ရုရှားထံ မရောင်းဖြစ်ခဲ့သည့် စစ်ရေယာဉ်များ အီဂျစ်သို့ ရောင်းချရန် ပြင်သစ်သဘောတူ



ယခင်က ရုရှားထံ ရောင်းချရန် စီစဉ်ထားခဲ့သည့် စစ်ရေယာဉ် နှစ်စီးကို ပြင်သစ်က အီဂျစ်ထံ လက်လွှဲရောင်းချရန် သဘောတူညီခဲ့ကြောင်း သိရှိရသည်။

ပြင်သစ် သမ္မတ ရုံးစိုက်ရာ အီလိုင်ဆီ နန်းတော်က Mistralအဆင့် ရဟတ်ယာဉ်တင် သင်္ဘော နှစ်စီးကို အီဂျစ်ထံ ရောင်းချသွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၂၃ ရက်တွင် သတင်းထုတ်ပြန် ကြေညာခဲ့သည်။

အဆိုပါ သင်္ဘောများကို ပြင်သစ်က ဆောက်လုပ်ပြီး ရုရှားထံသို့ ဒေါ်လာ ၁.၃ ဘီလီယံဖြင့် ရောင်းချရန် ၂၀၁၁ ခုနှစ်တွင် သဘောတူ စာချုပ်ထားခဲ့သည်။ သို့သော်လည်း ယူကရိန်း ပြည်တွင်းရေးတွင် ရုရှား၏ ဝင်ရောက်စွက်ဖက်မှုများ ဖြစ်ပေါ်ခဲ့သည့်နောက် အနောက်နိုင်ငံများက ရုရှားအပေါ် ပိတ်ပင်မှုများ သတ်မှတ်ခဲ့ရာ စစ်ရေယာဉ်များ ရောင်းချရေး ကဏ္ဍလည်း ပျက်ပြယ်သွားခဲ့သည်။

ပြင်သစ် သမ္မတ နစ်ကိုလက်စ် ဆွာကိုဇီ လက်ထက်က ချုပ်ဆိုခဲ့သည့် စာချုပ်အရ ရောင်းချပေးမည့် သင်္ဘောများသည် ကုန်းနှင့်ရေ နှစ်တန်သွား အမျိုးအစားများဖြစ်ပြီး ရဟတ်ယာဉ် ဆင်းသက်သည့် နေရာ ၆ ခုစီ ထည့်သွင်း တည်ဆောက်ထားသည်။ ကြီးမားလေးလံသည့် ရဟတ်ယာဉ် ၁၆ စီးအပြင် တင့်ကားများနှင့် စစ်သည် ၅၀၀ ခန့်ကိုပါ တစ်ပါတည်း တင်ဆောင်နိုင်သည့် ရေယာဉ်များ ဖြစ်ကြောင်းလည်း သိရသည်။

ပြင်သစ် ကာကွယ်ရေး ဝန်ကြီး ဂျင်းယက်ဗ်စ်လီဒရိန်းက အဆိုပါ သင်္ဘော နှစ်စီးကို အီဂျစ်ထံသို့ ယူရို သန်း ၉၅၀ (ဒေါ်လာ ၁.၀၆ ဘီလီယံ)မျှဖြင့် ရောင်းချပေးရန် သဘောတူညီခဲ့ကြောင်း ပြောကြားသွားသည်။ ရေယာဉ်နှစ်စီးကို ၂၀၁၆ ခုနှစ်၊ မတ်လတွင် အီဂျစ်သို့ လွှဲပြောင်းပေးနိုင်ရန် မျှော်လင့်ထားသည်။

နှစ်နိုင်ငံ သဘောတူညီမှုအရ ပြင်သစ်သည် အီဂျစ်ရေတပ်သား ၄၀၀ ကိုလည်း ပြင်သစ်နိုင်ငံရှိ စိန့်နာဇိုင်ရာ သင်္ဘောကျင်းသို့ ခေါ်ယူကာ လိုအပ်သည့် သင်တန်းများ ပို့ချပေးသွားရမည် ဖြစ်သည်။

သင်္ဘောများ ဝယ်ယူရေးအတွက် အီဂျစ်က ချဉ်းကပ်ခဲ့ရာ ဩဂုတ် ၆ ရက်တွင် နှစ်နိုင်ငံ ဆွေးနွေးမှု စတင်ခဲ့ပြီး ပြင်သစ် သမ္မတ ဖရန်ဆွာ ဟော်လန်းနှင့် အီဂျစ် သမ္မတ အက်ဘ်ဒဲလ်ဖာတား အယ်လ်စီစီတို့ အလေးအနက် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်။ အရောင်းအဝယ် သဘောတူညီမှု မရရှိမီတွင် ကနေဒါ အပါအဝင် နိုင်ငံအချို့ကလည်း အဆိုပါ ရေယာဉ်များကို ဝယ်ယူရန် စိတ်ဝင်စားခဲ့ကြောင်း သိရှိရသည်။

http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။