စစ်တွေမြို့ ဆင်ကူးလမ်း ရပ်ကွက်အတွင်း ကပ်ထားသော မဲစာရင်းအား ဒေသခံများက ကြည့်ရှုနေကြစဉ်
ရခိုင်ပြည်နယ် ကျေးလက် ဒေသများတွင် မဲစာရင်း၌ သေဆုံးသူ အမည်များ ပါဝင်နေပြီး မဲစာရင်း အမှား အများအပြား တွေ့နေရသော်လည်း ပြင်ဆင်ရန် လျှောက်ထားသူ နည်းပါးသဖြင့် ရွေးကောက်ပွဲတွင် မဲရုံသို့လာ ရောက်မဲပေးသူ နည်းပါးနိုင်ကြောင်း လွှတ်တော် ကိုယ်စားလှယ် များနှင့် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများက ပြောကြားသည်။
“မဲဆွယ် စည်းရုံးရေး သွားတဲ့အခါ ကျေးလက် တောရွာတွေမှာ မဲစာရင်း ကပ်ထားပေမယ့် စိတ်ဝင်တစား သွားကြည့်တာ မရှိဘူး။ အကြီးအကျယ် စိတ်ပျက်မိတာတကတော့ ကျွန်တော့် မဲဆန္ဒနယ်က ရွာလေးတစ်ရွာမှာ မဲပေးနိုင်တဲ့သူ ၄၀ ကျော် ရှိပေမယ့်လည်း မဲစာရင်းမှာ လေးဦးလောက်ပဲ ပါတယ်လို့ ယုံကြည်ရသူ တစ်ဦးက စိုးရိမ်တကြီး ပြောလာပါတယ်။ ကျွန်တော့် မဲဆန္ဒနယ်ထဲမှာပါတဲ့ ဂုံးချွိန် ကျေးရွာ အုပ်စုမှာဆိုလည်း သေဆုံးသူတွေ စာရင်းပါနေတာရယ်၊ ကျွန်တော့်ကို ထောက်ခံ ကြသူတွေ မဲစာရင်းမှာ မပါတာ များနေတယ်။ ဒါကို ခရိုင်ကော်မရှင်ကို မေးတော့လည်း တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဖြစ်နေတာလို့ ပြန်ပြောတယ်။ ဒီလို မဲစာရင်းမှာ မပါတဲ့ သူတွေကလည်း ပြန်လည် လျှောက်ထားတာတွေ မလုပ်တော့ဘူး။ ဒါကြောင့် ဒီလောက် အမှားများနေတဲ့ မဲစာရင်းကြောင့် တကယ် မဲပေးရမယ့်နေ့မှာ မဲရုံကို လာတဲ့သူတွေ နည်းသွားမှာ သေချာနေပါတယ်” ဟု ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် (၂) တွင် ၀င်ရောက် ယှဉ်ပြိုင်မည့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းလွင်က ပြောကြားသည်။
“ကျွန်တော်တို့ ရွာတွေကို ရောက်ရင် မဲစာရင်းကို သွားကြည့်ဖို့ တိုက်တွန်း ပြောနေရတယ်။ ဒါပေမဲ့ ကျေးလက်က လူတွေက စိတ်မ၀င်စားတာ တွေ့နေရတယ်။ မဲပေးသူနည်းရင် လွှတ်တော် ကိုယ်စားလှယ်တွေရော၊ ပါတီအတွက်ပါ မဲ ဆုံးရှုံးနိုင်ပါတယ်” ဟု ဦးထွန်းလွင်က သုံးသပ်ပြောကြားသည်။
ဘူးသီးတောင်မြို့နယ် ရခိုင် အမျိုးသားပါတီဥက္ကဋ္ဌ ဦးထွန်းအောင်သိန်းက “လူတွေက မဲ ဘယ်လိုပေးရမလဲ ဆိုတာ မသိဘူး။ မဲစာရင်းကိုလည်း သွားကြည့်တဲ့သူ နည်းတယ်။ ဒီလိုသာ မဲစာရင်း အမှားပြင်တဲ့သူ နည်းရင် မဲပေးသူ နည်းသွားနိုင်တယ်” ဟု ပြောကြားသည်။
ရခိုင်ပြည်နယ်တွင် အဓိက မဲပေးရမည့် ပါတီသုံးခုရှိနေပြီး ၎င်းပါတီများ၏ မူဝါဒကို ယခုအထိ ချပြ ပြောဆိုခြင်း မရှိသေးသည်ကို တွေ့ရပြီး လွှတ်တော် ကိုယ်စားလှယ်များ ကလည်း သေချာသော ကတိကို ပြောဆိုခြင်းမရှိ သေးသဖြင့် လက်ရှိအချိန်အထိ မည်သည့် ပါတီကို မဲပေးရမည်ကို မဆုံးဖြတ် ရသေးကြောင်း အငြိမ်းစား ကျောင်းဆရာတစ်ဦးက ပြောကြားသည်။
Writer:
သားရွှေဦး (ကစ္ဆပ)
http://news-eleven.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။