ကျွမ်းကျင်လုပ်သားရှားပါးမှုပြဿနာကြုံနေသော သီလဝါအထူးစီးပွားရေးဇုန်



စက်တင်ဘာ၂၃ရက်က သီလ၀ါအထူးစီးပွားရေးဇုန် ပထမအဆင့်ဖွင့်လှစ်နေစဉ် (ဓာတ်ပုံ−ပြည်သိမ်း)
ရင်းနှီးမြှုပ်နှံမှုများဖိတ် ခေါ်ပြီး   အလုပ်အ ကိုင်အခွင့်အလမ်း များဖန်တီးပေးနိုင်ရန် အမေရိကန် ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ ရင်းနှီးမြှုပ်နှံထားသော သီလဝါ အထူးစီးပွားရေးဇုန်ပထမအဆင့် ကို စက်တင်ဘာ ၂၃ ရက်၌စတင်ဖွင့်လှစ်ခဲ့သည်။

ကျောက်တန်းမြို့နယ်တွင် တည်ရှိသည့် မြန်မာနိုင်ငံ၌ ပထမဆုံးဖွင့်လှစ်နိုင်ခဲ့သော သီလဝါအထူးစီးပွားရေးဇုန်သည် မြန်မာနှင့်ဂျပန်နှစ်နိုင်ငံကြား ချစ် ကြည်ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ် ကြောင်း နိုင်ငံတော်ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက ဖွင့်ပွဲတွင်ပြော ကြားခဲ့သည်။

သီလဝါအထူးစီးပွားရေးဇုန် ပထမအဆင့်အကောင်အထည် ဖော်ပြီးပါက လူနှစ်သိန်းခန့် အလုပ်အကိုင်အခွင့်အလမ်း  ဖန် တီးပေးနိုင်မည်ဟု မြန်မာသီလဝါ အထူးစီးပွားရေးဇုန်ဟိုးလ်ဒင်း အများပိုင်ကုမ္ပဏီလီမိတက်မှ ဦးဆောင်နေသူများက မကြာ ခဏပြောကြားသည်။

အထူးစီးပွားရေးဇုန်များ အကောင်အထည်ဖော်သည့်နိုင်ငံ သည် လာရောက်ရင်းနှီးမြှုပ်နှံသူ များအား အခွန်ကင်းလွတ်ခွင့်၊ အခြေခံအဆောက်အအုံများဖြစ် သောလမ်း၊ ရေ၊ လျှပ်စစ်မီး စသည်တို့ကို အပြည့်အဝဆောင် ရွက်ပေးရသည်။ အထူးစီးပွားရေး ဇုန်များအကောင်အထည်ဖော် သည့် နိုင်ငံများမှ အဓိကရရှိသည့် အခွင့်အရေးမှာ နည်းပညာနှင့် လူ အများအလုပ်အကိုင်ရရှိခြင်းပင်ဖြစ်သည်။

လက်ရှိမြန်မာနိုင်ငံတွင် ကျွမ်းကျင်ဝန်ထမ်းများမွေးထုတ် ပြီး အသိအမှတ်ပြုလက်မှတ် (Certificate)ထုတ်ပေးသည့် သင်တန်းအချို့ရှိသော်လည်း ကျွမ်းကျင်ဝန်ထမ်းမွေးထုတ်ပေး နိုင်မှုမှာ များစွာနည်းနေသည်။ နိုဝင်ဘာတွင်ကျင်းပသော ရွေး ကောက်ပွဲကို လွတ်လပ်ပွင့်လင်း ပြီး တရားမျှတစွာပြီးဆုံးပါက နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများ စွာဝင်ရောက်လာချိန်တွင် ကျွမ်း ကျင်ဝန်ထမ်းရှားပါးမှုသည် ပြဿနာတစ်ခုဖြစ်လာနိုင် ကြောင်း မြန်မာနိုင်ငံတောင်သူ လယ်သမား၊ စိုက်ပျိုးရေးနှင့် စားသောက်ကုန်ထုတ်လုပ်ငန်း ပေါင်းစုံ အလုပ်သမားသမဂ္ဂအဖွဲ့ ချုပ် (MFFM-IUF)အထွေထွေ အတွင်းရေးမှူးဦးဇာနည်သွေးက မှတ်ချက်ပြုသည်။

