စက်တင်ဘာ ၈ ရက်က SNLD ကျားခေါင်းပါတီဝင်များ ပင်လုံမြို့ရှိ ပြည်ထောင်စုကျောက်တိုင်ကွင်းသို့ ချီတက်လာသည်ကို တွေ့ရစဉ်
အင်အားကြီးပါတီများက လာရောက်ပူးပေါင်းလာခြင်း မရှိသဖြင့် မိမိတို့၏မူအတိုင်း ရှေ့ဆက်သွားမည်ဟု ကျားခေါင်းပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ပြောကြားသည်။
ပြည်နယ်များတွင် ပြောနေကြသည့် တိုင်းရင်းသားပါတီများကို မဲပေးလည်း အစိုးရမဖြစ်နိုင်၊ ရှမ်းတိုင်းရင်းသားများအတွက် မဲပေးမည့်သူများသည် ရှမ်းပြည်နယ်တစ်ဝိုက်က လူများပင်ဖြစ်ပြီး ကျန်တိုင်းရင်းသားများက မပေးကြသဖြင့် ထိုသို့ ကိုယ့်လူမျိုးစုတစ်စုစီ မဲနည်းနည်းစီကို ခွဲပေးနေ၍ အဆင်မပြေနိုင်သဖြင့် အင်အားကြီးပါတီများကိုသာ မဲများပုံပေးကြရန် ပြောဆိုနေကြခြင်းကို ကျားခေါင်းပါတီဥက္ကဋ္ဌက ပြန်လည်ဖြေရှင်းချက်ပေးခြင်း ဖြစ်သည်။
“အင်အားကြီးတဲ့သူတွေကလည်း သူတို့အင်အားနဲ့သူတို့ နိုင်မယ်ထင်ပြီးတော့ မပေါင်းဘူးလေ။ ပေါင်းတယ်ဆိုတာက ကျွန်တော်တို့လည်း တန်းတူရည်တူဆိုမှ ပေါင်းချင်တာလေ။ နောက်လိုက်ဆိုပြီးတော့ ပေါင်းခိုင်းရင်တော့ ဘယ်ပေါင်းမလဲ။ ကျွန်တော်တို့ကတော့ မပေါင်းဘူး။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ ရပ်တည်မယ်။ ဒါ ကျွန်တော်တို့မူအတိုင်းပဲ ရှေ့ဆက်သွားမှာပဲ” ဟု ကျားခေါင်းပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ပြောကြားသည်။
ကျားခေါင်းပါတီအနေဖြင့် ရှမ်းပြည်နယ်တွင် နိုင်ရန်မျှော်လင့်ထားကြောင်း၊ လွတ်လပ်တရားမျှတသော ရွေးကောက်ပွဲဖြစ်လာခဲ့လျှင် ကျားခေါင်းပါတီက နေရာအားလုံးကို ၀င်ပြိုင်ရန် ပြင်ဆင်ထားမှုကြောင့် ရှမ်းပြည်ရှိ ပြည်သူလူထုအပေါ် မူတည်ကြောင်းနှင့် ရာခိုင်နှုန်း ၆၀ ယုံကြည်မျှော်လင့်ထားကြောင်း ဦးခွန်ထွန်းဦးက ပြောကြားသည်။
ထို့ပြင် ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်းတို့တွင် တိုက်ပွဲများဖြစ်ပွားနေခြင်းကိုလည်း ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ယုံကြည်မှု တည်ဆောက်နေချိန်၊ ကြိုးစားနေချိန်တွင် ထိုသို့ ဖြစ်ပွားနေခြင်းက သံသယဖြစ်စေနိုင်ကြောင်း၊ ငြိမ်းချမ်းရေး၊ အားလုံးပါဝင်လာရေးအတွက် စနိုးစနောင့်ဖြစ်စေနိုင်ကြောင်း ဦးခွန်ထွန်းဦးက ပြောကြားသည်။
လာမည့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲများ ထိခိုက်နိုင်မလား၊ သက်ဆိုင်ရာ နယ်မြေများကိုလည်း နယ်မြေအနက်အဖြစ် သတ်မှတ်မလား၊ တစ်ခုခုလုပ်မလားဟု စိုးရိမ်မိကြောင်းလည်း ၎င်းက ပြောကြားသည်။
“Free and Fair ဖြစ်မယ်လို့တော့ ပြောနေတာပဲ။ ဒါပေမဲ့ အရေးကြီးတာက ပါမယ့် နိုင်ငံခြားဧည့်သည်တွေကိုလည်း စိစစ်နေတယ်လို့တော့ ပြောနေတာပဲ။ လွတ်လပ်ပြီး မျှတမှုရှိခဲ့မယ်ဆိုရင်တော့ ကျွန်တော်တို့က အားလုံးကို ၀င်ထားတယ်။ ပြည်သူလူထုအပေါ်မှာလည်း မူတည်တဲ့အတွက် ကျွန်တော်တို့ပါတီကို အားပေးဖို့ ပြောချင်ပါတယ်” ဟု ၎င်းက ပြောကြားသည်။
ထိုသို့ တိုက်ပွဲများဖြစ်နေခြင်းသည် တစ်ခုသော အတိုင်းအတာအထိ ဆိုးကျိုးဖြစ်စေနိုင်ပြီး ပျက်ပြားစေသည်အထိ မလုပ်နိုင်၊ မဖြစ်ပွားနိုင်ကြောင်း ဦးခွန်ထွန်းဦးက သုံးသပ်ပြသည်။
Writer:
စည်သာ (တောင်ကြီး)
http://news-eleven.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။