သင်္ဘောဖျက်တိုက်ချင်းပစ်ဒုံးကျည် DF-21D ကိုသယ်ဆောင်လာသော တရုတ်ဒုံးကျည်တင်ယာဉ်များကို ဒုတိယကမ္ဘာစစ်အောင်ပွဲ နှစ် ၇၀ ပြည့် အခမ်းအနားတွင် တွေ့ရပုံ /Andy Wong/Pool /reuters
ဒုတိယကမ္ဘာစစ်ကြီး အတွင်း ဂျပန်အပေါ် အောင်ပွဲခံခဲ့သည့် အထိမ်းအမှတ် အမျိုးသား အောင်ပွဲနေ့ အခမ်းအနားကို စက်တင်ဘာ ၃ ရက်က တရုတ် နိုင်ငံ ဘေဂျင်းမြို့တော်တွင် ကျင်းပပြုလုပ်ခဲ့သည်။ နှစ် ၇၀ ပြည့် အမျိုးသားအောင်ပွဲ နေ့အခမ်းအနားသည် သာမန် အထိမ်းအမှတ် တစ်ရပ်ထက်များ စွာ အဓိပ္ပာယ်ရှိခဲ့ပြီး ၎င်းတို့၏စစ်ရေးအင်အားကို တစ်ကမ္ဘာလုံး သိအောင် တရုတ်ကထုတ်ပြလိုက် ခြင်းဖြစ်ကြောင်း ကမ္ဘာ့မီဒီယာများက သုံးသပ်ရေးသားခဲ့သည်။
ဘေဂျင်းရှိ တီအန်မင် ရင်ပြင်တွင် ကျင်းပသည့် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်လာသော တရုတ်သမ္မတ စီကျင်းပင်က တရုတ်လွတ်မြောက်ရေး တပ် မတော်၏ အင်အားကို သုံးသိန်းမျှလျှော့ချသွားမည်ဟု ကြေညာခဲ့ သည်။ လက်ရှိတွင် တရုတ်သည် ကမ္ဘာပေါ်တွင် အကြီးဆုံးစစ်တပ် အဖြစ် တပ်ဖွဲ့ဝင် အင်အား ၂ ဒသမ ၃ သန်းဖြင့် ဖွဲ့စည်းထားသည်။ သို့သော်လည်း အရေအတွက် လျော့သွားသည့်တိုင် စစ်တပ်၏ ဖွဲ့စည်းပုံနှင့် လက်နက်အရည် အသွေးသည် အံ့မခန်းတိုးတက် လာပြီဖြစ်ကြောင်းကို ပြသသွားခဲ့ သည်။
ယခုနှစ်အတွင်း တောင်တရုတ်ပင်လယ်နှင့် အရှေ့တရုတ် ပင်လယ်တို့တွင် ဒေသတွင်း နိုင်ငံ များနှင့် ရေပိုင်နက်အငြင်းပွားမှု ပြဿနာများ ဖြစ်ပေါ်နေချိန်၌ တရုတ်က အမျိုးသားအောင်ပွဲနေ့ အခမ်းအနားတွင် ၎င်းတို့၏ နောက်ဆုံးပေါ် ခေတ်အမီဆုံး စစ်လက်နက်များကို အလုံးအရင်းဖြင့် ထုတ် ပြသွားခြင်းဖြစ်သည်။ ၁၉၄၉ ခုနှစ်နောက်ပိုင်း ဘေဂျင်းတွင် (၁၅) ကြိမ်မြောက်အဖြစ် ခမ်းခမ်းနားနားစစ်ရေးပြခဲ့သည့် အစီအစဉ်၌ တရုတ်လွတ်မြောက်ရေး တပ် မတော်မှ တပ်ဖွဲ့ဝင် ၁၂,၀၀၀ ကျော် ပါဝင်ချီတက်ခဲ့သည်။ ထို့အပြင် ရာဂဏန်းမျှရှိသည့် တိုက် လေယာဉ်များ၊ ဗုံးကြဲလေယာဉ်ကြီးများ၊ ရဟတ်ယာဉ်များ၊ တိုက်ချင်းပစ်ဒုံးကျည်များ၊ နည်းပညာသစ်ဖြင့် တီထွင်ထားသည့် မောင်း သူမဲ့ လေယာဉ်များပါ ပူးပေါင်း စစ်ရေးပြခဲ့ပြီး တရုတ်သည် ကမ္ဘာ့အင်အားအကြီးဆုံး စစ်လက်နက်နိုင်ငံတစ်ခုအဖြစ် ရပ်တည်နေပြီဖြစ်ကြောင်းကို သက်သေထူခဲ့ သည်။
