
လောလောဆယ်တွင် မေးခွန်းတခုခေတ်စားနေ၏။ ၂၀၁၅ ရွေး ကောက်ပွဲအတွက် မဲပေးရာတွင် ပါတီအမည်ကိုကြည့်၍ မဲပေးရွေးချယ် ရမည်လား၊ ရွေးကောက်ခံကိုယ်စားလှယ်လောင်း၏ အရည်အချင်းကို ကြည့်၍ မဲပေးရမည်လားဟူသောမေးခွန်းဖြစ်သည်။ အတိုချုပ်ပြောရလျှင် လူကိုကြည့်ရမည်လော၊ ပါတီကိုကြည့်ရမည်လောဟူသည့် မေးခွန်ဖြစ် သည်။ ထိုမေးခွန်းအဖြေမှာအမျိုးမျိုးကွဲပြားသဖြင့် ပြည်သူလူထုမှာ မျက်စိလည်နေကြရ၏။ ဒေါ်အောင်ဆန်းစုကြည်က ပါတီမျက်နှာပဲကြည့်ကာ NLD ပါတီကိုမဲပေးဖို့ လှည့်လည်ဟောပြောစည်းရုံးနေသည်။ စာရေး ဆရာမရွှေကူမေနှင်း (၁၉၉၀ ရွေးကောက်ပွဲ NLD အမတ်ဟောင်း) က ရွေးကောက်ပွဲတွင် လူတော်တွေကိုရရှိရန် လူကိုသာကြည့်၍ ရွေးချယ်သင့်ကြောင်း၊ လူညံ့တွေကိုရွေးမိလျှင် လွှတ်တော်ထဲရောက်မှ သင်ပြနေရန် အချိန်မရှိကြောင်း၊ နောင်အခါမှ သင်ပြသည်ထက် တော်သောထက်မြက်သောလူများကိုသာ ရွေးချယ်သင့်ကြောင်း ပြောကြားထားသည်။ ဤတွင် လူကိစ္စနှင့် မူကိစ္စသည် ရှေ့တန်းသို့ရောက်လာ၏။ ကျွန်ုပ်ထံသို့လည်း လူနှင့်ပါတီ ဘယ်ဟာကိုကြည့်ရမည်နည်းဟု မြန်မာပြည်တလွှား ရောက်လေရာအရပ်တွင် လာရောက်မေးကြကုန်၏။ အလွယ်ဖြေမည်ဆိုလျှင် လူကောင်းကိုရွေးရမည်ဖြစ်သဖြင့် လူကိုကြည့်၍ရွေးကြပါဟု ပြောရမလို ဖြစ်နေသည်။ ကျွန်တော်သည် အသက်အတော်အတန်ရလာသောအခါ နှလုံးသားထက်ဦးနှောက်ကို ပို၍အသုံးပြုနိုင်လာသည်။ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးတတ်လာသည်။ ထိုအခါ ပါတီစွဲ ဂိုဏ်းဂဏစွဲထက် လူတော်လူကောင်းဗဟိုပြုသော လူကိုအဓိကထားရွေးမည့်စနစ်မျိုးကို ပို၍အာရုံညွှတ်မိသည်။ ထို့ကြောင့် လာမည့်ရွေးကောက်ပွဲတွင် လူကို ကြည့်၍ရွေးပါဟုဆိုမိတော့မလို ဖြစ်နေသည်။ သို့သော် မြန်မာနိုင်ငံတွင် ဖြစ်နေသည်မှာ တကမ္ဘာလုံးတွင် လက်ခံထားသော စနစ်မျိုးမဟုတ်ဘဲ ကမောက်ကမစနစ်မျိုးဖြစ်နေသည်ဖြစ်ရာ ထိုသို့ အလွယ်ပြော၍ မရ၊ ပုံသေနည်းတခုတည်းဖြင့်ကြည့်၍ မရ၊ ကမ္ဘာကလက်ခံသောစနစ်အတိုင်း လိုက်လုပ်လို့ မရ။ မြန်မာ့စနစ်သည် ပြောင်းပြန်ဖြစ်နေသဖြင့် အိုးရွဲ့ကို စလောင်းရွဲ့ နှင့်ဖုံးပါမှ တော်တည့်မှန်ကန်မည်ဖြစ်သည်။ ထို့ကြောင့် ယခုရင်ဆိုင်နေရသော မြန်မာ့နိုင်ငံရေးစနစ်ကို အကျဉ်းချုပ်ကြည့်ကြပါစို့။
သူများနိုင်ငံတွင် ၀န်ကြီးချုပ်အုပ်ချုပ်သော ပါလီမန်ဒီမိုကရေစီစနစ် (Parliamentary Executive)နှင့် သမ္မတအုပ်ချုပ်သော သမ္မတနိုင်ငံ စနစ်ဟူ၍ (Presidential Executive) အုပ်ချုပ်ရေးပုံစံနှစ်မျိုးနှစ်စား ရှိသည်။ ထိုနှစ်မျိုးနှစ်စားသည် သူ့နည်းနှင့်သူ လုပ်နည်းလုပ်ဟန် သီးခြားစီ ရှိသည်။ ပါလီမန်စနစ်တွင် အနိုင်ရပါတီ၏အကြီးအကဲသည် ၀န်ကြီးချုပ်ဖြစ်လာပြီး သူက အစိုးရအဖွဲ့ကို ခေါင်းဆောင်ဖွဲ့စည်းသည် (ဥပမာ ဦးနု၏ အစိုးရအဖွဲ့၊ အင်္ဂလန်နိုင်ငံ၏အစိုးရအဖွဲ့၊ အိန္ဒိယအစိုးရ)။ ထိုနည်းမှာ ရှင်းသည်။ အနိုင်ရသူများသောပါတီက အစိုးရဖွဲ့နိုင်သည်။ ပါတီဥက္ကဋ္ဌသည် အစိုးရအဖွဲ့ခေါင်းဆောင်(၀န်ကြီးချုပ်) ဖြစ်မည်။ နောက်ထပ်စနစ် တခုမှာ သမ္မတစနစ်ဖြစ်သည်။ ထိုစနစ်တွင် လွှတ်တော်အတွက် ရွေးကောက်ပွဲသည် သမ္မတရွေးချယ်ခြင်းနှင့်မဆိုင်၊ သမ္မတကို လူထုက သမ္မတရွေးပွဲကျင်းပပြီး တိုက်ရိုက်မဲပေးရွေးချယ်သည် (ဥပမာ အမေရိကန် ပြည်ထောင်စု)။ ဆိုလိုသည်မှာ ၀န်ကြီးချုပ်စနစ်တွင် လွှတ်တော်က ၀န်ကြီး ချုပ်ကိုရွေးသည်။ ၀န်ကြီးချုပ်က အစိုးရအဖွဲ့ကို ဖွဲ့သည်။ သမ္မတစနစ်တွင် ပြည်သူလူထုကမဲပေးပြီး သမ္မတကို တိုက်ရိုက်ရွေးကောက် တင်မြှောက်သည်။ သမ္မတက အစိုးရဖွဲ့သည်။ ၀န်ကြီးများကို ခန့်သည်။ ကမ္ဘာပေါ်တွင် သမ္မတခန့်ရာတွင်၊ ၀န်ကြီးချုပ်ခန့်ရာတွင် ဤနည်းနှစ်မျိုးကိုပဲ အသုံးများကြသည်။
