အမှုထမ်းသုံးသိန်း လျှော့ချမည့် အစီအစဉ်တွင် အခက်အခဲများ ရှိနိုင်ဟု တရုတ်စစ်တပ် သုံးသပ်

တပ်ဖွဲ့ဝင် အရေအတွက် သုံးသိန်းမျှ လျှော့ချမည့် အစီအစဉ်ကို အကောင်အထည် ဖော်ပြီးနောက် တပ်အင်အားကို စနစ်တကျ ပြန်လည်ပြင်ဆင် ဖွဲ့စည်းရန် အခက်အခဲများစွာ ရှိနိုင်ကြောင်း တရုတ်စစ်တပ်က မှတ်ချက်ပြု ပြောကြားလိုက်သည်။
စက်တင်ဘာ ၃ ရက်က ဘေဂျင်းတွင် ကျင်းပသည့် အမျိုးသား အောင်ပွဲ အခမ်းအနား၌ တရုတ်သမ္မတ စီကျင်းပင်က တရုတ်စစ်သည်အင်အား သုံးသိန်းမျှ လျှော့ချကာ ပြင်ဆင်ဖွဲ့စည်းသွားမည်ဟု အတည်ပြု ကြေညာခဲ့သည်။ တရုတ် လွတ်မြောက်ရေး တပ်မတော်၏ လက်ရှိ တပ်ဖွဲ့ဝင် အင်အားသည် နှစ်သန်းသုံးသိန်းကျော် ရှိနေသည်။
ကာကွယ်ရေး ဝန်ကြီးဌာနက သမ္မတစီကျင်းပင် ကြေညာခဲ့သည့် စစ်အင်အား လျှော့ချရေး စီမံကိန်းသည် ၂၀၁၇ ခုနှစ်ခန့်တွင် ပြီးမြောက်မည်ဟု ခန့်မှန်းထားသည်။ တရုတ်စစ်တပ်ကို အရေအတွက် လျှော့ချပြီး အရည်အသွေး မြှင့်တင်ကာ ပိုမိုကျစ်လစ်စွာ ဖွဲ့စည်းရန် ရည်ရွယ်ထားခြင်း ဖြစ်သည့်တိုင် အဆိုပါ စီမံကိန်းကို အကောင်အထည် ဖော်ရာတွင် အခက်အခဲများ ရှိနိုင်ကြောင်း တရုတ်စစ်တပ်၏ နေ့စဉ်ထုတ် ပြည်သူ့လွတ်မြောက်ရေး တပ်မတော်သတင်းစာက ရေးသား ဖော်ပြခဲ့သည်။
“မကြုံဖူးလောက်အောက် အခက်အခဲတွေ ရှိပါတယ်။ ဖွဲ့စည်းပုံ ကဏ္ဍမှာ နည်းလမ်းဟောင်းတွေ အမြစ်တွယ်နေတာတွေ ရှိတယ်။ ဒါတွေကို လူတွေရဲ့ ခေါင်းထဲကနေ အပြီးတိုင် ဖယ်ရှားဖို့ ဆိုတာက အရမ်းခက်ပါတယ်”ဟု သတင်းစာက မှတ်ချက်ပြု ရေးသားခဲ့သည်။ ထို့အပြင် “ပြုပြင်ပြောင်းလဲ ဖွဲ့စည်းမှု ဆိုတာနဲ့ ပတ်သက်ပြီး နားလည်လက်ခံကြတာက တစ်ယောက်နဲ့တစ်ယောက် ကွာခြားတဲ့ အမြင်တွေလည်း ရှိနိုင်တယ်။ တစ်နည်းပြောရရင် အတိုင်းအတာ တစ်ခုထိတော့ စွန့်စားမှုယူပြီး လုပ်ဆောင်ရတာ ဖြစ်ပါတယ်”ဟုလည်း သတင်းစာက မှတ်ချက်ပြုခဲ့သည်။
တရုတ်တွင် ပြီးခဲ့သည့် လပိုင်းများအတွင်း စစ်တပ်ထိပ်တန်း အရာကြီးအချို့ အကျင့်ပျက် ခြစားမှု စွပ်စွဲချက်များဖြင့် အရေးယူခံရသည့် ကိစ္စများကြောင့် လွတ်မြောက်ရေး တပ်မတော်အတွက် အရှက်ရစရာများ ဖြစ်ခဲ့သည်။ သမ္မတစီ၏ စစ်တပ် ဖွဲ့စည်းပုံ လျှော့ချရေး ရည်မှန်းချက်တွင် စီမံအုပ်ချုပ်ရေး၊ တိုက်ခိုက်ရေးနှင့် မဆိုင်သည့် ကဏ္ဍများမှ အမှုထမ်းများကို အဓိက လျှော့ချသွားဖွယ်ရှိပြီး ခေတ်မမီတော့သည့်၊ သက်တမ်းရင့်နေသည့် လက်နက်ကိရိယာများကိုပါ ဖယ်ထုတ်သွားဖွယ် ရှိနေသည်။
အဆိုပါ လုပ်ဆောင်မှုသည် တရုတ်စစ်တပ်၏ ဖွဲ့စည်းပုံကို ပိုမိုစနစ်ကျ တိုးတက်လာစေမည်ဟု ကာကွယ်ရေး ဝန်ကြီးဌာနက ဆိုသည်။ ထို့အပြင် စစ်တပ်ကို ပြုပြင်ပြောင်းလဲ ဖွဲ့စည်းမှုများသည် အချိန်အခါသင့်လျှင် တစ်ဆင့်ချင်းစီ ဆက်လက် အကောင်အထည်ဖော်ရန် ကျန်ရှိနေဆဲဟုလည်း သိရှိရသည်။ 
http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။