ကမ္ဘာတွင် မြန်မာ့ စစ်အင်အား အဆင့် (၄၄)ချိတ်


တပ်မတော်နေ့အခမ်းအနားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ချီတက်အလေးပြုနေသော စစ်ယာဉ်တစ်စီးကို တွေ့ရစဉ်/AFP

ကမ္ဘာတစ်ဝန်း နိုင်ငံများ၏စစ်အင်အားများကို နှိုင်းယှဉ်ဖော်ပြသော စာရင်းတွင် မြန်မာ့တပ်မတော်သည် အဆင့်(၄၄)၌ ရပ်တည်နေသည်။ နိုင်ငံပေါင်း ၁၂၆ နိုင်ငံ၏စစ်တပ် များအပေါ် သုတေသန ပြုထား သည့် Global Fire Power (GFP) ၏စစ်တမ်းကို ၂၀၁၅ စက်တင်ဘာ၁၅ ရက်၌ ထုတ်ပြန်သည်။ ဂျီ အက်ဖ်ပီသည် အမေရိကန်အစိုးရ ၏ဗဟိုထောက်လှမ်းရေးအေဂျင်စီ (စီအိုင်အေ)၏သတင်းအချက်အလက်များ၊ သတင်းမီဒီယာများ၌ ဖော်ပြသော နောက်ဆုံးရသတင်းများ အပါအဝင် သတင်းရင်းမြစ်များအပေါ် အခြေခံ၍ ကမ္ဘာ့စစ် တပ်အင်အားများကို ခွဲခြမ်းစိတ် ဖြာလေ့လာမှုအပေါ် အခြေခံသောအချက်အလက်များအား ပြုစုပေးနေသည့် အဖွဲ့တစ်ဖွဲ့ဖြစ်သည်။


ကမ္ဘာ့စစ်အင်အားညွှန်းကိန်းတွင် အမေရိကန်က ထိပ်ဆုံး၌ ရပ်တည်နေပြီး ဆိုမာလီယာက အောက်ဆုံး၌ ရှိနေသည်။ ဆင်းရဲ သောဖွံ့ဖြိုးဆဲ မြန်မာနိုင်ငံက စစ် အင်အား ကမ္ဘာ့အဆင့်(၄၄)ရှိနေ ချိန်တွင် ချမ်းသာကြွယ်ဝသော နယူးဇီလန်နိုင်ငံ၏စစ်အင်အားက ကမ္ဘာ့အဆင့်(၈၀)၌ ရှိနေသည်။ နယူးဇီလန်သည် ကမ္ဘာပေါ်တွင် အစိုးရပွင့်လင်းမြင်သာမှုအရှိဆုံး နှင့် လာဘ်ပေးလာဘ်ယူခြစားမှုအကင်းစင်ဆုံး ကမ္ဘာ့နံပါတ်(၁)နိုင်ငံ ဖြစ်သည်။

 အိမ်နီးချင်း နိုင်ငံများကို ကြည့်ပါက ဘင်္ဂလားဒေ့ရှ်၏ စစ် အင်အားမှာ ကမ္ဘာ့အဆင့်(၅၃)ဖြစ် သည်။ အမေရိကန်နှင့် ရုရှားပြီး လျှင် ကမ္ဘာ့စစ်အင်အားအကြီးဆုံး နိုင်ငံများအဖြစ် အဆင့်(၃)နှင့်(၄) အသီးသီး ချိတ်ဆွဲထားသော တ ရုတ်နှင့် အိန္ဒိယတို့မှာလည်း မြန်မာ၏ အိမ်နီးချင်းနိုင်ငံများ ဖြစ်ကြသည်။ ထိုင်းစစ်တပ်မှာ အဆင့် (၂၀)တွင် ရှိပြီး လာအို၏စစ်အင် အားမှာမူ ကမ္ဘာ့အဆင့်(၁၁၇) ၌ ရှိနေသည်။

အဆိုပါစစ်အင်အား သတ်မှတ်ချက်မှာ နိုင်ငံအသီးသီး၏တပ်မတော်များ၏ စစ်လက်နက်စွမ်းရည်အပေါ် အခြေခံ တွက်ချက်ထားခြင်းဖြစ်သည်။