‘‘အနည်းဆုံးလုပ်ခလစာ သတ်မှတ်ပြီးရင်တော့ ကျွမ်းကျင် လက်မှတ်ထုတ်ပေးဖို့အတွက် ဝန်ကြီးဌာနကဆက်လုပ်သွား မယ်’’ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီးဒေါ်ဝင်းမော် ထွန်းကပြောကြားထားသည်။

ကျွမ်းကျင်လုပ်သားမွေး ထုတ်မှုသည် မြန်မာနိုင်ငံအတွက် အဓိကလိုအပ်ချက်တစ်ခုဖြစ်လာ ပြီး အစိုးရကလည်း ကျွမ်းကျင် လုပ်သားမွေးထုတ်မှုကို ယခုနှစ် ပိုင်းတွင် ကြိုးစားလာသည်။ ကျွမ်းကျင်လက်မှတ် ထုတ်ပေးသောသင်တန်းအချို့ကို ဖွင့်လှစ်လာသော်လည်း အလုပ်သမား မွေးထုတ်နိုင်မှုမှာ ဆယ်ဂဏန်း၊ ရာဂဏန်းမျှသာရှိနေသည်။ မြန်မာနိုင်ငံကဲ့သို့ နိုင်ငံတစ်ခုတွင် ကျွမ်းကျင်လုပ်သားမွေး ထုတ်မှုသည် တစ်နှစ်လျှင်လူဦးရေ ငါးသောင်းခန့်လိုအပ်နေ ကြောင်း ဦးဇာနည်သွေးကပြော သည်။

‘‘လတ်တလောအနေနဲ့ ဆီဒိုးနားဘေးက ဗီယက်နမ်စီမံ ကိန်းကြီးက သက်သေပဲ။ ကျွမ်း ကျင်အလုပ်သမားမရှိတဲ့ အခက် အခဲကြောင့် မြန်မာတွေအလုပ် မရတာပါ’’ဟု ဦးဇာနည်သွေးက ရှင်းပြသည်။

မြန်မာနိုင်ငံသို့ ဝင်ရောက် သောနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တွင် ပြည်တွင်းမှအလုပ်သမား များ လုပ်ငန်းခွင်၌ မည်မျှခန့်အပ်ရမည်ကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေတွင် အတိအလင်း ပြဋ္ဌာန်းထားသည်။ နိုင်ငံခြားကုမ္ပဏီများသည် အလုပ်သမားများခန့်အပ်ရာတွင်ကျွမ်းကျင်မှုဆိုင်ရာ အလုပ်သမားများ၊ အတတ်ပညာရှင်များနှင့် ဝန်ထမ်းများခန့်ထားရာ၌ ပထမ ၂ နှစ်တွင်နိုင်ငံ သားအနည်းဆုံး ၂၅ ရာခိုင်နှုန်း၊ ဒုတိယ၂နှစ်တွင်နိုင်ငံသား ၅၀ရာခိုင်နှုန်း၊ တတိယ၂ နှစ်တွင် အနည်းဆုံး ၇၅ ရာခိုင်နှုန်းခန့်အပ် ရမည်ဟုဖော်ပြထားသည်။ ထို့ အပြင် နိုင်ငံခြားသားဝန်ထမ်းများ နည်းတူ နိုင်ငံသားဝန်ထမ်းများကိုလည်း လုပ်ခအဆင့်ခွဲခြားမှုမရှိ စေရန် အခွင့်အရေးစီမံဆောင်ရွက်ပေးရမည်ဟု အတိအလင်းဖော်ပြထားသည်။

