ဒေးဝန်းကြီးအောင်ကျော်ရွှီ

ဒေးဝန်းကြီး အောင်ကျော်ရွှီသည် ပီကျွန်းအုပ်၊ ဒေးဝန်းကြီး ရာထူးများကိုမထမ်းဆောင်မီ သော်တလီတစ်ဦးဖြစ်သည်။ ဒေးဝန်းကြီး၏ ဘ၀တစ်လျှောက်လုံးတွင် စစ်ရေး၊ နိုင်ငံရေး၊ လွမ်းရေးများ ပြွမ်းလျက်ရှိသည်။ ဒုက္ခသုခအမျိုးမျိုး ခံစားခဲ့ရသည်။ ယင်းတို့ကို ဒေးဝန်းကြီး၏ စာပေလက်ရာများတွင် ဘ၀မှတ်တမ်းအဖြစ်မှတ်တမ်းတင်ခဲ့သည်။ ယင်းမှာ ဒေးဝန်းကြီး၏စာပေစွမ်းရည်များ ဖြစ်သည်။

စစ်တကောင်းနယ်သို့ မြို့ဝန်ခေတ်က သွားရောက်ခိုလှုံသူများအနက်ဒေးဝန်းကြီးလည်း တစ်ဦးပါဝင်ခဲ့ဟန် ရှိသည်။ ချင်းပျံ နှင့် ယောက်ဖတော်စပ်သည်။မြို့သူကြီး အောင်ကျော်ဇံမှာ ဒေးဝန်းကြီး၏ တူတော်သူဖြစ်သည်။ စစ်တကောင်းမြို့ဝန် ဝါနော်သတ်ထံတွင် ၁၁၈၂-ခု တာဝန်ထမ်းဆောင်ကြောင်းကို စာဆိုရှင်ဒေးဝန်းကြီးက---

"သကြစ်မှာ တစ်ထောင်ဖြစ်၊ တစ်ရာသျှစ်ဆယ်၊ စွန်းသည် ခုနှစ်ဝယ်၊ မယ်ချစ်သဇင်၊ စစ်တကောင်းသည်၊ ဖလောင်းရင်ပြင်၌၊ တိုင်းပြည်တွင်မှုခင်းကိစ္စပေါ်ပေါက်ရာကို၊ ဖြီးဖျော်မိုးမစက" ဟု စာရတုကို စာသခဲ့သည်။

သက္ကရာဇ် ၁၁၈၅-ခု၊ သျှင်မဖြူကျွန်း အရေးအခင်း နောက်ပိုင်းမှာဒေးဝန်းကြီး အောင်ကျော်ရွှီသည် ရာပသိန်သက်နှင့်အတူ ပူးတွဲတာဝန်ထမ်းဆောင်သည်။ ရခိုင်၊ ကုလား၊ ဆိပ်ဖာအိတ် (စစ်ပါရီ)များကို စုဆောင်းပေးရသည်။

ကုမ္ပဏီစစ်တပ်နှင့် အတူလိုက်ပါပြီး ရခိုင်သို့ ရောက်သောအခါ မြို့ရွာအုပ်ချုပ်ရေးအတွက် သင့်တော်သူများကို ကျွန်းအုပ်၊ ချောင်းအုပ်များ ခန့်ထားစေရန် သော်တလီအောင်ကျော်ရွှီက ဆောင်ရွက်ပေးရသည်။ ကုမ္ပဏီအာဏာပိုင်တို့သည် မြောက်ဦးမြို့ကို သိမ်းပိုက်ပြီးနောက် သော်တလီအောင်ကျော်ရွှီအားပီကျွန်းအုပ် ရာထူးကို ခန့်ပရဝါနာ ပေးအပ်သည်။ နယ်မြေပိုင်းခြားသတ်မှတ်ပြီးကျွန်းအုပ်အရာခန့် ပါရဝါနာပေးအပ်ပုံကို သော်တလီ အောင်ကျော်ရွှီ၏ရတုတွင်-

