တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦး (မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်)
“၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးသာ ပေါ်မလာခဲ့ရင် အမျိုးသား ညီလာခံလည်း ပြီးဦးမှာ မဟုတ်သေးဘူး။ အဲဒီဟာ ပေါ်လာတဲ့အတွက် ကမန်းကတန်း ဖြတ်ပြီးတော့ ၂၀၀၈ ခုနှစ်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြုပေးလိုက်တာ။ အမျိုးသား ညီလာခံကို ရပ်လိုက်တာ။ ရွှေဝါရောင် တော်လှန်ရေးသာ ပေါ်မလာခဲ့ရင် အခုအချိန်အထိ အမျိုးသား ညီလာခံကြီးဟာ ပြီးဦးမှာ မဟုတ်သေးပါဘူး။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေလည်း ပေါ်လာမှာ မဟုတ်သေးဘူး။ ပြန်ပြီးတော့ ရွေးကောက်ခံပွဲလည်း ဖြစ်လာမှာ မဟုတ်သေးဘူး။ ရွှေဝါရောင် တော်လှန်ရေးဟာ သံဃာတော်တွေနဲ့ ပြည်သူတွေရဲ့၊ ကျောင်းသားတွေရဲ့ တကယ့် စွန့်လွှတ် အနစ်နာခံခဲ့တဲ့ လှုပ်ရှားမှုဖြစ်ပါတယ်။ အစောက ကျွန်တော် ပြောခဲ့သလိုပါပဲ။ မြန်မာပြည် သမိုင်းမှာ ရွှေဝါရောင် လှုပ်ရှားမှုကြီးသာ ပေါ်ပေါက်မလာခဲ့ရင် အခုအချိန်အထိ အမျိုးသား ညီလာခံကြီးဟာ ပြီးဦးမှာ မဟုတ်ပါဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေလည်း ပေါ်လာမှာ မဟုတ်ဘူး။ အရပ်သားအစိုးရတို့၊ ပြန်ပြီးတော့ ရွေးကောက်မှုမှာ ၀င်ရောက် ယှဉ်ပြိုင်ခွင့်လည်း ရဦးမှာမဟုတ်ပါဘူး။ ဒါကြောင့် ဒီအရေးတော်ပုံကြီးဟာ မြန်မာပြည် သမိုင်းမှာ ထူးခြားတဲ့ သမိုင်းတင်တဲ့ အရေးတော်ပုံကြီး ဖြစ်တယ်လို့ ကျွန်တော် မှတ်ချက်ပြုချင်ပါတယ်။
ရွှေဝါရောင် တော်လှန်ရေးမှာ ကျွန်တော် အဖမ်းခံလိုက်ရတယ်။ ရွှေစာရံ လုံထိန်းစခန်းမှာ ထားတယ်။ အတော်အခြေအနေ ဆိုးတယ်ဗျ။ အတော် အံ့သြဖို့ကောင်းတာက ထိန်းချုပ်ဖို့ ဘားတိုက်တွေကို နှစ်လလောက် ကြိုလုပ်ထားတယ်လို့ သိရတယ်။ ရွှေဝါရောင် တော်လှန်ရေး မဖြစ်ခင် နှစ်လကတည်းက လူတွေကို ဖမ်းဖို့ ဘားတိုက်တွေ အဆင်သင့် လုပ်ထားတာတွေ့ရတယ်။ ကျွန်တော် သုံးကြိမ် အဖမ်းခံရဖူးတယ်။ ဒီတစ်ကြိမ် အဆိုးဆုံးပဲ။ ရဲ အချုပ်ထဲ နေရတာ။ လူ လေးယောက်လောက်ဆံ့တဲ့ အခန်းလေးထဲကို ၂၀ ကျော်လောက် ထည့်ထားတာ။ အပြင်ထုတ်ရင် သံကြိုးနဲ့ ချည်ထုတ်တာတို့၊ အတော်ကို အကျပ်အတည်းနဲ့ နေရတာ။ နောက်အချုပ်ကနေ ဘားတိုက်ကို ရွှေ့တော့လည်း ဘားတိုက်မှာ မိုးမလုံဘူး။ မိုးတွင်းဖြစ်တော့ မိုးရွာရင် အောက်မှာ ရေတစိုစိုနဲ့ နေရာရွှေ့ရွှေ့ပြီး အိပ်ရတာ။ အမှတ်ရစရာပါပဲ။
