ပျောက်ကွယ်သွားတော့မယ့် ဘီလုံးငှက်တို့ရဲ့ တေးဆိုသံ


(ဘီလုံးငှက်)

ဘီလုံးငှက်တို့ရဲ့ ရုပ်ဆင်းသဏ္ဌာန်ဟာ ထူးခြားလှပတဲ့ငှက်မျိုး မဟုတ်ပေမယ့် သာယာစွာအသံကျူးရင့် တေးဆိုတတ်ကြပါတယ်။ ဘီလုံးငှက်မျိုးဟာ alaudidae မျိုးရင်းတွင် ပါဝင်ပြီး မျိုးစိတ်ပေါင်းများစွာရှိပါတယ်။
ဒါ့အပြင် သူ့ရဲ့ပုံပန်းသန်ဟာ စာကလေးနဲ့လည်း ဆင်တူပါတယ်။ အပေါ်ပိုင်းမှ အညိုနုရောင် အမွှေး     အတောင်များတွင်လည်းကောင်း၊ ရင်အုပ်တွင်လည်းကောင်း အညိုရင့်ရောင် အကန့်များ၊ အကြောင်းများ ပါရှိတတ်ပါတယ်။ စာကလေးအရွယ် ၆.၁၂ ကနေ ၇ လက်မခန့် အလျားရှိပါတယ်။ အမောက်ကလေး လိုလို ပုံသဏ္ဌာန်လည်း ပါရှိတတ်ရာ၊ တစ်ခါ တစ်ရံထင်ထင်ရှားရှား တွေ့ရတတ်ပါတယ်။ အဖိုရောအမပါ ပုံပန်းသွင်ပြင် အတူတူပါပဲ။

ဘီလုံးငှက်တို့ကို လယ်ကွင်းများ၊ မြက်ခင်းများ၊ လွင်ပြင်များ၌ အစုလိုက်၊ အုပ်လိုက် တွေ့ရတတ်တာပါ။  သို့ပေမယ့် အခုအခါမှာ မြန်မာနိုင်ငံတွင် ဘီလုံးငှက်များဟာ အတွေ့ရ နည်းသွားပါပြီ။ သူတို့ဟာ မြန်မာနိုင်ငံတောင်ပိုင်းလယ်ကွက်များ၌ ကျက်စားတတ်သောငှက်မျိုးဖြစ်သော်လည်း၊ စပါးရိုးပြတ်များထက် မြက်ခင်းများကိုပိုပြီး  နှစ်သက်ဟန်တူပါတယ်။ ဘီလုံးငှက်တို့ဟာ ပိုးမွှားများ၊ သစ်စေ့၊ စပါးစေ့များကို ရှာဖွေ       စားသောက်တတ်ပါတယ်။

သူတို့ဟာ ကောင်းကင်ကိုပျံတက်နေစဉ် တေးဆိုတတ်ကြပါတယ်။ အထူးသဖြင့် မိတ်လိုက်ချိန်မှာဆိုရင် ဘီလုံးငှက်ဖိုတို့ဟာ တေးသံစုံကျူးရင့် အစွမ်းပြပြီး လူပျိုလှည့်တတ်ကြပါတယ်။ များသောအားဖြင့် နံနက်ခင်းနှင့် ညနေခင်းများတွင် အစွမ်းပြတတ်ကြတာပါ။ ဘီလုံးငှက်ဖိုဟာ နားနေတဲ့နေရာမှ တောင်ပံတဖျပ်ဖျပ်ခတ်ပြီးလျှင် အပေါ်တည့်တည့်သို့ထိုး၍ ပျံသန်းရင်း တေးသံကျုးရင့်သွားလေရာ၊ တစ်ခါတစ်ရံမှန်ပြောင်းနှင့် ကြည့်လို့ မရအောင်ပင် မြင့်လှစွာပျံတက်ကြပါတယ်။

အဲ့လို့ အပေါ်ပျံတက်ရာမှ ရုတ်ခြည်းအောက်သို့ ပျံမဆင်းသေးဘဲ၊ လေဘက်သို့ ဦးခေါင်းလှည့်ကာ လေပေါ်၌ တန့်နေပြီး တစ်ခါတစ်ခါမှ အတောင်ကိုခတ်ရင်းဆက်လက်တေးသံကျူးနေတတ်ပါတယ်။ ၅ မိနစ်ခန့် ကြာမှ တောင်ပံကိုပိတ်၍ အောက်သို့စိုက်ချလိုက်၊ တောင်ပံကိုဖြန့်၍ ခတ်လိုက်၊ နဲ့ နောက်ဆုံး မြေပြင်နှင့် နီးလာသောအခါ မူလပျံတက်သောနေရာသို့ရောက်အောင် တစ်ရှိန်ထိုးပျံသွားတတ်ကြပါတယ်။ အမတစ်ကောင်အတွက် အဖိုများစွာတို့ဟာ တပြိုင်တည်းအစွမ်းပြတတ်ကြရာ၊ တကွင်းလုံး ၎င်းတို့ အသံနဲ့ ဆူညံနေတတ်ပါတယ်။

ဘီလုံးငှက်တို့ဟာ မြေပြင်မှာ နားနေတုန်းလည်း တေးဆိုတတ်တာကို ရံဖန်ရံခါ တွေ့ရပါတယ်။ လူတစ်စုံတစ်ယောက်ကို မြင်ရင် မပြေးဘဲဝပ်နေပြီး သူတို့ကို နှောင့်ယှက်တယ်ဆိုရင် ကျစ်ကျစ်၊ ကျစ်ကျစ်နှင့် အော်မြည်ကာမြေပြင်နှင့်ကပ်၍ နိမ့်ချည် မြင့်ချည် ပျံသန်းနေတတ်ကြပါတယ်။


ဘီလုံးငှက်တို့ရဲ့ ဥများ 

မြန်မာနိုင်ငံ၌ တွေ့ရတတ်သော ဘီလုံးငှက်မျိုးတို့ရဲ့ အသံဟာ ပျော့ပြီး စူးရှတဲ့အသံပါ။ ဘီလုံးငှက်တို့ရဲ့ သားပေါက်ချိန်ဟာ မတ်လမှ ဇူလိုင်လအထိ ဖြစ်ပါတယ်။ အဲ့ဒီအချိန်တွေမှာ ၂ သားပေါက်တတ်ပါတယ်။ သူတို့ရဲ့ အသိုက်တွေကို ချုံဖုတ်များ၊ မြက်တောများ၊ အကာအကွယ်ရှိသော မြေချိုင့်ခွက်များထဲတွင် မြက်ခြောက်များခင်း၍ ပြုလုပ်ကြတာပါ။ တစ်မြုံလျှင် ဥ ၃ ဥ မှ ၅ ဥအထိရှိတတ်ပါတယ်။ သူတို့ရဲ့ ဥတွေဟာ ရှည်မျောမျော ပုံစံဖြစ်ပြီး ဥခွံ ဟာ ချောမွတ်ပါတယ်။ ဝါညိုညိုအစက်အပြောက်များ၊ ခရမ်းပြာအစက် အပြောက်များ အများအပြားပါရှိတတ်ပါတယ်။

ဘီလုံးငှက်မျိုးကို ဥရောပတိုက်တွင်လည်းကောင်း၊ တူရကီ၊ အိန္ဒိယ၊ သီဟိုဠ်၊ မြန်မာ၊ တိဗက်၊ တရုတ်၊ ယိုးဒယားစသော အာရှနိုင်ငံများတွင်လည်း တွေ့ရှိရတတ်ပါတယ်။

http://blog.irrawaddy.org/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။