မြန်မာနိုင်ငံကတော့ ပြောမဆုံးပေါင်တောသုံးတောင်ဆိုသလိုပင် ထိုစနစ်နှစ်ရပ်စလုံးကို ပယ်သည်။ ဥာဏ်ကြီးရှင်များ နှစ်ပေါင်းဆယ်စုနှစ်နှင့် ချီကာ အချိန်ယူရေးဆွဲခဲ့သော ညောင်နှစ်ပင်ညီလာခံကြီးမှ ပေါ်ထွက် လာသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ထူးခြားဆန်းပြားသော မြန်မာ့နည်းမြန်မာ့ဟန် သမ္မတရွေးချယ်တင်မြောက်နည်းစနစ်ကို တီထွင် လိုက်၏။ မြန်မာနိုင်ငံသည် သမ္မတစနစ်လည်းမဟုတ်၊ ၀န်ကြီးချုပ်စနစ် လည်းမဟုတ်သော ကိုးလို့ကန့်လန့်စနစ်ကိုကျင့်သုံးသည်။ အနိုင်ရပါတီ ၏ ဥက္ကဋ္ဌက ၀န်ကြီးချုပ်ဖြစ်နိုင်သောစနစ်မျိုးလည်း မဟုတ်၊ သမ္မတကို လူတွေက မဲပေးရွေးချယ်သောစနစ်မျိုးလည်း မဟုတ်။ ဟိုမရောက် သည်မရောက် စနစ်မျိုးဖြစ်သည်။ ကမ္ဘာပေါ်တွင် ဘယ်နိုင်ငံမှာမှမရှိသော သမ္မတရွေးချယ်နည်းဖြင့် ရွေးချယ်တင်မြှောက်ကြသောကြောင့်ဖြစ်သည်။ မြန်မာနိုင်ငံ၏ လွှတ်တော်တွင် သမ္မတရွေးမည်ဆိုသောအခါ သမ္မတလောင်းသုံးဦးကို အရင်ရွေးကြရ၏။ ရွေးချယ်ပုံမှာ စစ်တပ်က တယောက်၊ အမျိုးသားလွှတ်တော်က တယောက်၊ ပြည်သူ့လွှတ်တော်ကတယောက် ရွေးကြရ၏။ အကယ်စင်စစ် လွှတ်တော်တွင် တပ်မတော်သားကိုယ်စား လှယ် ၂၅ ရာခိုင်နှုန်း (၁၆၆ ဦး) ရွေးကောက်ပွဲမ၀င်ရဘဲ ပါဝင်ခွင့်ရနေပြီးဖြစ်ရာ စစ်တပ်မှ သမ္မတလောင်းရွေးချယ်ခွင့်ဟူ၍ ထပ်လုပ်နေစရာ မလိုတော့ပေ။ အမျိုးသားလွှတ်တော်က တယောက်၊ ပြည်သူ့လွှတ်တော်က တယောက် (စုစုပေါင်း သမ္မတလောင်း နှစ်ယောက်) ရွေးထုတ်ကာ ထိုလွှတ်တော်နှစ်ရပ်ပေါင်း (ပြည်ထောင်စုလွှတ်တော်က) သမ္မတတဦးကို ရွေးချယ်မည်ဆိုလျှင် ရှင်းပါသေး၏။ ယခုသော် မရှုပ်မရှင်းဒီမိုကရေစီစနစ်အဖြစ် သမ္မတစနစ်ကိုလည်း ကျင့်သုံးသေးသည်။ သမ္မတကိုလည်း လူထုက တိုက်ရိုက်ရွေး၍မရ၊ ၀န်ကြီးချုပ်စနစ်လို အနိုင်ရပါတီ၏ခေါင်း ဆောင်ကိုအလိုလို ၀န်ကြီးချုပ်ဖြစ်ခွင့်လည်းမရှိ။ ဟိုလိုလိုဒီလိုလိုကြီး ဖြစ်နေသောစနစ် ဖြစ်သည်။ မြန်မာနိုင်ငံတွင် လွှတ်တော်နှစ်ရပ်တည်းရှိရာမှ သမ္မတရွေးသောအခါတွင်မှ တပ်မတော်က တဖွဲ့သတ်သတ်ရွေးခွင့်ပေါ်လာသဖြင့် (တပ်မတော်လွှတ်တော်ပါ တခုတိုးကာ) မြန်မာနိုင်ငံတွင် လွှတ်တော် သုံးရပ်ပေါ်ပေါက်သလိုလို ဖြစ်နေပါသည်။ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်နှင့် တပ်မတော်လွှတ်တော်ဟူ၍ လွှတ်တော်သုံးရပ်ပုံစံဖြစ်နေပါသည်။ ပြည်ထောင်စုလွှတ်တော်ကိုပါ ထည့်တွက်လျှင် မြန်မာနိုင်ငံတွင် လွှတ်တော်လေးရပ်ရှိနေသလိုပုံစံမျိုးဖြစ်နေပါသည်။ ထိုသမ္မတလောင်း သုံးယောက်ထဲကမှ တယောက်ကိုရွေးသောအခါတွင်လည်း တပ်မတော်သည် မဲပေးခွင့် ၂၅ ရာခိုင်နှုန်း (၁၆၆ မဲ)ကို ထပ်မံယူထားသဖြင့် ယုဇန လက်ဖက်အကြော်စုံလို နှစ်ပြန်ကြော်၊ နှစ်ထပ်ကွမ်း ဖြစ်နေပါသည်။ တကယ်တမ်းပြောရလျှင် လွှတ်တော်တွင်တပ်မတော်သားများ ၁၆၆ ဦး ရွေးကောက်ပွဲမ၀င်ဘဲ ၀င်ထိုင်နေပြီဖြစ်သဖြင့် မြန်မာနိုင်ငံတ၀န်းရှိ တပ်မတော်သားများသည် မဲပေးခွင့်ပင်မရသင့်တော့ပါ။ လူလည်း ခေါ်လာ၊ မဲလည်းထပ်ပေးစနစ်သည် အကျောနှစ်ကြိမ်ယူသလိုဖြစ်နေပါသည်။ သမ္မတရွေးရာတွင်လည်း ဒီမိုကရေစီနည်းကျမဟုတ်ဘဲ လူတယောက် ရွေးခွင့်ပေးထားပြီးဖြစ်သဖြင့် မဲပေးရာတွင်ဝင်မပါသင့်တော့ပါ။ ထိုသို့ မဟုတ်ဘဲ သမ္မတရွေးပွဲ၌ မဲပေးရာတွင်ပါချင်လျှင် တပ်မှလူတယောက် ရွေးချယ်ပေးခွင့်မရှိသင့်တော့ပါ။ ယခုဖြစ်နေပုံမှာ ဦးပုည၏ရေသည် ပြဇာတ်ထဲက ရေသည်ယောကျာ်းလို မြို့ရိုးကြားတွင်ဝှက်ထားသော အသပြာတပဲကိုလည်း လိုချင်သည်။ ဘုရင်ကြီးဆုချမည့် ဆုငွေကိုလည်း လိုချင်သည်ဆိုသောပုံမျိုး ဖြစ်နေပါသည်။
ထိုအကျောနှစ်ကြိမ်ယူထားသောစနစ်ကြောင့် ပြည်သူလူထုသည် စစ်တပ်ကတင်မြှောက်သော သမ္မတလောင်းမဟုတ်ဘဲ ပြည်သူလိုလားသော ဒီမိုကရေစီသမ္မတလောင်း စစ်စစ်တယောက်ကို တင်မြှောက်ချင်သည်ဆိုလျှင် လွှတ်တော်တွင် ၅၁ ရာခိုင်နှုန်း (အမတ်ဦးရေ တနိုင်ငံလုံး စုစုပေါင်း ၃၃၃ ဦးရဖို့လိုသည်)။ ထို့ကြောင့် ကျွန်တော်တို့သည် စစ်အာဏာရှင်မဟုတ်သော ဒီမိုကရေစီ အစိုးရတရပ် ၂၀၁၅ ရွေးကောက်ပွဲအပြီးတွင် ပေါ်ထွန်းစေချင်သည်ဆိုလျှင် တောင်တောင်အီအီ စဉ်းစားမနေဘဲ ဒီမိုကရေစီဘက်တော်သား လွှတ်တော်အမတ် ၃၃၃ ယောက်ကို နေပြည်တော် ပြည်ထောင်စုလွှတ် တော်ခန်းမထဲသို့ရောက်အောင် ပို့နိုင်ဖို့လိုသည်။ တကယ်တမ်းတွင် စွမ်းရည်မြင့်မားလှသော လွှတ်တော်နှင့် စွမ်းရည်မြင့်မားသောအစိုးရဟူ၍ နှစ်မျိုးစလုံးရွေးချယ်ခွင့်ရလျှင် အကောင်းဆုံးဖြစ်သော်လည်း ယခုမြန်မာ နိုင်ငံတွင်ဖြစ်နေပုံမှာ ပြည်သူလူထုက ရွေးချယ်တင်မြှောက်သော အရပ်သား အစိုးရတက်လာရေးမှာ သေရေးရှင်ရေး အရေးကြီးနေသောအချိန် ဖြစ်သည်။ ထို့ကြောင့် လွှတ်တော်တွင် မဲခွဲသောအခါ ကိုယ့်ဘက်က အသာရမှ အရပ်သားအစိုးရဖွဲ့နိုင်မည်ဖြစ်သဖြင့် အရေအတွက်သည် အဓိကကျနေသောအချိန်လည်းဖြစ်သည်။
နှစ်ပြန်ကြော်အဖွဲ့နှင့်ရင်ဆိုင်ရာတွင် ၃၃၃ ဦး ကိုယ့်ဘက်ကမရှိဘဲ ဒီမိုကရေစီသမ္မတ မဖြစ်နိုင်၊ ဒီမိုကရေစီအစိုးရ မဖြစ်နိုင်၊ ဒီမိုကရေစီနိုင်ငံ မဖြစ်နိုင်။ ထို့ကြောင့် လူဖြစ်စေ၊ ခွေးဖြစ်စေ၊ ကြောင်ဖြစ်စေ ခလုတ်နှိပ် မဲပေးတတ်သူမှန်သမျှကို ပြည်သူ့ဘက်တော်သား ပါတီကြီးတခုမှ အမတ်များဆိုလျှင် ပုံအောထောက်ခံကြဖို့သည် မြန်မာ့နိုင်ငံရေးအနာဂတ်အတွက် သေရေးရှင်ရေး အရေးကြီးနေခြင်း ဖြစ်သည်။ ထို့ကြောင့် လူကိုမကြည့်ဘဲ ပါတီကိုကြည့်၍ မဲပေးကြပါဆိုခြင်းသည် ယခုအချိန်(၂၀၁၅ ရွေးကောက်ပွဲအတွက်) မှန်ကန်သောစကား ဖြစ်သည်။ လွှတ်တော်တွင် ပါတီကိုမကြည့်ဘဲ လူတော်တွေကို ချည်းကြည့်ကာ ရွေးချယ်လိုက်လျှင်တောင် ထိုလွှတ်တော်သည် စွမ်းဆောင်ရည် အလွန်မြင့်သော လွှတ်တော်တရပ်(လောလောဆယ်၌) ဖြစ်လာနိုင်ဦး မည်မဟုတ်ချေ။ အဘယ့်ကြောင့်ဆိုသော် လွှတ်တော်၌ မည်သည့်အရေးပါသော ဆုံးဖြတ်ချက်မဆို တပ်မတော်သား ၂၅ ရာခိုင်နှုန်းက မထောက်ခံဘဲ ဆုံးဖြတ်၍မရသောကြောင့်ဖြစ်သည်။ ဤဖြစ်စဉ်ကို ယခုမကြာသေးမီက ပုဒ်မ ၄၃၆ ပြုပြင်ရေး လွှတ်တော်တွင်း ဆန္ဒမဲခွဲကြစဉ်က ပြုပြင်ပြောင်းလဲရေး