမျိုးတွေ ပေါ်ပေါက်ခဲ့တဲ့ နှစ်သင်းရဲ့ထိပ်တိုက်တွေ့ဆုံမှုဖြစ်ပါတယ်။ ချယ်လ်ဆီးဟာ အဲဗာတန်လူငယ်ခံစစ်မှူး ဂျွန်စတုန်းကို ခေါ်ယူဖို့ အလေးအနက်ကြိုးစားခဲ့ပေမယ့်လည်း စတာလင်ပေါင် သန်း ၃၀ ကျော်ထိ ဈေးပေးခဲ့တဲ့ သူတို့ရဲ့ ချဉ်းကပ်မှုကို မာဆေးဆိုက်ကလပ်ဘက်က ငြင်းဆန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေမှာ ချယ်လ်ဆီးရဲ့ ကစားသမားတချို့ကိုအဲဗာတန်ဆီ ရောင်းထုတ်ပေးခဲ့ပေမယ့် စတုန်းကိစ္စမှာ အဲဗာတန်ရဲ့ ခေါင်းမာမှုကတော့ ချယ်လ်ဆီးမန်နေဂျာ ဟိုဆေးမော်ရင်ဟိုကို စိတ်ပျက်စေခဲ့ပါတယ်။ ဒါ့အပြင် ယိုယွင်းမှုတွေ ပေါ်ပေါက်နေတဲ့ ခံစစ်ကို စတုန်းနဲ့အားဖြည့်ဖို့ ရည်ရွယ်ထားတဲ့ မော်ရင်ဟိုရဲ့ ဈေးကွက်လှုပ်ရှားမှု စီမံကိန်းပါ ပျက်သွားခဲ့တယ်။ အခုတော့ဒီနှစ်သင်းထိပ်တိုက်
ဆုံလာပါပြီ။
အဲဗာတန်က အိမ်ကွင်းအားသာချက်ရှိနေတဲ့အပြင် လက်ရွေးစင်အသင်းနဲ့အတူ ကြားရက်မှာပွဲကစားထားရတဲ့ ကစားသမား အရေအတွက် ပိုနည်းတာကြောင့် ချယ်လ်ဆီးနဲ့ယှဉ်ရင် လန်းဆန်းနေပါတယ်။လက်ရှိ ချန်ပီယံ ချယ်လ်ဆီးကတော့ ဒီရာသီမှာ အံ့ဩစရာကောင်းလောက်အောင် ခံစစ်ပိုင်းယိုပေါက်တွေ ကြုံနေရပြီး လေးပွဲကစားရာမှာ နှစ် ပွဲထိ ရှုံးထားပြီး ၄ မှတ်ပဲ ရထားပါတယ်။ အဲဗာတန်ကလည်း ၅ မှတ်သာ ရထားတာကြောင့် ဒီနှစ်သင်း လက်ရှိစွမ်းဆောင်ရည်ပိုင်းက အကွာကြီးမဟုတ်ပါဘူး။
အဲဗာတန်ဟာ နောက်ဆုံးပွဲစဉ်မှာ မန်ချက်စတာစီးတီးကို ရှုံးနိမ့်ထားပေမယ့် တိုက်စစ်ပိုင်းက ရိုမီလူလူကာကူနဲ့ အရူနာ ကိုနေးတို့ ခြေစွမ်းပြနေပါတယ်။ ချယ်လ်ဆီးမှာ လူသစ်တောင်ပံတိုက်စစ်သမား ပက်ဒရိုရိုဒရီဂွတ်ဇ် အထိုင်ကျပြီး အသင်းကို ပံ့ပိုးနိုင်ပေမယ့် အီဒင်ဟာဇက်ကတော့ အရင်နှစ်ခြေကို မမီသေးပါဘူး။ ဒီယေဂိုကော်စတာကလည်း လက်ရွေးစင်အသင်းမှာ ဂိုးပေါက်ပျောက်နေတဲ့ ဖိအားကြောင့် ရိုက်ခတ်မှုတွေရှိနေနိုင်တယ်။ ပြီးတော့ အားထားရတဲ့ ညာနောက်ခံလူဘရာနီဆလက်ဗ်အိုင်ဗန်နိုဗစ်ရဲ့ စွမ်းဆောင်ရည်ပိုင်းက ဒီရာသီမှာ သိသိသာသာကျဆင်းသွားတာကလည်း ချယ်လ်ဆီးအတွက် ပြဿနာကြီး တစ်ခုပါပဲ။ ဒါ့အပြင် ဂိုးသမား သီဘောက်ကော်တွိုက်စ်ကလည်း ဒူးဒဏ်ရာကြောင့် ဒီပွဲနဲ့ လွဲချော်မှာ ဖြစ်တဲ့အတွက် ချန်ပီယံတို့ အဘက်ဘက်က အထိနာနေပါတယ်။ အဲဗာတန်ရဲ့ လက်ရှိ ခြေစွမ်းကလည်း အညံ့စားမဟုတ်တဲ့အတွက် အဝေးကွင်းမှာ ချယ်လ်ဆီးတို့ ရုန်းကန်ရမယ့် အခြေအနေမျိုးပါပဲ။
မန်ချက်စတာယူနိုက်တက် - လီဗာပူး