အနောက်အင်အားကြီးနိုင်ငံ များ၏လက်နက်ရောင်းဝယ်မှု ပိတ်ဆို့ခံထားရသော မြန်မာစစ်တပ်ကို ဆယ်စုနှစ်များစွာတိုင်ပင် တရုတ် က ထောက်ပံ့ဖြည့်တင်းမှု လုပ်နေ ခဲ့ကြောင်း စစ်တမ်းများက ဖော်ပြ သည်။ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး နှင့်ပတ်သက်၍ လွတ်လပ်၍ အမှီ အခိုကင်းသော ရင်းမြစ်ဖြစ်သည့် စတော့ခ်ဟုမ်းအပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးသုတေသနအင်စတီ ကျု့ဒ် (SIPRI) ၏ စစ်တမ်းအရ ကမ္ဘာ့အဓိက လက်နက်တင်ပို့ ရောင်းချသူ ငါးနိုင်ငံမှာ အမေရိ ကန်၊ ရုရှား၊ ဂျာမနီနှင့်ပြင်သစ်တို့ ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ လက်နက်တင်ပို့ရောင်းချသူများ အနက် ကမ္ဘာ့တတိယနေရာချိတ် နေသော တရုတ်တွင် မြန်မာ၊ ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ်ဆိုသည့် အဓိက ဖောက်သည်သုံးဦး ရှိသည့်အနက် ၂၀၁၀-၂၀၁၄ ကာလအတွင်း တရုတ်ရောင်းသမျှ လက်နက်များထဲမှ ၁၂ ရာခိုင်နှုန်း ကို မြန်မာက ဝယ်ယူခဲ့ကြောင်း SIPRI စစ်တမ်းတွင် တွေ့ရသည်။

ယခင်စစ်အစိုးရ (နအဖ)လက်ထက် ၂၀၁၀ မတ်လ ၁၁ ရက်စွဲ ရာထူးခန့်ကြေညာချက်အရ မြန်မာနိုင်ငံ၏ စစ်လက်နက်ပစ္စည်း ဝယ်ယူရေးအကြီးအကဲမှာ ယခု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ (ဒု ဗိုလ်ချုပ်ကြီးဟောင်း)ဦးတင်အေးဖြစ်ကြောင်း အိုင်စီဂျီတွင် ဖော်ပြထားသည်။

လက်ရှိအစိုးရ လက်နက်ပြု ပြင်ပြောင်းလဲမှု စတင်ပြီးနောက် ၂၀၁၂ တွင် ဥရောပသမဂ္ဂက မြန်မာအပေါ် ချမှတ်ထားခဲ့သောပိတ် ဆို့မှုများကို ဖြေလျှော့လိုက်သော် လည်း မြန်မာသို့ လက်နက်ရောင်း ချမှုကိုမူ အီးယူက ပိတ်ပင်ထားဆဲ ဖြစ်သည်။

မြန်မာနိုင်ငံသည် တရုတ်နိုင် ငံထုတ် လေယာဉ်များအသုံးပြုမှု တွင် NAMC A -5C တိုက်လေ ယာဉ် ၄၈ စီး၊ Chengdu F-7M လေကြောင်းစောင့်ကြပ်ရေးတိုက် လေယာဉ် ၅၂ စီးနှင့် Y-8 အလတ်စားပို့ဆောင်ရေးလေယာဉ်လေးစီး ဝယ်ယူထားသည်ဟု ယုံကြည်ရ ကြောင်း ဒီပလိုမတ်သတင်းက ဇွန်လ ၁၅ ရက် တွင် ဖော်ပြခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံမှ ဝယ်ယူထားသော ဖရီးဂိတ်စစ်ရေယာဉ် များရှိသကဲ့သို့ ပြည်တွင်းမှာပင် တပ်ဆင်တည်ဆောက်သော ဖရီးဂိတ်ရေယာဉ်များ ခြောက်စီးခန့် ရှိသည်ဟု သတင်းရရှိသည်။ ကြည်း၊ ရေ၊ လေစစ်သုံးယာဉ်များအတွက် လိုအပ်သော လက်နက်များ၊ အာရုံခံစနစ်များအစရှိသည် တို့ကို အနောက်နိုင်ငံတို့မှ အရေးယူပိတ်ဆို့မှုကြောင့် တိုက်ရိုက်မ ဝယ်ယူနိုင်သည့်အခါ တစ်ဆင့်ကြားခံဝယ်ယူခဲ့သည်။ ကမ္ဘာ့လက်နက်ရွှေ့ပြောင်းပို့ဆောင်မှုအချက်အလက်စာရင်း (ATD)အရ ၂၀၀၀-၂၀၁၂ ကာလအတွင်း ရုရှားနိုင်ငံမှ အသုံးပြုပြီး တစ်ပတ်ရစ် တိုက်ခိုက်ရေး ရဟတ်ယာဉ်များ၊ လေ ယာဉ်များအစရှိသည်တို့ကို မြန်မာ က ဝယ်ယူခဲ့သည်ဟု ဆိုသည်။ ထို့အတူ သံချပ်ကာ တင့်ကား တစ်ပတ်ရစ်များကိုလည်း ၂၀၁၁ တွင် ဝယ်ယူခဲ့ပြီး ရောင်းချသူမှာ အစ္စရေးဖြစ်နိုင်ကြောင်း ATD က ဖော်ပြထားသည်။