"ပီကျွန်းနှင့် ယိုးကျွန်းပေ၊ ဥရစ်တောင်လည်း ယင်းမှာပါစီလော၊
ပီချောင်းဝယ်လေးမြို့သား၊ ယိုးချောင်းနယ်လည်း၊ ထိုဝယ်သည့်လိုက်ပါ၍၊
ကျွန်းအုပ်ခန့်၍ပေ၊ သားစဉ်မြီးဆက်၊ မပျက်စားရလီအံ့၊ ဟမြွက်ထွီဆိုသော
အခါ၊ ဖွဲ့ဒါကြီးသည်၊ လျှင်ဆော့ရှီးထုံးပါလျက်၊ ပရဝါနာဆတ်ကြီးခပ်၊
ငါးရွက်စာကို၊ ထိုခါချက်ချင်းအပ်က"ဟုရေးစပ်မှတ်တမ်းတင်ခဲ့သည်ကိုတွေ့ရပေသည်။

ယင်းသို့ ပီကျွန်းအုပ်အရာကို သော်တလီ အောင်ကျော်ရွှီ အား ခန့်အပ်ပြီးတဖန်ရာပသိန်သတ်နှင့်အတူ လိုက်ပါခဲ့ရသည်။ ရန္တပိုစာချုပ်ချုပ်ဆိုသည့်အခါရခိုင်နယ်မြေ အကျယ်အဝန်းကိစ္စကို ဝင်ရောက် ဆွေးနွေးခဲ့သည်။

ရန္တပိုစာချုပ် ချုပ်ပြီးနောက် ပီကျွန်းအုပ် အောင်ကျော်ရွှီမှာ ရန်ကုန်တွင်တစ်နှစ်ကျော်ခန့် နေရသေးသည်။ တာဝန်အရ တစ်နယ်တစ်ရပ်သို့ သွားရောက်နေရသော်လည်း မိမိ၏ သားသမီးများနှင့် ဇနီးမယားကို အမြဲတမ်းတနေသည်။ ရောက်လေရာအရပ်မှာ သတိရနေသည်။ တစ်ပါးသူ မောင်နှံစုံတို့ သားသမီးများနှင့်သွားလာနေကြပုံကို စာဆိုရှင် မြင်ရသည့်အခါ သားမယားတို့ကို ပို၍ သတိရလာသည်။ တမ်းတလာသည်။ ယင်းသို့ တမ်းတမှန်းဆလွမ်း ရပုံများ၊ ခံစားရပုံများကိုစာရတုဖြင့် ခြယ်သခဲ့သည်ကို တွေ့ရပေသည်။ ယင်းတို့မှာ---

"ဈီးတန်းပြင်မှာ၊ ကျွန်လျင် မြင်ချီသည်ကား၊ သားသူငယ်မိထံမှာ၊ မပီတွတွ ပီတွတွသည်၊ အဘကိုသာခေါ်လျက်၊ လူးလဲကာ ငို၍ပေ၊ ငါ့သခင်ကို ဂုပင်ပြီးရမည်ဟု၊ တွလျက်ပေတောင်းလတ်ခါ၊ မွှီးဖခင်သည်၊ လျင်လျင်ပြီး၍ လာလျက်၊ ဖက်ကာ နမ်းကာသာရွတ်၊ မွီးမိခင်လည်း၊ ယင်းတွင်တစ်စဖက်၏။

ရယ်နှုတ်ဆက် အလှယ်လှယ်၊ လင်မယား သားနှစ်ပါးပျော် ကြသည်ကို၊ မျှော်ချီပေတုံသောအခါ၊ ကျွန့်သည်းအူကို နှုတ်ယူဟန်ပမာသို့၊ဟမြွက်ကာ မျက်ရည်ကျ၊ သားမောင်ငယ်ကြောင့်၊ ဖခင် လွမ်းရှုတ၍၊လွန်ပျောင်းပျ၊ မကြံသာ၊ ကြာပဒုမ်ကို နီပူလှမ်းပမာသို့" ဟုမောင်နှံစုံတို့သားသမီးများနှင့် ပျော်ပါးနေကြပုံများကို မြင်ရသောအခါ ခံစားရပုံများက ကွက်ကွက်ကွင်းကွင်းပေါ်လွင်စွာ စာပန်းချီခြယ်သခဲ့သည်မှာ ပီကျွန်းအုပ်အောင်ကျော်ရွှီ၏ အလွမ်းဓာတ်ပုံကို ပေါ်လွင်စေခဲ့သည်ဟု ဆိုရမည်ဖြစ်ပါသည်။

