ရဲတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့သည့် နေရာအား တွေ့ရစဉ်
သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာတွင် တည်းခိုခန်းအတွင်းရှိသည့် တရားခံပြေးအား ရဲတပ်ဖွဲ့ဝင်များက ၀င်ရောက်ဖမ်းဆီးရာ၌ ၎င်းတရားခံပြေးက ဓားဖြင့်ပြန်လည် တိုက်ခိုက်သောကြောင့် ရဲတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးမှု စက်တင်ဘာ ၂ ရက်က ဖြစ်ပွားခဲ့ကြောင်း သန်လျင်မြို့မ ရဲစခန်းမှ သိရသည်။
ဓားထိုးခံရမှုကြောင့် သေဆုံးသွားသော ရဲတပ်ဖွဲ့ဝင်နှစ်ဦးမှာ သန်လျင်မြို့မ ရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသော ရဲအုပ် အောင်နိုင် ၄၅ နှစ်နှင့် ရဲတပ်ကြပ် သူရလွင် ၃၆ နှစ်တို့ဖြစ်ပြီး နှစ်ဦးစလုံးသည် အိမ်ထောင်ရှင်များဖြစ်ကာ သားသမီးများ ကျန်ရစ်ခဲ့ကြောင်း သိရသည်။
ရဲအုပ် အောင်နိုင်သည် လည်ပင်းတွင် ထိုးသွင်းဒဏ်ရာ၊ ရဲတပ်ကြပ် သူရလွင်သည် ယာဘက်ရင်အုံတွင် ထိုးသွင်းဒဏ်ရာ နှစ်ချက် ရရှိခဲ့ကြောင်း သိရပြီး တရားခံပြေး တင်မြင့်အား ဖမ်းဆီရမိခဲ့ကြောင်း သန်လျင်မြို့မ ရဲစခန်းမှူး ဒုရဲမှူးတင်ထွန်းက ပြောကြားသည်။
ဖြစ်စဉ်မှာ သန်လျင်မြို့မ ရဲစခန်းမှ ရဲအုပ်အောင်နိုင် ဦးဆောင်သော ရဲတပ်ဖွဲ့ ရှစ်ဦးခန့်သည် ဘုရားကုန်းကျေးရွာရှိ သဘာဝအလှ တည်းခိုခန်း၊ အခန်းအမှတ် (၁၀၁) တွင် ရှိနေသော တရားခံပြေး တင်မြင့် ၄၇ နှစ်အား ယင်းနေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ၀င်ရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။
တရားခံပြေး တင်မြင့်သည် တည်းခိုခန်းအတွင်း အမည်မသိ အမျိုးသမီးတစ်ဦးနှင့်အတူ ရှိနေစဉ် ရဲတပ်ဖွဲ့ဝင်များက သတင်းအရ ၀င်ရောက်ဖမ်းဆီးခြင်း ဖြစ်သည်။
ယင်းသို့ ဖမ်းဆီးစဉ် တရားခံပြေး တင်မြင့် ရှိနေသည့် အခန်းကို တည်းခိုခန်းမှ ၀န်ထမ်းတစ်ဦးအား သွားခေါက်စေခဲ့ပြီး တင်မြင့်ထွက်အလာကို စောင့်ဖမ်းစဉ် အဆိုပါ တရားခံပြေးမှ အသင့်ယူဆောင်လာသော ဓားဦးချွန် အသွား ၉ လက်မခန့်ရှိ ဓားနှစ်ချောင်းဖြင့် ရဲတပ်ဖွဲ့ဝင်နှစ်ဦးအား ထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“တည်းခိုခန်းက ၉ နာရီလောက်မှာ ဖွင့်တယ်။ အဲဒီလူက ၉ နာရီ ၄၅ မိနစ်လောက်မှာ ရောက်လာတာ။ သူနဲ့ ရှေ့ဆင့်နောက်ဆင့်မှာပဲ ၃၀ ကျော် မိန်းမတစ်ဦး ရောက်လာပြီး အဲဒီလူနဲ့ အတူတူ အခန်းယူပြီး နေတာ။ ရဲတွေက ၁၁ နာရီလောက်မှာ ရောက်လာတာပါ။ ယူနီဖောင်းနဲ့ သုံးဦးလောက်ပါပြီး ကျန်တာတွေက အရပ်ဝတ်နဲ့ ငါးဦးနဲ့ပါ။ ကျွန်မကို သူတို့တည်းတဲ့ အခန်းကို တံခါးခေါက်ခိုင်းတယ်။ တံခါးခေါက်တဲ့ အချိန်မှာ ရဲတွေက အပြင်မှာ အပေါက်ဝကနေ စောင့်နေတာ။ အဲဒီလူ တံခါးလည်းဖွင့်ရော ရဲတွေက တစ်ယောက်ချင်း ၀င်လုံးတာ။ ကျွန်မလည်း ကြောက်ကြောက်နဲ့ ထွက်ပြေးရော။ အထဲမှာ သူတို့ လုံးထွေးပြီး အပြင်ထွက်လာတော့ ရဲတစ်ယောက်က လည်ပင်းမှာ ဒဏ်ရာနဲ့ ထွက်လာတယ်။ အပြင်ရောက်မှ နောက်တစ်ယောက်ကို သူ ဓားနဲ့ထပ်ထိုးတာ” ဟု ယင်းတည်းခိုခန်းမှ ၀န်ထမ်းတစ်ဦးက ပြောကြားသည်။