စက်တင်ဘာ ၂၆၊ ၂၇ ရက် လောက်မှာ ထင်တယ်။ ရွှေတိဂုံ ဘုရားပေါ်မှာ အသက် ၇၀ ကျော် ဘုန်းကြီး အိုကြီးကို စစ်သားက ခြေထောက်နဲ့ ကန်တာ။ ဘုန်းကြီးက ထိုင်ကန်တော့နေတာ။ အဲဒီမှာ ကျွန်တော်လည်း မျက်ရည် ပေါက်ကြီးငယ်ကျပြီးတော့ ငါဒီထက် ပိုပြီးတော့ သတ္တိ မကြောင်နိုင်တော့ဘူး။ ဒီလောက် ရိုင်းစိုင်း ယုတ်မာနေတာကို ငုံ့နေပြီးတော့ သူရဲဘော မကြောင်နိုင်တော့ဘူး။ သေချင်လည်း သေတော့ ဖမ်းချင်လည်း ဖမ်းတော့ဆိုပြီး ထွက်လာတာ။ ၃၀ ရက်နေ့ ညမှာ ကျွန်တော့်ကို လာဖမ်းတော့တာပဲ။
ဖြစ်ခဲ့တဲ့ ကိစ္စကတော့ အသည်းနာစရာလည်း ကောင်း၊ ရှက်စရာလည်း ကောင်းပေါ့ဗျာ။ ဗုဒ္ဓဘာသာ သမိုင်းမှာတော့ အင်မတန် ထင်ရှားတယ်ပေါ့ဗျာ။ ၁၉၇၄ ဦးသန့် အရေးအခင်းမှာ သံဃာတော်တွေ အသတ်ခံရဖူးတယ်။ ၈၈ မှာလည်း အဖမ်းခံရတာတွေ ရှိပါတယ်။ ဒါပေမဲ့ ဒီတစ်ခါကတော့ အတော်ဆိုးတယ်။ ရွှေတိဂုံဘုရားမှာ သံဃာအိုကြီးတွေကို ခြေထောက်နဲ့ ကန်တာမျိုး။ ရွတ်နေတာက မေတ္တာသုတ်ဗျာ။ မေတ္တာသုတ် ရွတ်နေတာကို သေနတ်နဲ့ ပစ်တာမျိုး။ ဒါမျိုးတွေက ထေရ၀ါဒ ဗုဒ္ဓဘာသာ နိုင်ငံဖြစ်တဲ့ မြန်မာပြည်မှာ ဘယ်လောက် ယုတ်မာရိုင်းစိုင်း လိုက်လဲဆိုတဲ့ အချက်ရယ်၊ ဒီလူတွေ ငရဲလည်း မကြောက်၊ သံသရာလည်း မကြောက်ကြဘူး။အသက်တွေ ကြည့်တော့လည်း အတော်ကြီးနေကြပါပြီ။ မသိနိုးထား ရာထူးဂုဏ်၊ ပညာဂုဏ်မောက်တဲ့ အရွယ် မဟုတ်ကြတော့ဘူးဗျ။ တတိယအရွယ်ထဲ ရောက်နေကြတဲ့ သူတွေ။ တစ်ဘ၀စာတောင်မှ အကြီးအကျယ် မဟုတ်ဘူး။ ၁၀ နှစ် ၁၅ နှစ် ခံမှာပါ။ အဲဒီလို တစ်ဘ၀စာ အာဏာလေး အတွက်ကြောင့် သံဃာကို ဒီလိုလုပ်ဝံ့တဲ့ သူတွေက ဗုဒ္ဓဘာသာတွေ ဖြစ်နေတယ်။ ဒါ အင်မတန် အံ့သြဖို့ ကောင်းပါတယ်။ ဒီ အပြစ်တွေကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ကာထားပေးလည်း သံသရာကိုတော့ ကာလို့မရပါဘူး။ အဲဒါ လာမှာပါပဲ။ ကိုယ်ပြုတဲ့ကံ ကိုယ်ခံကြရဦးမှာပါပဲ။ ကျွန်တော် အဲဒါကို ယုံတယ်။ စောင့်ကြည့်ရဦးမှာပေါ့။