အနောက်အုပ်စု၏ လက်နက်ရေးရာ ပါရဂူများကိုယ်တိုင်က တရုတ်၏ စစ်ဘက်ဆိုင်ရာ နည်းပညာထွန်းကားမှုကို အသိအမှတ် ပြုခဲ့သည်။ အထူးသဖြင့် တရုတ် စစ်တပ်၏ နောက်ဆုံးပေါ် တာဝေးပစ်သင်္ဘောဖျက်ဒုံးကျည် DF- 21D သည် အမေရိကန်နှင့် ယှဉ်ပြိုင်ရာတွင်တရုတ်၏ စစ်ရေးစွမ်း ရည်နောက်ကျနေမှုကို ပြောင်းပြန်လှန်ပစ်နိုင်သည့် လက်နက်မျိုး ဟု အာရှ-ပစိဖိတ် ကာကွယ်ရေး နည်းပညာ ဆန်းစစ်ရေးဌာနမှ ဂျွန်ဂရာဗတ်က ပြောကြားခဲ့သည်။
အဆိုပါ ဒုံးကျည်သည် အသံ၏ ၁၀ ဆမျှထိ လျင်မြန်စွာပျံသန်းနိုင်ဖွယ်ရှိပြီး ၎င်းကိုကြားဖြတ်ဟန့်တားမည့် မည်သည့်ဒုံးခွင်းဒုံးစနစ်မျှ အမီမလိုက်နိုင်သည့် အခြေအနေမျိုးဖြစ်သည်။ ကြီးမားသည့်ပစ်မှတ်များကို ချေမှုန်းဖျက်ဆီး နိုင်ရန် ဒီဇိုင်းထုတ်ထားသော ဒုံးကျည်သည် ကီလိုမီတာ ၁,၆၀၀အကွာအဝေးရှိ ပစ်မှတ်များကိုချိန်ရွယ်ပစ်ခတ်နိုင်မည်ဖြစ်သည်။
‘‘လက်နက်အားပြိုင်မှုမှာတော့ တကယ့်အလှည့်အပြောင်း တစ်ခုဖြစ်လာမယ်ဆိုတာ သံသယ ရှိစရာမလိုပါဘူး။ ဒီဒုံးကျည်ဟာ ပစိဖိတ်သမုဒ္ဒရာထဲက အမေရိကန်ရဲ့ လေယာဉ်တင်သင်္ဘော တွေအတွက်တော့ အကြီးအကျယ် ခေါင်းခဲရမယ့် ဂြိုဟ်ဆိုးတစ်ခုပဲ’’ဟု ဂရာဗတ်က မှတ်ချက်ပြုပြော ကြားသည်။
တရုတ်သည် DF-21 ဒုံး ကျည်ကို မျိုးကွဲအမျိုးမျိုး တည်ဆောက်ထားပြီး DF-21D ကမူ လေယာဉ်တင်သင်္ဘောဖျက်ဆီး ရေးလက်နက်ဟု ညွှန်းဆိုခြင်း ခံထားရသည်။ အမေရိကန်သည် ပစိဖိတ်ဒေသတွင် ၎င်းတို့၏ လေ ယာဉ်တင် သင်္ဘောကြီးများကို နှစ်ပေါင်းများစွာ ဖြန့်ကြက်ထားပြီး ယင်းတို့ကို အမှန်တကယ် ထိထိရောက်ရောက် ခြိမ်းခြောက်နိုင် သည့် လက်နက်မျိုး မပေါ်ပေါက်ခဲ့ဖူးချေ။ သို့သော်လည်း DF-21D သည် ဆယ်စုနှစ်များစွာအတွင်း အမေရိကန်၏ ရေပေါ်ခံတပ်ကြီး များအဖြစ် တင်စားခံရသည့် လေယာဉ်တင် သင်္ဘောကြီးများကို ပထမဆုံးအကြိမ် ခြောက်လှန့်လာ ပြီဖြစ်သည်။
အမျိုးသားအောင်ပွဲနေ့ အခမ်းအနား စစ်ရေးပြချီတက်ပွဲတွင် တရုတ်သည် နျူကလီးယားထိပ်ဖူး တပ်ဆင်နိုင်သည့် တာဝေးပစ် လက်နက်များအပါအဝင် အမျိုးမျိုးသော တိုက်ချင်းပစ်ဒုံးကျည်များကိုပါ ခင်းကျင်းပြသသွားခဲ့သည်။
ဒုတိယကမ္ဘာစစ်အောင်ပွဲ နှစ် ၇၀ ပြည့် အခမ်းအနားတွင် သင်္ဘောပစ်ဒုံးကျည်များကို တင်ဆောင်လာသောယဉ်များနှင့် တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် ရေတပ်သားများ
