ရခိုင့်မျိုးဆက်သစ်နိုင်ငံရေးအင်အားစုမှ နောက်ထပ်နိုင်ငံရေးမျိုးဆက်သစ်များကို မွေးထုတ်ပေးသွားမည်ဟု တစ်နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ်နေ့တွင် ပြောကြား

စံမောင်သန်း
စစ်တွေ၊ စက်တင်ဘာ ၁၈

ရခိုင့်နိုင်ငံရေးမျိုးဆက်သစ် အင်အားစုအနေဖြင့် နောက်ထပ်နိုင်ငံရေး မျိုးဆက်သစ်များကို မွေးထုတ်ပေးသွားမည်ဟု ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် ကျရောက်သော တစ်နှစ်ပြည့်နှစ်ပတ်လည်အထိမ်းအမှတ်နေ့တွင် ဗဟိုဦးဆောင်ကော်မတီဝင်တစ်ဦးလည်းဖြစ် ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးလည်းဖြစ်သူ ကိုနိုင်စိုးက နိရဉ္စရာသတင်းဌာနသို့ပြောသည်။

“ကျွန်တော်တို့ ရခိုင့်မျိုးဆက်သစ်နိုင်ငံရေးအင်အားစု အနေနဲ့ ရခိုင်ပြည်မှာ နောက်ထပ်နိုင်ငံရေးမျိုးဆက်သစ်တွေကို မွေးထုတ်ပြီး၊ အရည်အချင်းရှိတဲ့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့လူငယ်တွေကို မြှင့်တင်ပေးပြီးတော့ အဲ့ဒီအထဲကပဲ အရည်အချင်းရှိတဲ့ လူငယ်တွေကို သင့်တော်တဲ့ပါတီတွေကို ပို့ဆောင်ပေးပြီးတော့ နိုင်ငံရေးအခန်းကဏ္ဍ လုပ်ဆောင်သွားမယ်လို့ ရည်ရွယ်ချက်ရှိပါတယ်”ဟု ကိုနိုင်စိုးကပြောသည်။

ရခိုင့်နိုင်ငံရေးမျိုးဆက်သစ် နိုင်ငံရေးအင်အားစုအနေဖြင့် မိမိတို့ချမှတ်ခဲ့သည့်ရည်ရွယ်ချက်များကို တစ်နှစ်တာအတွင်း အကောင်အထည်ဖေါ်ဆောင်ရာတွင် အပြည့်အ၀ အားရမှုမရှိသော်လည်း မူဘောင်ထဲက လုပ်ခွင့်ရသည်များကို အများကြီးလုပ်နိုင်ခဲ့သည်ဟု သုံးသိပ်မိသည်ဟု သူကပြောသည်။

ရခိုင်မျိုးဆက်သစ်နိုင်ငံရေး အင်အားစုအနေဖြင့် ရခိုင်အမျိုးသားပါတီ၏ လုပ်ငန်းများဖြစ်သော ရခိုင်အမျိုးသားပါတီညီလာခံတွင် ပါဝင်ဆောင်ရွက်ခြင်း၊ အမတ်လောင်းများရွေးချယ်ရာတွင် မဲရေတွက်ခြင်းများကို ပါဝင်လုပ်ဆောင်ခဲ့သည်သာမက ရခိုင်အမျိုးသားပါတီ အောင်နိုင်ရေး လုပ်ငန်းများတွင်လည်း ပါဝင်လုပ်ဆောင်သွားမည်ဟု သိရသည်။

ရခိုင်ရေဘေးကိစ္စတွင် ရခိုင်အမျိုးသားပါတီ၊ ၈၈ ရခိုင်မျိုးဆက်များလူမှုဖွံ့ဖြိုးရေးအအဖွဲ့တို့နှင့် ကယ်ဆယ်ရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ခဲ့သည့်အပြင် အခြားရခိုင်လူငယ်များနှင့်လက်တွဲကာ ပရဟိတလူငယ်အဖွဲ့ဖွဲ့၍ ရခိုင်ရေဘေးကယ်ဆယ်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ပြီး ရှေ့ဆက်လက်ပြီး ရခိုင်ရေဘေးသင့်ဒေသများတွင် ပညာရေးအထောက်အကူပြု ပစ္စည်းများကို ပံ့ပိုးပေးသွားမည်ဟု သိရသည်။

