မြေအောက်ကို ထိုးဖောက်နိုင်သည့် ရေဒါဓာတ်ပုံအရ ရွှေများ တင်ဆောင်ထားသည့် နာဇီတို့၏ ရထား အမှန်တကယ်ရှိသည်ဟု ပိုလန်ယဉ်ကျေးမှု ဒုဝန်ကြီး ပြောကြား

သြဂုတ် ၂၈ ရက်က ပိုလန်နိုင်ငံ ၀ယ်ဘရစ်ခ်ျမြိ့ရှိ နာဇီတို့၏ ရွှေရထား လျှို့ဝှက်ထားရှိခဲ့သည်ဟု ယူဆရသော မြေအောက်ပြခန်းတစ်နေရာကို တွေ့ရစဉ်
မြေအောက်ကို ထိုးဖောက်နိုင်သည့် ရေဒါဓာတ်ပုံအရ ရွှေများကို တင်ဆောင်ကာ ထွက်ခွာသွားသည်ဟူသည့် နာဇီတို့၏ ရထားတစ်စင်းသည် အမှန်တကယ်ရှိကြောင်း ပိုလန်နိုင်ငံ ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ၀န်ကြီးက သြဂုတ် ၂၈ ရက်တွင်ပြောကြားခဲ့သည်။ သူက အဆိုပါရထားရှိကြောင်း ၉၉ ရာခိုင်နှုန်း သေချာသည်ဟုပင် ပြောကြားခဲ့သည်။

ဂျာမန်တစ်ဦးနှင့် ပိုလန်တစ်ဦးတို့က  နိုင်ငံအနောက်တောင်ပိုင်းရှိ ၀ယ်ဘရစ်ခ်ျမြို့တွင် သံချပ်ကာကား ရထားတစ်စီးကို တွေ့ရှိရကြောင်း အခိုင်အမာပြောကြားခဲ့ပြီး နောက် နာဇီတို့ ခိုးယူလာသည့် ရွှေများနှင့် ရတနာများ အပြည့်တင်ဆောင်လာသော ရထားရှိကြောင်း ဒေသခံမီဒီယာများက ရက်ပေါင်းအတန်ကြာ ဖော်ပြခဲ့ကြသည်။

“ကျွန်တော် မြေအောက်ကို ထိုးဖောက်ရိုက်ကူးနိုင်တဲ့ ရေဒါကနေ အရည်အသွေးကောင်းမွန်တဲ့ ဓာတ်ပုံတစ်ပုံကို ကျွန်တော် တွေ့ရှိခဲ့ပါတယ်။ အဲဒီမှာ ရထားရဲ့အသွင်အပြင်ကို မြင်ရပါတယ်” ဟု ပိုလန်ယဉ်ကျေးမှု ဒုတိယ၀န်ကြီး ပီယော့တာဇူချိုးစကီးက သတင်းထောက်များအား ပြောကြားခဲ့သည်။ သူက သူသည် ဓာတ်ပုံတွင် သေနတ်ထားသည့်နေရာများနှင့် ပလက်ဖောင်းများကိုပင် ခန့်မှန်းနိုင်ခဲ့သည်ဟု ဆိုသည်။

“အဲဒီလိုမျိုးရထား တကယ်ရှိတယ်ဆိုတာ ကျွန်တော့်အတွက် ၉၉ ရာခိုင်နှုန်းကျော်အောင် သေချာပါတယ်။ ဒါပေမဲ့ အခုချိန်မှာတော့ ရထားပေါ်ပါတဲ့ ပစ္စည်းတွေရဲ့ သဘောသဘာဝကို အကဲမဖြတ်နိုင်သေးပါဘူး” ဟု ဇူချိုးစကီးက ပြောကြားခဲ့သည်။

သြဂုတ် ၂၈ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့မှုနှင့် ပတ်သက်၍ ကမ္ဘာ့ဂျူးကွန်ဂရက် (WJC) က ကြေညာချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။ “ဒီပစ္စည်းတွေဟာ သတ်ဖြတ်ခြင်းမပြုမီ ဒါမှမဟုတ် ညှဉ်းပန်းနှိပ်စက်ရေး စခန်းကို မပို့မီ ဂျူးတွေဆီက ခိုးယူထားတာဆိုရင် ဒီပစ္စည်းတွေကို ပိုင်ရှင်တွေ ဒါမှမဟုတ် သူတို့ရဲ့ အမွေဆက်ခံသူတွေကို ပြန်ပေးရပါမယ်” ဟု WJC ၏ ဥက္ကဋ္ဌ ရောဘတ်ဆင်းဂါးက ကြေညာချက်၌ ပြောကြားထားသည်။

“အသက်ရှင်ကျန်ရစ်သူ ဒါမှမဟုတ် အမွေဆက်ခံသူ ဒါမှမဟုတ် ဂျူးမိသားစုတွေ  ဂျူးပိုင်လုပ်ငန်းတွေက ပိုင်ဆိုင်ကြောင်း ရှာမတွေ့နိုင်တဲ့ရွှေ ဒါမှမဟုတ် အခြားပစ္စည်းတွေကို အသက်ရှင်ကျန်ရစ်တဲ့ ပိုလန်ဂျူးတွေအကျိုးအတွက် အသုံးပြုရပါမယ်” ဟု လည်း ရောဘတ်ဆင်းဂါးက ပြောကြားခဲ့သည်။ ဇူချိုးစကီးကမူ ရထားကိုတွေ့ရှိခဲ့သည့် အမည်မဖော်လိုသူ နှစ်ဦးသည် ရထားတွင် တွေ့ရှိရသည့် ပစ္စည်းများ၏ ၁၀ ရာ ခိုင်နှုန်းကို ရှာဖွေခအဖြစ် ရပိုင်ခွင့်ရှိသည် ဟု ပြောကြားခဲ့သည်။ 
news-eleven.com
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။