လွန်ခဲ့သည့် ၁၀ နှစ်က ထုတ် ပြန်ခဲ့သော အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး၏ အစီရင်ခံစာ၌ အစ္စရေးသည် မြန် မာသို့ လက်နက်များ တင်ပို့နေ ကြောင်း ပါရှိခဲ့သည်။ အစ္စရေး သည် air-to-air မစ်ဆိုင်းများ လည်း မြန်မာကို ရောင်းချခဲ့ဖူးပြီး ၁၉၉၀ နောက်ပိုင်း နှစ်များတွင် Soltam လုပ် 155 mm cannons လည်း မြန်မာက ဝယ်ယူခဲ့ကြောင်း ဖော်ပြခဲ့သည်။ ၂၀၁၅ စက်တင် ဘာ ၉ ရက်က နေပြည်တော်တွင် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင် ကိုးဦးနှင့် သမ္မတ၊ တပ်ချုပ်တို့ ထိပ်သီးများတွေ့ဆုံ ရန် စီစဉ်ခဲ့ပြီးနောက်တွင် တပ်ချုပ် မှာ အစ္စရေးနိုင်ငံခရီးစဉ်ထွက်ခွာ နေ၍ တွေ့ဆုံမှုမရှိခဲ့ပေ။ ၎င်း၏ လေးရက်ကြာခရီးစဉ်မှာ တရားဝင် ခရီးစဉ်ဖြစ်သော်လည်း အစ္စရေး ကာကွယ်ရေးဝန်ကြီးရုံးဘက်ကမူ မြန်မာစစ်တပ်အကြီးအကဲ၏ခရီး စဉ်ကို ကြေညာမှု မပြုခဲ့ကြောင်း အစ္စရေးသတင်းဌာနများက ဖော် ပြသည်။

၂၀၁၅ ဇူလိုင် ၉ ရက်တွင် မြန်မာနိုင်ငံသည် ပါကစ္စတန် JF- 17 Thunder တိုက်လေယာဉ် ၁၆ စီးကို ပထမဆုံး အကြိမ်အဖြစ် ဝယ်ယူမည်ဖြစ်ကြောင်း ပါကစ္စတန်ဘက်က သတင်းများဖော်ပြ သည်။ လေယာဉ်များမှာ တစ်စီးလျှင် ကန်ဒေါ်လာ သန်း ၂၀ မှ ၂၅ သန်းကြား တန်ဖိုးရှိသည်ဟု ဆို သည်။

လေတပ်တွင် လေယာဉ်အစီး၅၀၀ မရှိသေးဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စက်တင်ဘာ ၂၂ ရက်၌ သတင်းထောက်များ အား ပြောခဲ့သည်။ ဂျီအက်ဖ်ပီ၏ခန့်မှန်းတွက်ချက်မှုတွင်မူ မြန်မာစစ်တပ်၌ လေယာဉ်အစီးပေါင်း ၂၃၅ စီးရှိသည်ဟုဆိုသည်။ ယင်းအနက် Fixed-Wing တိုက်ခိုက်ရေးလေယာဉ် ၇၇ စီး၊ သယ်ယူပို့ဆောင်ရေးလေယာဉ် ၁၀၁ စီး၊ လေ့ကျင့်ရေးလေယာဉ် ၄၄ စီး၊ ၈၇ စီး စသည်ဖြင့် ပါဝင်သည်ဟု ဖော်ပြထားသည်။ နိုင်ငံတွင် အသုံးပြုနိုင်သော လေယာဉ်ကွင်းပေါင်း ၆၄ ခု ရှိနေပြီး ယင်းအနက် ၃၀ ကျော်သည် စစ်ဘက်လေယာဉ်ကွင်းများဖြစ် သည်။