ဆန္ဒမဲပေးသူရွေးကောက်ခံအမတ်များ၏ မဲဆန္ဒ အသာစီးရခဲ့သော်လည်း တပ်မတော်သား(၁၆၆ ဦး) များ ကန့်ကွက်မဲပေးခဲ့ကြသောကြောင့် အခြေခံဥပဒေပြင်ဆင်ရေးအဆိုများ ရှုံးနိမ့်ခဲ့ကြသည့် သာဓက ရှိပြီးသားဖြစ်သည်။ ထိုနမူနာအရ ကျွန်တော်တို့သည် ပါတီကိုမကြည့်ဘဲ ဟိုလူသည်လူစသည်ဖြင့် ကောင်းနိုးရာရာရွေးချယ်၍ လွှတ်တော်ထဲသို့ ပို့ခဲ့ပြီဆိုကြပါစို့။ သမ္မတရွေးပွဲမဲပေးရာတွင် တပ်မတော်မှတင်သွင်းလာသော စစ်ဗိုလ်ချုပ်ဟောင်းတဦးကို ထောက်ခံမဲပေးမည့် လူ ၃၃၃ ယောက်စုမိသွားပါက နောက်ထပ်ငါးနှစ်တိတိ အရပ်ဝတ်စစ်အုပ်ချုပ်ရေးကို လည်စင်းခံကြရဦးမည်ဖြစ်သည်။ ထိုသို့မဖြစ်လိုလျှင် အရပ်သားပညာတတ်အစိုးရဖြစ်မြောက်နိုင်သည်ဟု ယုံကြည်ယူဆသည့် ပါတီတခုကို ပုံအောရွေးချယ်ခြင်းဖြင့် လွှတ်တော်တွင် ရွေးကောက်ခံဒီမိုကရေစီ ဘက်တော်သား အနည်းဆုံး ၃၃၃ ဦးကို ရွေးချယ်နိုင်ရပေမည်။ ထို ၃၃၃ ဦးက အသင့်တော်ဆုံး ဒီမိုကရက်တစ်သမ္မတတဦးကို ရွေးချယ်လိုက်ခြင်းအားဖြင့် ၁၉၆၂ ခုနှစ်မှစကာ ပထမဆုံးအကြိမ် အရပ်သားအစိုးရဖြစ်လာ နိုင်ခွင့်ရှိပေသည် (ကာချုပ်ကတိုက်ရိုက်ခန့်သော ၀န်ကြီးသုံးပါးကိုတော့ ချန်ထား၍မရနိုင်သေးပေ)။ ထိုအရပ်သားအစိုးရသည် အရပ်သားဝန်ကြီးများ၊ အရပ်သားတရားသူကြီးချုပ်၊ အရပ်သားရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ၊ အရပ်သားရှေ့နေချုပ်၊ အရပ်သားသံအမတ်ကြီးများကို ခန့်အပ် ခွင့်ရှိပြီး တိုင်းပြည်၏ ယိုင်လဲပြိုကျပျက်စီးနေသော တရားရေးမဏ္ဍိုင်၊ စီးပွာရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်များကို ပြင်ဆင်မောင်းနှင်ခွင့်ရပေမည်။ ပညာရေး၊ ကျန်းမာရေးဝန်ကြီးဌာနများတွင် မိုးကျ ရွှေကိုယ်များရောက်လာခြင်းကို တားဆီးနိုင်ပေလိမ့်မည်။ ၀န်ထမ်းများ အဂတိလိုက်စားမှုကို ယခုထက် ပိုမိုတိုက်ဖျက်နိုင်ပေလိမ့်မည်။ သေချာသည်ကတော့ အရပ်သားပညာတတ်များ ငါးနှစ်အုပ်ချုပ်ခွင့်ရခဲ့လျှင် ၁၉၆၂ မှ ၂၀၁၅ အထိ ၅၃ နှစ်လုံးလုံး မြန်မာနိုင်ငံကိုအုပ်ချုပ်ခဲ့သော စစ်အစိုးရထက်တော့ များစွာသာလွန်ကောင်းမွန်တိုးတက်အောင် ပြုလုပ်နိုင်ပေလိမ့်မည်။ စစ်တပ်လိုလားသောဘက်တော်သားများ တကျော့တဖန် ပြန်တက်လာလျှင်တော့ ပြည်သူလူထုအများစုကြီး၏ဘ၀မှာ ဒုံရင်းဒုံရင်းဖြစ်လိမ့် မည်။ အာဏာရှင်လက်ဟောင်းလက်သစ်များ၊ ခရိုနီကြီးများသာ ယခင်ကလို စားပေါက် ချောင်ပြီးရင်းချောင်နေကြပေလိမ့်မည်။ လူတစုက ထားစရာမရှိအောင် ချမ်းသာကာ လူအများစုက စားစရာမရှိအောင်ဆင်းရဲ နေကြပေလိမ့်မည်။
အချို့ကမေးကြသည်မှာ အချို့တသီးပုဂ္ဂလအမတ်များ၊ တိုင်းရင်း သားပါတီများ၊ ပါတီငယ်ကလေးများမှဝင်ပြိုင်သော အရည်အချင်းရှိသည့် အမတ်လောင်းများကိုလည်း မဲပေးချင်သည်။ ပါတီကိုကြည့်ပါဆိုသော စကားအရ လူထုလိုလားသောပါတီကြီးတခုကိုလည်း မဲပေးချင်သည်။ ဘယ်လိုလုပ်ရမှန်းမသိပါဟု ဒွိဟဖြစ်နေသူများလည်း ရှိသည်။ အဓိကမှာ လွှတ်တော်တွင်းသမ္မတရွေးပွဲတွင် ဒီမိုကရေစီဘက်တော်သားများ တင်မြှောက်သော သမ္မတလောင်းကို မဲပေးမည့်သူဆိုလျှင် တသီးပုဂ္ဂလ အမတ်ကိုလည်း မဲပေးရွေးချယ်နိုင်ပေသည်။ တသီးပုဂ္ဂလများကလည်း လွှတ်တော်ထဲတွင် သမ္မတရွေးသောအခါ တပ်မတော်မှရွေးသော သမ္မတလောင်းကို မဲပေးမည်လော၊ ဒီမိုကရေစီဘက်တော်သားများရွေးချယ်သော သမ္မတလောင်းကို မဲပေးမည်လောဆိုတာ ရွေးကောက်ပွဲမတိုင်ခင် ကတည်းက သဲသဲကွဲကွဲ ပြောကြားသင့်ပေသည်။ ဒီမိုကရေစီလိုလိုနှင့် သာရာဘက်သို့ အခွင့်အရေးပေးသဖြင့် ကူးသွားသူ (သာကူးများ) မဖြစ်ဖို့ အရေးကြီးပေသည်။ ထိုသို့ အာမခံစစ်စစ်ပေးနိုင်ပါက ပြည်သူ့ဘက်ပါသော တသီးပုဂ္ဂလအမတ်များကိုလည်း (ဆန့်ကျင်ဘက်အုပ်စုနှင့် မပေါင်းဘူးဟု စိတ်ချရသည်ဆိုလျှင်) မဲဆန္ဒရှင်များသည် နှစ်သက်သလို မဲပေးရွေးချယ်နိုင်ကြပါ၏။ အဓိကကျသည်ကား ပြည်သူ့ဘက်သား ၃၃၃ ယောက် ကိုယ့်ဘက်မှာရှိဖို့ဖြစ်သည်။