ဒါကြီးက တစ်ကမ္ဘာလုံး တုန်လှုပ် ချောက်ချားသွားကြတာ။ ဗုဒ္ဓဘာသာနိုင်ငံမှာ ဒီလို သံဃာတော်တွေကို ဒီလို လုပ်သလားဆိုပြီး အကုန်လုံး တော်တော်ကို တုန်လှုပ် ချောက်ချားသွားကြတာ။ တော်သေးတာပေါ့ ပြည်သူတွေကိုပါ အရိုင်းအစိုင်းလို့ ထင်မသွားလို့လေ။ သူတို့ကိုတော့ အရိုင်းအစိုင်းတွေလို့ သိသွားကြတာပေါ့နော်။ သူတို့ ကိုးကွယ်တဲ့ သာသနာက သာသနာ့ ၀န်ထမ်းတွေ အပေါ်မှာတောင်မှ ဒီလို ကျူးလွန်ပါလား၊ အဲဒီတော့ သာမန်ပြည်သူဆိုရင် စဉ်းစားမနေနဲ့တော့လို့ ပြောကြမှာပဲ။
ဒီရွှေဝါရောင် တော်လှန်ရေးကြီးဟာ စစ်အာဏာရှင်တွေရဲ့ အတွင်းရုပ်ကို ဘွားဘွားကြီး ဖော်ပြစေတဲ့အပြင် သမိုင်းမှာ အဲဒီအတွက် နောက်ပိုင်းတော့ ကြောက်အား လန့်အားနဲ့ အမျိုးသား ညီလာခံကြီးကို ၁၅ နှစ် ကျင်းပနေတာကို ရပ်ပြီးတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကမန်းကတန်း အတည်ပြုလိုက်တာဗျာ။ ရွှေဝါရောင် မရှိခဲ့ရင်တော့ ဒီနေ့အချိန်အထိ အမျိုးသားညီလာခံ ပြီးဦးမှာ မဟုတ်ဘူး။
ဆရာတော် ဦးစိန္တိတ (၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး အစပြုရာ ပခုက္ကူ ဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် ဆရာတော်)
အစိုးရဘက်က အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကြိုးနဲ့လည်းမတုပ်ပါဘူး။ ဓာတ်တိုင်မှာလည်း မချည်ပါဘူး။ ရိုက်လည်း မရိုက်ပါဘူး။ သေနတ်လည်း မဖောက်ပါဘူးဆိုပြီး ကြေညာတယ်။ အဲဒီ အခြေအနေမှာပဲ အာဏာပိုင်ဘက်က အရှေ့တိုက်က ပျံလွန်တော်မူ သွားပြီဖြစ်တဲ့ ဆရာတော်ကြီး ဦးဝိပုလကို သူတို့ မလုပ်ပါဘူးဆိုပြီး ၀င်လျှောက်တယ်။ ဆရာတော်ကြီးကလည်း မင်းတို့ ပစ်လား မပစ်လားမသိဘူး ။ ငါကိုယ်တိုင် မှတ်ထားတာ ၃၆ ချက်တော့ ကြားလိုက်တယ်ဆိုပြီး ပြန်မိန့်လိုက်တယ်။ ပြည်သူအတွက် လုပ်တဲ့ သံဃာတွေကို ဒီလိုလုပ်တာ ဘာသာရေးအရပဲ ကြည့်ကြည့် ဘယ်လိုပဲ ကြည့်ကြည့် မသင့်လျော်ဘူး။ ဒါကြောင့် တောင်းပန်မှု မပြုရင် ပတ္တ နိက္ကုဇ္ဇန ကံဆောင်မယ်ဆိုပြီး ဆုံးဖြတ်လိုက်တယ်။ ဦးဇင်းတို့ နောက်ဆုံးသတ်မှတ်တဲ့ စက်တင်ဘာ ၁၈ ရက်နေ့ မတိုင်မီ အထိ အစိုးရဘက်က တောင်းပန်ခြင်း မရှိတာကြောင့် ၂၀၀၇ ခုနှစ် စက်တင်ဘာ ၁၈ ရက်မှာပဲ ကံဆောင်မှုကို လုပ်ဆောင်ခဲ့တယ်။
http://news-eleven.com/

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။