ခေတ်မီတပ်မတော်ဖြစ်ရေး ကြိုးပမ်းနေကြောင်း မကြာခဏထုတ်ဖော်ပြောကြားထားသော တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် အိန္ဒိယနှင့် အစ္စရေးတို့သို့ သွားရောက်ရာ၌ စစ်လက်နက်ပစ္စည်း များ၊ ယာဉ်များ၊ နည်းပညာများကို လေ့လာခဲ့သည်။ ပြည်ပမှ နည်းပညာ မြင့်မားသည့် ကင်းလှည့်ရေယာဉ်လေးစီး ဝယ်ယူခဲ့ပြီးရန် ကြိုးစားခဲ့၍ မကြာမီရောက်ရှိလာတော့မည်ဟု သတင်းထောက်များနှင့် တွေ့ဆုံရာ၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ထုတ်ဖော်ပြောကြားခဲ့သည်။ ၎င်းသည် မြန်မာရေတပ်က မှာယူထားသော Super Dvora 3 ကင်းလှည့်ရေယာဉ်ကို အစ္စရေး ခရီးစဉ်အတွင်း စမ်းသပ်စီးနင်းခဲ့သည်။ ထို့အပြင် ရေငုပ်သင်္ဘောလိုချင်သည့်အတွက် ကြိုးစားနေကြောင်း၊ နောက် သုံး၊ လေးနှစ်ခန့်ဆိုလျှင် မြန်မာနိုင်ငံတွင် ရေငုပ်သင်္ဘောများ မြင်ရမည်ဟုထင်ကြောင်း သတင်းထောက်များအား  ဖြေကြားခဲ့သည်။ လေတပ် အတွက်လည်း ထပ်မံဖြည့်တင်းနိုင်ရန် ကြိုးစားနေပြီး တိုက်လေယာဉ်သာမက ကင်းထောက်လေယာဉ်များ၊ ဗုံးကြဲလေယာဉ်များ၊ ပို့ဆောင်ရေးလေယာဉ်များ လိုအပ်နေသေးသည်ဟု တပ်ချုပ်က ဆိုသည်။

‘‘တစ်နှစ်လောက်ဆို တခြား လေယာဉ်ပျံ အသစ်တွေ မြင်ရ ကောင်းမြင်ရနိုင်ပါတယ်လို့ ကျွန် တော်ပြောပါတယ်။ လွှတ်တော်က အချိန်မီပေးနိုင် ပြုနိုင်မယ်ဆိုရင်တော့ ကျွန်တော်တို့ ဝယ်နိုင်မှာ ပေါ့။ နောက်ဆုံးတော့ ပြည်သူက ပဲ ဒီဟာတွေကို ဝန်ထုပ်ဝန်ပိုးဖြစ် လာမယ့်အနေအထားရှိပါတယ်။ ဒါကြောင့် ဒါတွေလည်း ချိန်ဆပြီး လုပ်နေတယ်ဆိုတာလေးပဲ ကျွန် တော်ဖြေလိုပါတယ်’’ဟု ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က ပြော သည်။

စစ်ဘက်သုံးလေယာဉ်တန် ဖိုးမှာ မြင့်မားပြီး လေယာဉ်တစ်စီး လျှင် အမေရိကန်ဒေါ်လာသန်း၂၀ နှင့် ဝယ်ယူနိုင်ရန် အတော်ခက် ခဲသည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စက်တင်ဘာ ၂၂ ရက်၌ ပြောသည်။ ထို့အပြင် လေယာဉ်ဝယ်လျှင် လေ့ကျင့်ရခြင်း၊မြေပြင်လေယာဉ်ကွင်း၊ လိုအပ် သည့် ပစ္စည်းအထောက်အပံ့ဖြည့် ဆည်းရခြင်း၊ ပြုပြင်မွမ်းမံခြင်းတို့ ဖြင့် ကုန်ကျစရိတ်များကြောင်းလည်း ၎င်းက ဆက်လက် ပြောသည်။  စတော့ဟုမ်း အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးသုတေသန အင်စတီကျု့ဒ်၏ စစ်တမ်းအရ မြန်မာစစ်တပ်၏ စစ်အသုံးစရိတ် သည် ၁၉၈၈ က တိုင်းပြည်ဂျီဒီပီ၏ ၂ ဒသမ ၁ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၁၄ တွင် ဂျီဒီပီ၏ ၄ ဒသမ ၃ ရာခိုင်နှုန်းအထိ ရှိလာသည်ဟုဆိုသည်။