ရခိုင့်မျိုးဆက်သစ်နိုင်ငံရေးအင်အားစုအနေဖြင့် တစ်နှစ်ပြည့်အခမ်းအနားတစ်ခုကို ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဂြစ်ဘက်ဘုန်းတော်ကြီးကျောင်းတွင် စက်တင်ဘာလ ၁၈ ရက်နေ့ နေ့လည်ပိုင်းက ပြုလုပ်ခဲ့ရာ ရခိုင့်ဝါရင့်နိုင်ငံရေးသမားများ၊ ရခိုင်အမျိုးသားပါတီမှ ခေါင်းဆောင်များ၊ ၈၈ ရခိုမျိုးဆက်များလူမှုဖွံ့ဖြိုးရေးအဖွဲ့မှ ခေါင်းဆောင်တစ်ချို့နှင့် အခြားလူမှုအဖွဲ့အစည်းများမှ ခေါင်းဆောင်များလည်း တက်ရောက်ခဲ့ကြသည်။

“သမိုင်းမပါတဲ့ နိုင်ငံရေးဟာ အမြုံဖြစ်ပြီးတော့၊ နိုင်ငံရေးမပါတဲ့ သမိုင်းဟာလည်း အခြေအမြစ်မရှိဘူး။ သမိုင်းကြောင်းကို နားလည်ရမယ်။ သမိုင်းနဲ့ နိုင်ငံရေးထပ်တူကျနေရမယ်လို့ ပညာရှင်တွေက ဆိုပါတယ်”ဟု ယခင်ရခိုင်ပြည်ကွန်မြူနစ်ပါတီခေါင်းဆောင်နှင့် ၀ါရင့်နိုင်ငံရေးသမားတစ်ဦးဖြစ်သူ ဦးခိုင်စိုးက အခမ်းအနားတွင် ပြောကြားခဲ့သည်။

ပညာရှင်များက နိုင်ငံရေးတွင်ဖြစ်စေ၊ လူမှုရေးတွင်ဖြစ်စေ လုပ်ငန်းလုပ်ဆောင်ရာတွင် Institution ဖြစ်နေဖို့ လိုအပ်သည်ဟု ပြောဆိုကြသော်လည်း ရခိုင့်နိုင်ငံရေးပါတီနှင့် လူမှုအဖွဲ့အစည်းများတွင် Institution အဖြစ်မလုပ်နိုင်ကြသေးကြောင်း၊ လုပ်နိုင်အောင်ကြိုးစားရမည်ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီမှ ဒုဥက္ကဋ္ဌ ဦးခိုင်ပြည်စိုးက အခမ်းအနားတွင် ပြောကြားခဲ့သည်။

“ရခိုင့်မျိုးဆက်သစ် နိုင်ငံရေးအင်အားစုကို ရခိုင်တစ်ပြည်နယ်လုံး အတိုင်းအတာနဲ့ ဖွဲ့စည်းထားနိုင်တဲ့အတွက် ဂုဏ်ယူမိပါတယ်။ ယခင်လူကြီးတွေ မလုပ်နိုင်ခဲ့တဲ့ဟာတွေကို လုပ်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ၈၈ ရခိုင်မျိုးဆက်များရခိုင်လူမှုဖွံ့ဖြိုးရေးအဖွဲ့အနေနဲ့လည်း ညီအကိုလို လက်တွဲပြီးတော့ အရာအရာတိုင်းကို ပူးပေါင်းဆောင်ရွက်သွားပါမယ်”ဟု ရသေ့တောင်မြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသန်းနိုင်က ပြောကြားခဲ့သည်။

အခမ်းအနားကို မွန်းလွဲ ၁ နာရီ ခွဲခန့်တွင်စတင်ပြီး ၃ နာရီ ခွဲကျော်တွင် ပြီးဆုံးခဲ့သည်။

ရခိုင့်မျိုးဆက်သစ်နိုင်ငံရေး အင်အားစုကို နိုင်ငံရေးလုပ်ခဲ့ပြီး ၂၀၁၀ နောက်ပိုင်းတွင် ပြည်တွင်းသို့ ၀င်လာသူများနှင့် နိုင်ငံရေးကို စိတ်ဝင်စားသည့် ရခိုင်လူငယ်များဖြင့် ဖွဲ့စည်းထားသည်ဟု သိရသည်။

____Narinjara
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။