သမ္မတစီက တရုတ်၏ စစ်အင်အားသည် ကာကွယ်ရေး ကဏ္ဍနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးတွင် အားဖြည့်ပါဝင်ရန်အတွက်သာ ရည်ရွယ်ကြောင်း မိန့်ခွန်း၌ ထည့် သွင်းပြောဆိုခဲ့သော်လည်း အမေရိကန်အပြင် ၎င်းတို့၏ ဒေသတွင်း မဟာပြိုင်ဘက်ဂျပန်ကိုပါ သွယ်ဝိုက်ခြိမ်းခြောက်လာခြင်းဖြစ်ကြောင်း ယုံမှားစရာမရှိချေ။ ‘‘ဒီ မှာက ဂျပန်ကို မုန်းတီးတတ်အောင် ငယ်ငယ်ကတည်းက ဝါဒမှိုင်း တိုက်ခံထားရတာ။ ဂျပန်တွေကို မကောင်းဆိုးဝါးတွေလို့ခေါ်ကြတယ်။ ဒီတော့ တရုတ်ခေါင်း ဆောင်တွေက ဒီလိုစစ်အင်အားမျိုး ထုတ်ပြတာဟာ ဂျပန်အပေါ် ဘယ်လိုအနိုင်ယူနိုင်သလဲဆိုတာ ကိုပါ ပြတဲ့သဘောလို့ လူတိုင်း နားလည်တယ်’’ဟု အသက် (၂၀)ကျော်အရွယ်ရှိ ဂျီဆိုသော တက္ကသိုလ်ကျောင်းသားတစ်ဦးက မှတ်ချက်ပြုခဲ့သည်။
ခေတ်အမီဆုံး စစ်လက်နက်များကို ခင်းကျင်းပြသသွားသည့်တိုင် သမ္မတစီကိုယ်တိုင်ကမူ အဆို ပါ စစ်ရေးပြအခမ်းအနားသည် ပြိုင်ဘက်များကို သတိပေးခြိမ်း ခြောက်ခြင်းမျိုးမဟုတ်ဘဲ ငြိမ်း ချမ်းရေးကိုသာဦးတည်ကြောင်း အခိုင်အမာ ပြောဆိုခဲ့သည်။ ‘‘တရုတ်ပြည်သူတွေဟာ ဒုတိယကမ္ဘာစစ်အတွင်းက ရန်လိုတိုက် ခိုက်လာတဲ့ ဂျပန်ကို တွန်းလှန်ခဲ့ တယ်။ တရုတ်ရဲ့ နှစ်ပေါင်း ၅,၀၀၀ လောက်တည်တံ့ခဲ့တဲ့ လူ့ယဉ်ကျေးမှုကို ထိန်းသိမ်းခဲ့တယ်။ တရုတ်ရဲ့ ရပ်တည်မှုဟာ ငြိမ်း ချမ်းရေးကိုပဲ ဦးတည်ပါတယ်’’ဟု သမ္မတဆိုသည်။
တရုတ်အမျိုးသားအောင်ပွဲ နေ့တွင်ပင် တရုတ်ရေတပ် သင်္ဘောများက အမေရိကန်၏ အလက်စကားကမ်းလွန် နိုင်ငံ တကာရေပိုင်နက်ထဲတွင် ခုတ်မောင်းပြခဲ့ခြင်းက စီ၏ မှတ်ချက်စကားအပေါ် ပြန်လည်မေးခွန်း ထုတ်ရမည့် အခြေအနေမျိုးဖြစ်လာခဲ့သည်။ အမေရိကန် ကာကွယ်ရေးဌာန ပင်တဂွန်စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရအရာရှိ ဗိုလ်ကြီးယက်ဖ်ဒါးဗစ်က ဘာရင်ပင်လယ်အတွင်း တရုတ်ရေတပ်သင်္ဘော များ ဝင်ရောက်လာခြင်းသည် ပထမဆုံးအကြိမ် ဖြစ်ကြောင်း အတည်ပြုခဲ့သည်။ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနကမူ စစ်သင်္ဘောငါးစီးသည် ပုံမှန်စစ်ရေး လေ့ကျင့်မှုတစ်ခုအတွက် ခုတ် မောင်းခြင်းသာဖြစ်ပြီး အခြားနိုင်ငံ တစ်ခုခုကို ဦးတည်ရန်စသည့် သဘောမျိုးမရှိဟု ဖြေရှင်းခဲ့သည်။
စက်တင်ဘာ ၃ ရက် တရုတ်၏ အမျိုးသားအောင်ပွဲနေ့ အခမ်းအနားသည် စစ်မီးချုပ်ငြိမ်းမှုကိုပြဆိုသည့် ငြိမ်းချမ်းရေး သင်္ကေတတစ်ရပ်ဖြစ်သည်။ သို့သော် ယခုနှစ် ချီတက်ပွဲကမူ အရှေ့အာရှကို လက်ဝါးကြီးအုပ် ခြယ်လှယ်နိုင်ရန် ရည်မှန်းချက်ကြီးကြီးထားရှိနေသည့် တရုတ်က စစ်ရေးအင်အား နှင့် စစ်ရေးစွမ်းရည်ကို ယုံကြည် မှုကြီးမားစွာ ရှိနေပြီဖြစ်ကြောင်း လှစ်ဟပြသသည့် မဟာဗျူဟာ ခြေလှမ်းတစ်ရပ်အဖြစ် ပီပြင် လာခဲ့သည်။
http://www.7daydaily.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။