တစ်ဖန် ပီကျွန်းအုပ် အောင်ကျော်ရွှီသည် တာဝန်အရ တစ်ရပ် တစ်နယ်သို့ ရောက်ရှိနေစဉ်တွင် ကိုယ်ဝန်အရင့်အမာနှင့်ရှိခဲ့သော ကြင်လျာဇနီးကိုလည်းမြင်ယောင်လာသည်။

ယင်းသို့ရှိခဲ့သည့် အိမ်သူသက်ထား၏ ဖြစ်ရပ်ကို စာဆိုရှင် ပီကျွန်းအုပ်ကရတုနှင့် စာပြုခဲ့သည်မှာ--

"ဝမ်းမှာသန္ဓေနှင့်လည်း၊ စွဲရင်းယိလိုက်သည်၊ ဖွားမြင်ကြောင်းကို ကျွန်းလျှင် မမြင်ပေ၍၊ သားမောင်ငယ်ကြီးခြင်းရာ၊ သည်ကိုတွက်၍ အကျွန့်သည်းအူဆာလျက်၊ စိတ်မှာသာ မျှော်နှိုင်းနှိုင်း၊ စားသော်လည်း မဝင်၊ပူပင်လွမ်းဝုန်၍၊ ခွီ လျောင်းချီတလျက်သာ"ဟု တွေ့ရပါသည်။

ပီကျွန်းအုပ်၏ လွမ်းဆွေးပုံများမှာ များပြားလှသည်။ ရေးလျှင်စာတမ်းတစ်စောင်ပင် ရရှိမည်ဖြစ်သည်။ ယင်းသို့ ပီကျွန်းအုပ် အောင်ကျော်ရွှီ၏မှာတမ်းရတုမှာတမ်း ပြုခဲ့ပုံများကိုချည်း ဖော်ပြရလျှင် စာကြောရှည်မည် ဖြစ်သည်။ပီကျွန်းအုပ်ကြီး၏ လုပ်ဆောင်ချက်များကို ဖော်ထုတ်တင်ပြသွားပါမည်။

ရန်ကုန်မှ ရခိုင်သို့ ပီကျွန်းအုပ် ရောက်သောအခါ စစ်တွေမြို့ တည်ဆောက်ရေးကိစ္စများကို ဒေးရှိန်သတ်နှင့်ပတ္တင်တို့ တိုင်ပင်ဆောင်ရွက်ရပြန်သည်။ယင်းကြောင့် ပီကျွန်းမှာ မနေရတော့ဘဲ စစ်တွေသို့ ပြောင်းလာရသည်။ ယင်းအချိန်မှာ အခမေးနာ(လစာ) တစ်ရာစီ ရရှိပြီးဖြစ်သည်။ ပီကျွန်းအုပ် အောင်ကျော်ရွှီအားအခွန်ဘဏ္ဍာ ခန့်ဇနာ ငွေနှစ်သိန်း စည်းကြပ်ရန် ကုမ္ပဏီအာဏာပိုင်တို့က တာဝန်ပေးအပ်သည်။ ကျွန်းအုပ်ရာထူးမှ ဒေးဝန်းရာထူးသို့ တိုးပေးသည်။

ယင်းသို့ အခွန်စည်းကြပ်ရန် တာဝန်ပေးပုံ၊ ဒေးဝန်းအရာပေးအပ်ပုံတို့ကို ဒေးဝန်းကြီးက မိမိဘ၀မှတ်တမ်းအဖြစ်-

"သက္ကရာဇ်တစ်ထောင်ဖြစ် တစ်ရာ့ရှစ်ဆယ်၊ စွန်းသည့်ကိုးခုဝယ်၊ တိုင်းပြည်၏ ဘဏ္ဍာတော် ငွီနှစ်သိန်းကို ယင်းခါ စည်းကြပ်ပါလျက်၊တိုင်းပြည်ရွာအားလုံးဝယ်၊ မယ်ချစ်လင်ကို၊ ဒေးဝန်းခန့်အပ်သည်တည်း၊တစ်လစီ မင်းမေးနာ၊ ငွီတစ်ရာကို မပြတ်ပီးတုံ ပါလျက်"ဟု ရေးသားထားသည်ကို တွေ့ရပါသည်။