 ကမ္ဘာ့ဘဏ် စာရင်းအရ မြန်မာနိုင်ငံ၏ပြည်သူ့ကျန်းမာရေး  အသုံးစရိတ်သည် ဂျီဒီပီ၏ ၀ ဒသမ၅ ရာခိုင်နှုန်းသာရှိသည်။ ပညာရေးဝန်ကြီးဌာနအနေဖြင့် ယခုဘဏ္ဍာ နှစ်တွင် ယခင်ကထက် ဘတ်ဂျတ် အများအပြားတိုးမြှင့်ရရှိလာသည့် တိုင် ကာကွယ်ရေးဘတ်ဂျက်၏ ထက်ဝက်မျှပင် မရှိသေးချေ။

နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် ကမ္ဘာ့စစ်အင်အား နံပါတ်(၁) အဆင့်ရှိသော အမေရိကန် ပြည် ထောင်စု၏စစ်အသုံးစရိတ်သည် ၁၉၈၈ က ၎င်းတို့ဂျီဒီပီ၏ ၅ ဒသမ ၇ ရာခိုင်နှုန်းသုံးစွဲခဲ့ရာမှ ၂၀၁၄ တွင် ၃ ဒသမ ၅ ရာခိုင်နှုန်း သုံးစွဲ သည်။

အရှေ့တောင်အာရှ ဒေသ တွင်းနိုင်ငံများတွင် အင်ဒိုနီးရှား နိုင်ငံသည် ဥရောပတိုက်နီးပါးမျှ ကြီးမားကျယ်ပြန့်သောနယ်မြေရှိ ၍ ပြည်တွင်းလုံခြုံရေး၊ ရဲလုပ်ငန်း၊ သဘာဝ ဘေးအန္တရာယ် ကယ် ဆယ်ရေး အစရှိသည့်လုပ်ငန်းများအတွက် ရဟတ်ယာဉ်များ၊ ကင်း လှည့်သင်္ဘောများနှင့် အခြားလက် နက်များလိုအပ်သည့်တိုင် ၁၉၈၈ က ဂျီဒီပီ၏ ၁ ဒသမ ၅ ရာခိုင်နှုန်း ကို စစ်အသုံးစရိတ်အဖြစ် သုံးစွဲခဲ့ရာ မှ ၂၀၁၄ အရောက်တွင် ၀ ဒသမ ၈ ရာခိုင်နှုန်း သုံးစွဲတော့သည်။

နိုင်ငံတကာ ငွေကြေးရန်ပုံ ငွေအဖွဲ့(IMF)၏ ကမ္ဘာ့စီးပွားရေးအမြင် ရှုထောင့်အဆိုအရ ၂၀၁၄ ဘဏ္ဍာနှစ်တွင် အစိုးရအသုံးစရိတ် အနက် ၁၃ ရာခိုင်နှုန်းကို မြန်မာ့ တပ်မတော်အတွက် သုံးစွဲခဲ့ပြီး အမေရိကန်ပြည်ထောင်စု အစိုးရအသုံးစရိတ်၏ ၉ ဒသမ ၅ ရာခိုင်နှုန်းကို စစ်တပ်အတွက် သုံးစွဲခဲ့ ကာ အင်ဒိုနီးရှားစစ်တပ်က ဘတ်ဂျက်၏ ၄ ဒသမ ၁ ရာခိုင်နှုန်းသုံးစွဲ ခဲ့သည်။