ယင်းနောက် တရားခံပြေးသည့် ရဲတပ်ဖွဲ့ဝင်များ ၀ိုင်ဝန်းဖမ်းဆီးနေသည့်ကြားမှ တည်းခိုခန်းအနီးရှိ သစ်ပင်ချုံနွယ်များပေါက်နေသော တောအုပ်အတွင်းသို့ ထွက်ပြေးသွားခဲ့ကြောင်း၊ ၎င်း၏နောက်မှ ရဲတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးနေစဉ် တရားခံပြေးက ကုန်းသီးဖြင့် ပြန်လည်ပစ်ခတ်ခဲ့သေးကြောင်း ဆက်လက်သိရှိရသည်။
“ကျွန်တော်တို့ လိုက်ဖမ်းနေတုန်းမှာပဲ သူက ကုန်းသီးနဲ့ ပစ်တယ်။ မျက်လုံးမှန်မှာကိုပဲ စိုးရိမ်တာ။ ကျွန်တော်ဆိုရင် လည်ပင်း၊ လက်နဲ့ ခါးမှာ အပစ်ခံရတယ်” ဟု တရားခံပြေးအား ဖမ်းဆီးရာတွင် ပါဝင်ခဲ့သော ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
ယင်းနောက် တင်မြင့်အား ဘုရားကုန်းကျေးရွာ၊ ဂျမားလမ်းအတွင်း ဖမ်းဆီးရမိခဲ့ပြီး လက်တလောတွင် သာကေတ မြို့မရဲစခန်းတွင် ချုပ်ထားပြီး (ပ)၅၆၃/၂၀၁၅၊ ပုဒ်မ-၃၀၂ ဖြင့် သန်လျင်မြို့မ ရဲစခန်းတွင် အမှုဖွင့်လှစ်ထားကြောင်း သိရသည်။
တင်မြင့်သည် ၂၀၁၄ ခုနှစ်အတွင်းက ကျူးလွန်ခဲ့သော ပြစ်မှုနှင့် ထွက်ပြေးတိမ်းရှောင်နေသူဖြစ်ပြီး တရားခံပြေးအဖြစ် ပုဒ်မ-၃၂၆ ဖြင့် အမှုဖွင့်လှစ်ခံထားရသူဖြစ်ကြောင်း သန်လျင်မြို့မရဲစခန်းမှ သိရသည်။
အလားတူ ရဲတပ်ဖွဲ့ဝင်တစ်ဦး အသတ်ခံရသည့် ဖြစ်စဉ်တစ်ခုမှာ ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့ မှုခင်းနှိမ်နင်းရေးဌာနမှ နယ်ထိန်းဖြစ်သော ရဲတပ်ကြပ် ချစ်ကိုကိုမောင်သည် ဇူလိုင် ၂၆ ရက် ညနေ ၅ နာရီခွဲက အင်းစိန်မြို့နယ် ကမ်းနားလမ်း အနောက်ရပ်ကွက်၊ အောင်ဇေယျအိမ်ရာလမ်းရှိ လမင်းရိပ်အမည်ရှိ လက်ဖက်ရည်ဆိုင်ရှေ့တွင် ဆယ်အိမ်မှူးတစ်ဦးနှင့် စကားပြောနေစဉ်၊ ရွာမအနောက်ရပ်ကွက်နေ သက်ခိုင် (ခ) တက်ပုဆိုသူ ၂၀ နှစ်ဆိုသူမှ ဓားရှည်အား ကိုင်ဆောင်၍ လည်းကောင်း၊ ရွာမအလယ်ရပ်ကွက်နေ ချစ်ကို ၂၇ နှစ်သည် စကေဘာအား ကိုင်ဆောင်၍ လည်းကောင်း ရောက်ရှိလာပြီး ရဲတပ်ကြပ်အား ဓားဖြင့်ခုတ်၊ စကေဘာဖြင့်ထိုးမှု ဖြစ်ပွားခဲ့ပြီး စုစုပေါင်း ဓားခုတ်ဒဏ်ရာနှင့် ထိုးသွင်းဒဏ်ရာ ၁၅ ချက်ရရှိကာ အခင်းဖြစ်ပွားရာ နေရာတွင် သေဆုံးမှု ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

http://news-eleven.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။