ထိုကဲ့သို့ပင် အထူးစီးပွား ရေးဇုန် ဥပဒေတွင်လည်း လုပ် ငန်းစတင်သည့်နှစ်မှ ပထမ၂ နှစ် အတွင်း၌ နိုင်ငံသားအနည်းဆုံး ၂၅ ရာခိုင်နှုန်း၊ ဒုတိယ ၂နှစ် အတွင်း၌ အနည်းဆုံး ၅၀ ရာခိုင်နှုန်းနှင့် တတိယ ၂နှစ်အတွင်း၌ အနည်းဆုံး ၇၅ ရာခိုင်နှုန်းခန့်ထားရမည်ဟုပါရှိသည်။

သို့သော် လက်တွေ့တွင် နိုင်ငံခြားသားလုပ်ငန်းရှင်များ သည် လုပ်ငန်းကျွမ်းကျင်မှုလက် မှတ်မရှိသည်ကို အကြောင်းပြ၍ သက်ဆိုင်ရာနိုင်ငံများမှ အလုပ် သမားများခေါ်သွင်းလာနေသည်။ လုပ်ငန်းကျွမ်းကျင်မှုလက်မှတ်ကို အဓိကထားရခြင်းသည် အလုပ်သမားအတွက် ထိခိုက်နစ်နာမှု များတွင် အာမခံကြေးရရှိမှု အတွက်ဖြစ်ကြောင်း ပြည်တွင်း လုပ်ငန်းရှင်အချို့ကပြောသည်။

နိုင်ငံခြားကုမ္ပဏီကြီးများ သည် လုပ်ငန်းခွင်တွင် အလုပ် သမားများထိခိုက်နစ်နာမှုဖြစ်ပါ က သက်ဆိုင်ရာအလုပ်သမားများ အားတိုက်ရိုက်ပေးလျော်မှုကို ကုမ္ပဏီအများစုက မပြုလုပ်ကြပေ။ အလုပ်သမားများကို နိုင်ငံတကာ အာမခံကုမ္ပဏီကြီးများ တွင် အာမခံထားပေးပြီး ထိခိုက်ဒဏ်ရာရမှု ကိုပေးလျော်သည့် စနစ်ဖြစ်သည်။ ထိုအာမခံကုမ္ပဏီကြီးများသည် အလုပ်သမားကို အာမခံထားပါက ကျွမ်းကျင်မှုအဆင့်၊ အန္တရာယ်ရှိသောအလုပ် မျိုး စသည်ဖြင့် လုပ်ငန်းကျွမ်းကျင်လက်မှတ်ပါရှိမှသာ လက်ခံ သည်။

ကျွမ်းကျင်အလုပ်သမား များအတွက် လက်မှတ်ထုတ်ပေး ရန် အာဆီယံတွင် လုပ်ငန်းအမျိုး အစားအလိုက် ဘာသာရပ် ၇၃ ခုသတ်မှတ်ထားရာ မြန်မာနိုင်ငံ အနေဖြင့် ဒေသတွင်းနိုင်ငံများ တွင် အလုပ်သမားများသွား ရောက်လုပ်ကိုင်နိုင်ရန် အာဆီယံ က သတ်မှတ်ထားသောလုပ်ငန်း အမျိုးအစားဘာသာရပ် ၇၃ ခုမှ ၅၀ ကို သင်တန်းပေးနိုင်ရန် သဘောတူညီမှုရယူထားသည်။ သို့သော် ပြည်တွင်း၌ လုပ်ငန်း ဘာသာရပ်လေးမျိုးသာ သင်တန်းပေးနိုင်သေးသည်။ ယင်းသို့ သင်တန်းပေးရာတွင် အလယ်အလတ်အဆင့် ကျွမ်းကျင်၊ ကျွမ်းကျင်အဆင့်တို့ကိုသာ ပေး နိုင်ပြီး ကြီးကြပ်သူအဆင့် သင်တန်းများမပေးနိုင်သေးကြောင်း ယခင် အလုပ်သမားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဦးမောင်မြင့် ကပြောသည်။