ငြိမ်းချမ်းရေးနှင့်လူမှုတရား မျှတရေးအင်စတီကျု့ဒ်(IPSJ)၊ စွမ်းဆောင်ရည်တိုးတက်ရေးဗဟို ဌာန(CDC) နှင့် RenaissanceInstitute(RI) တို့ ပူးပေါင်းလေ့လာသုံးသပ်ခဲ့သော ဘတ်ဂျက်စောင့် ကြည့်ရေးအစီရင်ခံစာအရ သမ္မတဦးသိန်းစိန်အစိုးရလက်ထက် မြန် မာနိုင်ငံ၏ကာကွယ်ရေးအသုံးစ ရိတ်မှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် တွင် ကျပ် ၁,၁၈၂ ဘီလီယံရှိခဲ့ ရာမှ နှစ်အလိုက်တိုးမြှင့်လာကာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် နှစ်ဆကျော်တိုးကာ ကျပ်ဘီလီယံ ၂,၇၅၀ ရှိလာသည်ဟု ဆိုသည်။ ထိုအသုံးစရိတ်များမှာ  လစာများ၊ စစ်ဆင်ရေး ကုန်ကျစရိတ်များ၊ စစ်တပ်ဆိုင်ရာ လိုအပ်သော အ ထောက်အပံ့များ တည်ဆောက် ခြင်းနှင့်ပြုပြင်မွမ်းမံခြင်းများ၊ စစ် အရာရှိများကို ပညာရေးနှင့်လေ့ ကျင့်ရေးပေးခြင်း စသည်တို့အ တွက် အသုံးချမည်ဟု ကာကွယ် ရေး ဝန်ကြီးက လွှတ်တော်သို့ ပြောကြားခဲ့သည်။ တပ်မတော်၌ စစ်သည်အင်အား လေး သိန်းကျော်ရှိသည်ဟု GFP က ဆိုသည်။

စူပါပါဝါ အင်အားကြီးနိုင်ငံ အချင်းချင်းကြား အာဏာချိန်ခွင် လျှာညှိခြင်း၊ သမိုင်းအဆက်ဆက် စစ်အင်အားပြိုင်ဆိုင်ခြင်း၊ အိမ်နီး ချင်းနိုင်ငံများအကြား တင်းမာမှု အကြောင်းအမျိုးမျိုးတို့ကို အခြေ ခံကာ ကမ္ဘာ့နိုင်ငံအချို့သည် စစ် အင်အားဖြည့်တင်းမှုပြုလုပ်လျက် ရှိကြသည်။ ဥပမာအားဖြင့် အိန္ဒိယ-ပါကစ္စတန်၊ တောင်တရုတ်ပင် လယ်အငြင်းပွားနိုင်ငံများ၊ ထိုင်း- ကမ္ဘောဒီးယား၊ ကိုရီးယားကျွန်းဆွယ် အစရှိသည့်နိုင်ငံများအကြား ပဋိပက္ခများနှင့် တင်းမာမှုများကို အကြောင်းပြ၍ဖြစ်သည်။

ဒုတိယ ကမ္ဘာစစ်အတွေ့အ ကြုံအရသော်လည်းကောင်း၊ စူပါပါဝါတရုတ်နှင့် အိန္ဒိယကြားတွင် တည်ရှိနေခြင်းကြောင့်လည်း ကောင်း မဟာမိတ်တည်ဆောက် ခြင်းနှင့် သံတမန် ဆက်ဆံရေး ကောင်းမွန်ခြင်းကသာ အခရာကျ ကြောင်း လေ့လာစောင့်ကြည်သူ များက အကြံပြုလာကြသည်။ မြန် မာအနေဖြင့် ခေတ်မီတပ်မတော် ဖြစ်လာအောင် ဆောင်ရွက်ခြင်း အပြင် ကမ္ဘာ့စူပါ ပါဝါအင်အားကြီးနိုင်ငံများနှင့် မဟာမိတ် တည် ဆောက်ထားနိုင်ရန် ပိုလိုအပ်သည် ဟုဆိုကြသည်။

၁၉၄၈ လွတ်လပ်ရေးရချိန်မှစ၍ နောက်ပိုင်း ကာလတစ် လျှောက် နယ်စပ်ဒေသတွင် တရုတ်ဖြူကူမင်တန်သို့ ကျူးကျော်ရန် တိုက်ပွဲဆင်နွှဲ ကာကွယ်ခဲ့ရ သည့်အချိန်မှအပ ယခုအချိန်ထိ မည်သည့် ပြည်ပနိုင်ငံနှင့် တိုက် ခိုက်ရမှုကိုမျှ မြန်မာနိုင်ငံ အနေ ဖြင့် မကြုံရပေ။ ကာကွယ်ရေးဗျူဟာကို ကြည့်မည်ဆိုလျှင် နှစ်(၇၀)ပြည့် တပ်မတော်နေ့အခမ်းအနား တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ‘‘တို့နိုင်ငံရဲ့ နိုင်ငံတော် ကာကွယ်ရေးမဟာဗျူဟာကို ပြည်သူ့စစ်မဟာဗျူဟာအဖြစ် သတ်မှတ်ပြဋ္ဌာန်းထားပြီးဖြစ်တယ်’’ဟု ပြောကြားခဲ့မှုရှိသည်။ ဤအတောအတွင်း နှစ်ပေါင်း ၇၀ ခန့်ကာလ တစ်လျှောက် တပ်မတော်နှင့် အဓိကတိုက်ပွဲဖြစ်ပွားနေသူများ မှာ ပြည်တွင်းရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့်သာ ဖြစ်လေသည်။

