စံမောင်သန်း
စစ်တွေ၊ စက်တင်ဘာ ၂၁
ဘင်္ဂလားဒေ့ခ်ျနိုင်ငံ စစ်တကောင်းဒေသတွင် သီတင်းသုံးနေသော ဆရာတော်များနှင့် စစ်တကောင်းတောင်တန်းနေ ဗုဒ္ဓဘာသာဝင် ဒေသခံများကရခိုင်ပြည်နယ် ရေဘေးသင့်ပြည်သူများအတွက် ငွေကြေးများ ပေးပို့ လှူဒါန်းခဲ့သည်ဟု သိရသည်။
“စစ်တကောင်းတောင်တန်းနယ်မှာ သီတင်းသုံးနေတဲ့ ဗဟိုသံဃာများဦးစီးတဲ့အဖွဲ့၊ စိန်မြောင်ဆရာတော် ဦးပါမောက္ခ ဦးစီးတဲ့အဖွဲ့၊ ခါမရွာဆရာတော်၊ ထောင်သောင်းရွာဆရာတော်နဲ့ ဦးပေါ်လင်းဦးစီးတဲ့အဖွဲ့တွေက ရခိုင်ပြည်နယ် မောင်တောမြို့ မြို့မပရိယတ္တိစာသင်တိုက် မဟာကဏ္ဍ၀ါစက ပဏ္ဍိတ မြို့နယ်သံဃနာယက ဥက္ကဋ္ဌ ဘဒ္ဒန္ဒကေတုမှတဆင့် ရခိုင်ရေဘေးသင့် ပြည်သူများအတွက် သိန်း ၉၀ ကျပ် လှူဒါန်းခဲ့ပါတယ်”ဟု မောင်တောမြို့ အောင်ဗလကျောင်းတိုက်မှ ဦးသုစိတ္တမာလာက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။
အဆိုပါငွေများကို အောင်ဗလဆရာတော်မှ မောင်တောမြို့ မြို့မပရိယတ္တဆရာတော်ထံ စက်တင်ဘာလ ၁၁ ရက်နေ့ လွှဲအပ်ခဲ့သည်ဟု သိရသည်။
၎င်းသိန်း ၉၀ ကျပ်ကို မောင်တောမြို့ မြို့မဆရာတော်ကြီး အစီအစဉ်ဖြင့် တပည့်ဒကာများကို စေလွှတ်၍ ရခိုင်ပြည်နယ် ရေဘေးသင့်မြို့နယ်များထဲမှ မောင်တောမြို့နယ်အတွက် သိန်း ၃၀ ကျပ်၊ မင်းပြားမြို့နယ်အတွက် သိန်း ၃၀ ကျပ်၊ မြောက်ဦးမြို့နယ်အတွက် သိန်း၃၀ ကျပ်တို့ကို စက်တင်ဘာလ ၁၈ ရက်နေ့က ဒေသခံများထံသို့ ပေးအပ်ခဲ့သည်ဟု သိရသည်။
http://www.narinjara.com/

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။