ဒေးဝန်းကြီးအရာကို တာဝန်ထမ်းဆောင်ရသည့်အခါ ကုမ္ပဏီအာဏာပိုင်များအလိုကျ အခွန်ဘဏ္ဍာ ခန့်ဇနာကို စည်းကြပ်လာရသည်။ ယင်းကြောင့် ရခိုင်ပြည်သူလူထုမှာ ဆင်းရဲဒုက္ခ အမျိုးမျိုးနှင့် ရင်ဆိုင်ရသည်။ ပြည်သူလူထုအလိုနှင့်ဆန့်ကျင်လာသည်။ ယင်းအပြင် ကုမ္ပဏီအာဏာပိုင်များနှင့် ယခင်က အပေးအယ ရှိခဲ့သည်များကို ကုမ္ပဏီအာဏာပိုင်များက ပျက်ကွက်ခဲ့သည်။ ယင်းကြောင့်ဒေးဝန်ကြီးအရာရပြီး မကြာမီမင်းသားကြီး မြို့သူကြီးတို့နှင့် တိုင်ပင်ပြီး ကုမ္ပဏီနယ်ချဲ့အစိုးရအား တော်လှန်ကြသည်။ သို့ရာတွင် မိယုတ်မာ ဖမဲ့သားတို့သစ္စာဖောက်မှုကြောင့် တော်လှန်ရေးမှာ အောင်မြင်မှုနှင့် လွဲခဲ့ရသည်။ ကာလကတ္တားသို့ ကြီးသုံးကြီးဖြစ်သော မင်းသားကြီးရွှေဘန်း၊ ဒေးဝန်းကြီးအောင်ကျော်ရွှီနှင့် မြို့သူကြီး အောင်ကျော်ဇံကို ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရသည်။

ဒေးဝန်ကြီးသည် အကျဉ်းခံနေရစဉ် မိမိကိုးကွယ်သည့် ဆရာတော်ပျံလွန်တော် မူခဲ့သည်။ သားငယ်သမီးငယ်များကို လွမ်းဆွတ်ရသည်။ မိမိ၏ အိမ်သူသက်ထား လွမ်းပုံဆွေးပုံများ၊ အကျဉ်းခံနေရစဉ် စားသောက်ပုံ၊ အနေအထိုင်ဆင်းရဲပုံများကို မှတ်တမ်းတင် စာသခဲ့ပါသည်။ ယင်းအပြင် ဒေးဝန်ကြီးသည်နောက်သား နှောင်းလူများအား ရဲမော်ကွန်းလည်း တင်ခဲ့ပေသေးသည်။

ဒေးဝန်းကြီး၏ ရဲမော်ကွန်းမှာ-

"ပညာနှင့်ဉာ့ဉာဏ်၊  သင့်စွာပန်လ်လျက်
တာဝန်မ်မပျက်၊ သစ္စာရွကွက်လ်လျက်
အသက်က်ကိုလုလှီ၊ သွီးချောင်းစီးမှ
အပြီးကြံ့ခခိုငုင်း နိုငုင်င်ငံတံတိုငုင်းမြို့
စို့စို့န့နှင့် ကိုယ့်မြို့ကိုယ်ပြည်၊ ကိုယ့်ဌာနီကို
ရမည်မ်မုခုချ၊ ဤလောကသည်
အောက်ကျမခံချင်သောကြောင့်"
စသည်ဖြင့် နှောင်းလူများ၏ စိတ်ဓာတ်ကို နှိုးပေးခဲ့သည်။ လမ်းညွှန်ပေးခဲ့သည်။ ဒေးဝန်းကြီး၏ စိတ်ထားကား မြင့်မြတ်ပေသည်။ လေးစားအပ်ပေသည်။

________
ဝန်ခံချက်။  ။ မြထွန်းအောင်ရေးသား`၍ ၁၉၉၅ ခုနှစ်၊ ဇူလိုင်လတွင် ထုတ်ဝေသည့် "ကိုလိုနီဘဝ ရွှေပြည်ရခိုင်" စာအုပ်မှထုတ်နှုတ်၍ "ကျောက်ဖြူလူငယ်များမီဒီယာ"အဖွဲ့မှ ပြန်လည်ဖော်ပြပါသည်။

Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။