ယခုအချိန်တွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူ စာချုပ်(NCA)ကို တပ်မတော်က လက်မှတ်ရေးထိုးရန် အဆင်သင့် ရှိကြောင်း တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြား ထားသည်။


ဘင်္ဂလားပင်လယ်အော်တွင် တပ်မတော်(ရေ)နှင့် (လေ)တို့ ပူးတွဲစစ်ရေး လေ့ကျင့်နေစဉ်/Myanmar NAVY FB

နိုင်ငံတကာအကျပ်အတည်းဆိုင်ရာ အဖွဲ့အစည်းကြီး(ICG)ကမူ လက်ရှိရေးဆွဲထားသော NCA မှာ ပြည့်စုံကောင်းမွန်သော စာချုပ် မဟုတ်သကဲ့သို့ ခိုင်မာသော သဘောတူညီချက်လည်း မဟုတ်ကြောင်း  သုံးသပ်ထားသည်။ တပ်ဖွဲ့အင်အားခွဲခြင်း၊ နယ်မြေသတ်မှတ်ခြင်း၊ စိစစ်ခြင်း အစရှိသည့်စစ်တပ်ဆိုင်ရာ ကိစ္စရပ်များတွင် မသေချာလှသလို စာချုပ်၌ ပါ လည်း မပါဝင်ကြောင်း ကမ္ဘာတစ်ဝန်း ပဋိပက္ခများ တားဆီးဖြေရှင်း ရန် ကြိုးစားနေသော အဖွဲ့ဖြစ် သည့် အိုင်စီဂျီက ထောက်ပြ သည်။ သို့သော် အဆိုပါစာချုပ် လက်မှတ် မရေးထိုးနိုင်လျှင် နောက်အစိုးရလက်ထက်၌ အသစ်က ပြန်စရနိုင်ကာ နှစ် ၆၀အတွင်း ငြိမ်းချမ်းရေးအတွက် အကောင်းဆုံး အခွင့်အလမ်းကို ဆုံးရှုံးနိုင်သော အန္တရာယ်ရှိကြောင်းလည်း ဖော်ပြသည်။  ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်ကလည်း နှစ်ဖက်အနေဖြင့် ပေးအပ်ထားသည့် ကတိကဝတ်များကို တည်အောင် ဆောင်ရွက်နိုင်ရန်လိုအပ်ပြီး တပ်မတော် အနေဖြင့် ပြောကြားထားသည့် အတိုင်း လုပ်မည်ဟု ပြီးခဲ့သည့်တစ်ပတ်က သတင်းထောက်များ နှင့် တွေ့ဆုံစဉ် ကတိပေးခဲ့သည်။ တပ်မတော်အနေဖြင့် NCA လက်မှတ်ရေးထိုးရန် အဆင်သင့်ရှိနေသည်ဟု ဆိုထားသည်။

တစ်ဖက်တွင်လည်း ၂၀၁၅- ၂၀၁၆ ဘဏ္ဍာနှစ် အစိုးရအသုံး စရိတ်လိုငွေမှာ ကျပ်ငွေ ၃,၆၀၀ဘီလီယံကျော်ရှိသည်။ ကမ္ဘာ့ ဘဏ်၏စာရင်းအရ မြန်မာနိုင်ငံ၏ ပြည်ပကြွေးမြီမှာ ကန်ဒေါ်လာ ၇ ဘီလီယံကျော် ရှိသည်။

တစ်ချိန်တည်းမှာပင် စစ်တပ်၏ လက်တွေ့အသုံးစရိတ်သည် လွှတ်တော်တွင် တင်ပြသည့်ဘတ်ဂျက်ထက် ပိုများပြီး စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့ထံမှလည်း သုံးစွဲလျက်ရှိကြောင်း စစ်ရေးလေ့လာသူ ဦးမောင်မောင်စိုးက ဆိုလေသည်။

http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။