မြန်မာနိုင်ငံအတွက် အလုပ် အကိုင်အခွင့်အလမ်းများ ဖန်တီး ပေးနိုင်သော သီလဝါအထူးစီးပွား ရေးဇုန်တွင်လည်း ပြည်တွင်းမှ အလုပ်သမားများအလုပ်အကိုင်၊ အခွင့်အလမ်းများနှင့် လစာ ကောင်းများရနိုင်သော်လည်း လက်ရှိပြည်တွင်း၌ကြုံတွေ့နေရ သော ကျွမ်းကျင်လက်မှတ်ရရှိမှု အခက်အခဲကိုလည်း အမြန်ဆုံးဖြေရှင်းရန်လိုအပ်နေသည်ကို လှိုင်သာယာစက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမြတ်သင်း အောင်က ထောက်ပြသည်။

‘‘အရင် အစိုးရလက်ထက် မှာ အလုပ်သမားသင်တန်း ကောင်းတွေမပေးနိုင်တဲ့ပြဿနာ ပဲ။ ဒီအစိုးရလက်ထက်မှာ ကြိုး စားနေပေမယ့် လောလောဆယ် တော့ မလွယ်သေးဘူး။ အချိန် ပေးရမယ်’’ဟု ဦးမြတ်သင်းအောင်ကပြောသည်။

မြန်မာနိုင်ငံတွင် ယခုနှစ်၌ အာဆီယံစီးပွားရေးအသိုက် အဝန်းကို အကောင်အထည် စတင်ပေါ်လာပြီဖြစ်သောကြောင့် တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကုန်စည် စီးဆင်းမှု၊ အလုပ်သမားရွှေ့ ပြောင်းမှုများသည် ပိုမိုလွယ်ကူလာမှာဖြစ်သည်။ထိုအချိန်တွင် အထူးစီးပွားရေးဇုန်များ၌ အလုပ်သမားများအတွက် လစာ၊ အခွင့် အလမ်းကောင်းများရရှိပါက ပြည်ပတိုင်းပြည်များမှ အလုပ် သမားများစီးဝင်လာမှုများရှိနိုင် ကြောင်း ပြည်တွင်းလုပ်ငန်းရှင် များကပြောလာသည်။

‘‘သီလဝါမှာရင်းနှီးတဲ့  စက်ရုံအများစုက အထည်ချုပ်တွေ များတယ်’’ဟု မြန်မာသီလဝါ အထူးစီးပွားရေးဇုန်ဟိုးလ်ဒင်းအများပိုင်ကုမ္ပဏီလီမိတက်မှ ဒါရိုက်တာတစ်ဦးကပြောသည်။

တရုတ်နိုင်ငံရှိ အထူးစီးပွား ရေးဇုန်များတွင် လက်ရှိ၌ နည်း ပညာကိုဦးစားပေးသည့်လုပ်ငန်း များ၊ ကုမ္ပဏီများကိုသာ အများစု ခွင့်ပြုပြီး  အလုပ်သမားများ အတွက် လစာနှုန်းထားကိုလည်း မြှင့်တင်လာသည်။ ထို့ကြောင့် ယင်းနိုင်ငံများမှ အထည်ချုပ်လုပ် ငန်းများသည် အာဆီယံနိုင်ငံများ သို့ ဈေးကွက်ပြောင်းရွှေ့လာရာ အထူးစီးပွားရေးဇုန်တွင် အထည် ချုပ်လုပ်ငန်းများသာများနေပါက အလုပ်အကိုင်အခွင့်အရေးရ သော်လည်း နည်းပညာပိုင်းတွင် ရရှိမှုအားနည်းနိုင်ကြောင်း စီးပွားရေးပညာရှင်အချို့က သုံးသပ်နေကြသည်။

လက်ရှိ သီလဝါအထူးစီးပွား ရေးဇုန်ကို စတင်ဖွင့်လှစ်ချိန်မှာ ပင် အမေရိကန်နိုင်ငံအပါအဝင် ပြည်ပနိုင်ငံ ၁၃ နိုင်ငံမှ ကုမ္ပဏီ ပေါင်း ၄၇ ခုရင်းနှီးမြှုပ်နှံထား သည်။ သီလဝါအထူးစီးပွားရေး ဇုန်သည် မြန်မာနိုင်ငံတွင် ပထမ ဆုံးဖွင့်လှစ်သည့် အထူးစီးပွားရေး ဇုန်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုန် သွယ်မှုမြင့်မားရေးဆိုသည့် ဒေသ တွင်းနိုင်ငံများ၏ သာမန်ရည်မှန်း ချက်ထက် ပိုမိုကြောင်း နိုင်ငံတော်ဒုတိယသမ္မတ  ဦးဉာဏ်ထွန်းက သီလဝါအထူးစီးပွားရေးဇုန်ဖွင့်ပွဲ ၌ ပြောကြားခဲ့သည်။

၂၀၁၂ ဧပြီ ၁ ရက်မှစတင်၍ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ကျင်းပ သော စတုတ္ထအကြိမ် မဲခေါင် -ဂျပန်ထိပ်သီးဆွေးနွေးပွဲတွင် မြန်မာနှင့်ဂျပန် စီးပွားရေးပူး ပေါင်းဆောင်ရွက်ရန် နိုင်ငံတော် သမ္မတဦးသိန်းစိန်နှင့် ဂျပန်ဝန် ကြီးချုပ်တို့ ညှိနှိုင်းခဲ့ခြင်းဖြစ်ပြီး ၂၀၁၃ နိုဝင်ဘာ၌ သီလဝါ အထူးစီးပွားရေးဇုန်ပထမအဆင့် စတင်ခြင်းအခမ်းအနားကို သီလဝါ အထူးစီးပွားရေးဇုန်တွင် ကျင်းပခဲ့သည်။

သီလဝါအထူးစီးပွားရေးဇုန် သည် ရန်ကုန်မြို့ပြင် ပဲခူးမြစ်တစ် ဖက်ကမ်း ကျောက်တန်းမြို့နယ်၌ တည်ရှိ၍ လတ်တလောတွင် သွား လာရေးအခက်အခဲများရှိနေ သည်။

‘‘သန်လျင်နဲ့ကျောက်တန်း ကလူတွေတော့ အဆင်ပြေတယ်။ အင်းစိန်တို့၊ လှိုင်သာယာတို့၊ ရွှေ ပြည်သာတို့ဘက်ကလူတွေက တော့ အခက်အခဲရှိနိုင်တယ်’’ဟု လှိုင်သာယာစက်မှုဇုန်(၁)မှ အထည်ချုပ်လုပ်ငန်းရှင်တစ်ဦး ကပြောသည်။

မြန်မာနိုင်ငံတွင် မကြာမီ ကျင်းပမည့်ရွေးကောက်ပွဲ တရား မျှတပြီး အောင်မြင်စွာပြီးဆုံးပါက နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများ စွာ ဝင်ရောက်လာမည်ဟု မြန်မာ နိုင်ငံကုန်သည်များနှင့်  စက်မှု လက်မှုလုပ်ငန်းရှင်များအသင်း ချုပ် ဒုတိယဥက္ကဋ္ဌဒေါက်တာ မောင်မောင်လေးကပြောသည်။ မျှော်လင့်ထားသကဲ့သို့ ရင်းနှီးမြှုပ် နှံမှုများ အုံနှင့်ကျင်းနှင့်ဝင်ရောက်လာပါက ကျွမ်းကျင်လုပ်သား အခက်အခဲကြောင့် တရုတ်နိုင်ငံကဲ့သို့ လွတ်လပ်စွာပုံတူကူးချနိုင်မည့် နည်းပညာရယူမှုတွင်လည်း အချိန်ပိုကြာနိုင်ကြောင်း စီးပွားရေးပညာရှင်ဦးလှမောင်က သတိပေးသည်။

http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။