လွှတ်တော်တွင် အခြား ဒီမိုကရေစီနိုင်ငံများမှာလို အစိတ်သား အရောအနှောအဖွဲ့မရှိတော့သောအခါ၊ နိုင်ငံ၏သမ္မတကို ပြည်သူလူထုက တိုက်ရိုက်မဲပေးရွေးကောက်ခွင့်ရှိလာသော တနေ့တွင် ရွေကူမေနှင်း တို့ပြောသလို လူကိုပဲကြည့်၍ မဲပေးရမည့် လွှတ်တော်ရွေးကောက်ပွဲများ ရောက်လာပါဦးမည်။ လွှတ်တော်သည် လွှတ်တော်အလုပ်ကိုလုပ်နိုင်သော တနေ့၊ သမ္မတသည် သမ္မတအလုပ်ကိုလုပ်နိုင်သောတနေ့၊ တပ်မတော် သည် လွှတ်တော်နှင့် အစိုးရအဖွဲ့တွင် ၀င်မပါသောတနေ့၊ တပ်မတော် နှင့်နိုင်ငံရေးပါတီကြီးတခု ရောနှောမနေတော့သောတနေ့တွင် လူကို ကြည့်၍ မဲပေးရပေမည်။ ယခုသော်ကား တခါလာလည်းမဲပြာပုဆိုးဟူသော စကားလို ဒီလူတွေပဲ ဘောင်းဘီဝတ်ကာအုပ်ချုပ်လိုက်ကြ၊ ဘောင်းဘီ ချွတ်ကာ ပါတီတခုကိုယ်စားပြု၍ လွှတ်တော်ထဲပြန်ဝင်လာကြ၊ ဘောင်းဘီချွတ်က ဘောင်းဘီဝတ်ကိုမဲပေးကာ သမ္မတတင်မြှောက်လိုက်ကြဟူသော ထူးမခြားနားသံသရာဝဲသြဃမှ လွတ်မြောက်ရာ အမှန်ဒီမိုကရေစီ မြတ် နိဗာန်ကို အကယ်စင်စစ်ရောက်လိုကြပါလျှင် လာမည့်ရွေးကောက်ပွဲ၌ ဘယ်သူဘယ်ဝါ မောင်ဖြူမောင်နီ၊ ဒေါ်စိမ်း၊ ဒေါ်ဖြူ အရိုးများသော ချေးခါးသော ရွေးမနေကြဘဲ အရပ်သားအစိုးရဖြစ်လာနိုင်မည့်ပါတီကိုသာ တံဆိပ်ကြည့်၍ မဲပေးသင့်ပါကြောင်း။ နှစ်ပြန်ကြော်နှင့် တပြန်ကြော် ပြိုင်ရဆိုင်ရမည်ဖြစ်၍ တပြန်ကြော်ဘက်တော်သား ၃၃၃ ယောက် နေပြည်တော်သို့ရောက်ဖို့သာ လောလောဆယ်လိုရင်းဖြစ်ပါကြောင်း။ဒီမိုကရေစီဆိုသောအိုးကြီးမှာ လောလောဆယ် ရွဲ့စောင်းနေပါသေးသဖြင့် ရိုးရိုးအဖုံးနှင့်ဖုံး၍မရ စလောင်းအရွဲ့နှင့်ဖုံးပါမှ အံဝင်ခွင်ကျ fit size ကျမည်ဖြစ်ပါကြောင်း။ လူထက်ပါတီကိုကြည့်ကာ ဤတကြိမ်တွင်တော့ မဲပေးကြစေလိုကြောင်း တိုင်းပြည်အကျိုးကို ရှေးရှုကာရေးသားလိုက်ရ ပါသတည်း။
သရ၀ဏ်(ပြည်)
____News Watch(စောင့်ကြည့်သတင်းဂျာနယ်)
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။