အင်္ဂလန်ဘောလုံးလောကရဲ့ အစဉ်အလာအကြီးဆုံးနှစ်သင်းတွေ့ဆုံတဲ့ ပွဲစဉ်ပါ။ နှစ်သင်းစလုံး နောက်ဆုံးပွဲစဉ်မှာ ရှုံးထားပြီး ၇ မှတ်စီ တူတူညီညီရရှိထားပါတယ်။ ရှုံးထားတာချင်းတူတူ ဒီပွဲမှာ အနိုင်ရဖို့ ဖိအားကတော့အိမ်ရှင်မန်ချက်စတာယူနိုက်တက်အပေါ် ပိုပြီးပြင်းပြင်းထန်ထန်သက်ရောက်နေပါတယ်။ ဈေးကွက်ထဲမှာ ယူနိုက်တက်ရဲ့နှောင့်နှေးမှုတွေကြောင့် ကစားသမားသစ်တွေ ခေါ်ယူနိုင်မှု အားနည်းခဲ့တဲ့အပေါ် ပရိသတ်တွေရဲ့ အလိုမကျမှုက ဒီပွဲမှာ လီဗာပူးကို သရေကျခဲ့ရင်တောင် ရင်မအေးရမယ့် အနေအထားဆီ ဦးတည်နေစေပါတယ်။ ယူနိုက်တက်မန်နေဂျာ လူးဝစ်ဗန်ဂါးလ်ကတော့ သူ့အသင်းဟာ ဒီရာသီချန်ပီယံဖြစ်ဖို့မလွယ်ကြောင်းဝန်ခံထားပေမယ့်စနေညပွဲစဉ်မှာတော့ လီဗာပူးကို သေချာပေါက်အနိုင်ယူမယ်လို့ အာမခံထားပါတယ်။
လီဗာပူးကွင်းလယ်လူ လူးကက်စ်လီဗာကတော့ဖိအားတွေကို မေ့ထားပြီး ယူနိုက်တက်နဲ့ပွဲကို တခြားပွဲစဉ်တွေလိုပဲ သဘောထားပြီးချဉ်းကပ်သွားမယ်လို့ဆိုပါတယ်။ လက်ရှိမှာတော့နှစ်သင်းစလုံးက တိုက်စစ်ပိုင်းမှာတော်တော်လေး အားနည်းနေဆဲပါ။ ကွင်းလယ်ဟန်ချက်ပိုင်းမှာတော့ ဗန်ဂါးလ်တည်ဆောက်ထားတဲ့ယူနိုက်တက် ပိုတည်ငြိမ်သလိုခံစစ်လည်း ပိုကောင်းပါတယ်။ လီဗာပူးက အစောပိုင်း သုံးပွဲဆက် ဂိုးမပေးခဲ့ရပေမယ့်အိမ်ကွင်းမှာ ဝက်စ်ဟမ်းယူနိုက်တက်ကို အရေးနိမ့်ခဲ့ရာမှာတော့ ခံစစ်သမားတွေရဲ့ အားနည်းချက်တွေတော်တော်လေး ထင်ထင်ရှားရှားထွက်ပေါ်လာခဲ့တယ်။
ဒီပွဲမှာ နောက်ထပ်စိတ်ဝင်စားစရာတစ်ချက်က ယူနိုက်တက်က အသစ်ခေါ်ယူထားတဲ့ တိုက်စစ်မှူးလေး အန်သိုနီမာရှယ်ပါပဲ။ ဆယ်ကျော်သက်တစ်ဦးအတွက်ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးမျိုးနဲ့ မိုနာကိုကနေရောက်ရှိလာတဲ့ ပြင်သစ်သားလေးကို ပွဲချိန်အစိတ်အပိုင်းတစ်ခုလောက်တော့ ဗန်ဂါးလ်ထုတ်သုံးလာဖွယ်ရှိနေပါတယ်။သီအာရီအွန်နရီ လက်သစ်လို့ သတင်းကြီးနေတဲ့မာရှယ်ရဲ့ ခြေစွမ်းကို အိုးလ်ထရက်ဖို့ဒ်ပရိသတ်က မြည်းစမ်းကြည့်ဖို့ စိတ်ဝင်စားနေကြမှာ အသေအချာပါပဲ။ ပြီးခဲ့တဲ့ ရာသီမှာတော့ ယူနိုက်တက်က လီဗာပူးကို အိမ်ကွင်းမှာ ၃-၀ ဂိုးနဲ့ ပြတ်ပြတ်သားသား အနိုင်ရခဲ့ဖူးပါတယ်။ ဒီပွဲမှာလည်း ယူနိုက်တက်ပဲအနိုင်ရဖို့ ဖြစ်နိုင်ခြေပိုများပေမယ့် နှစ်သင်းစလုံးရဲ့ တိုက်စစ်ပိုင်းကြောင့်ဂိုးနည်းတဲ့ ပွဲစဉ်တစ်ခုဖြစ်လာပါလိမ့်မယ်။
http://www.7daydaily.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။