စံမောင်သန်း
စစ်တွေ၊ သြဂုတ် ၃၁

မောင်တောမြို့နယ်တွင် ဘင်္ဂလီများအား နိုင်ငံသားစိစစ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေရာ ယခင်စိစစ်ရေး အဖွဲ့တွင်ပါဝင်သော ရပ်ကွက် အုပ်ချုပ်ရေးမှူး ၄ဦးကို မောင်တောမြို့သူ မြို့သားများက သဘောမတူသဖြင့်မောင်တောမြို့သူမြို့သားများနှင့် ရဟန်း သံဃာများက ရွေးချယ် အဆိုပြုထားသော လူနှစ်ဦးကို မြို့နယ်အုပ်ချုပ်ရေးမှူးက အစားထိုး ခန့်အပ် လိုက်သည်ဟု သိရသည်။
“ပထမတုန်းကတော့ နိုင်ငံသားစိစစ်ရေးလုပ်ငန်းမှာမောင်တောမြို့သူမြို့သားကို ကိုယ်စားပြုသူတွေအဖြစ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ၄ ဦးကို ထည့်ထားပါတယ်။ အဲဒီကိစ္စကို မောင်တောမြို့သူ မြို့သားတွေက မကျေမနပ်ဖြစ်ပြီးတော့ တင်ပြကြတဲ့ အတွက် အခု ဒေသခံ နှစ်ဦးကို အသစ်ခန့်အပ်လိုက်ပါပြီ။ ဒီတစ်ရက်နှစ်ရက်မှာပဲ အော်ဒါထွက်ပါတယ်။ကျွန်တော်နဲ့ ရှေ့နေဘ၀င်းကို ခန့်အပ်လိုက်ပါတယ်”ဟု အသစ်ခန့်အပ်ခံရသူထဲတွင် ပါဝင်သည့် ဦးသိန်းထွန်းကနိရဉ္စရာသတင်းဌာနသို့ ပြောသည်။
ယခင်အဖွဲ့က ဘင်္ဂလီ ၁၃၄ ဦးကို စိစစ်ပြီး ပြည်နယ်သို့ တင်ပြထားပြီးပြီဖြစ်ကြောင်း၊ အဆိုပါ ၁၃၄ ဦးကို အထက်သို့တင်ပြခြင်းကိစ္စကို မြို့နယ်ဥပဒေ အရာရှိက သဘောမတူ၍ လက်မှတ်မထိုးကြောင်း ကြားသိရသည်ဟု ဦးသိန်းထွန်းက ပြောသည်။
မောင်တောမြို့နယ်၌ နိုင်ငံသားစိစစ်ရေးအဖွဲ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူးက အဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ် လ၀က မှူးကအတွင်းရေးမှူးနှင့် မြို့နယ်ရဲမှူး၊ ဥပဒေအရာရှိတစ်ဦး၊ ရခိုင်သားကိုယ်စားလှယ် ၂ ဦးနှင့် ဘင်္ဂလီကိုယ်စားလှယ် တစ်ဦး စုစုပေါင်း ၇ ဦးပါဝင်သည်ဟု သိရသည်။
___Narinjara

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။