၁။ ဥက္ကဋ္ဌအမည်- ဦးအောင်သန်းတင့်
၂။ ပါတီဝင်အရေအတွက်- သုံးသောင်းခန့်
၃။ မဲဆန္ဒနယ်- မကွေးတိုင်းဒေသကြီးတွင် တောင်တွင်းကြီးမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးတွင် မြို့နယ် ၁၀ မြို့နယ်နှင့် ပြည်နယ်များတွင် ဗမာတိုင်းရင်းသားရေးရာမှ ၀င်ရောက်ယှဉ်ပြိုင်မည်။
၎။ ပါတီမူဝါဒ− လွတ်လပ်ခြင်း၊ ညီမျှခြင်း၊ တရားမျှတခြင်း စသည့်လောကပါလတရားထွန်းကားရန်။ ဗမာလူမျိုး၊ ဗမာစကား၊ ဗမာစာပေ၊ ဗမာယဉ်ကျေးမှု အမွေအနှစ်စရိုက်များကို ထိန်းသိမ်းစောင့်ရှောက်ရန်။ ဗမာအမျိုးသားများသည် ပြည်ထောင်စုစိတ်ဓာတ်ဖြင့်တိုင်းရင်းသားများ နှင့်ပူးပေါင်းကာ လက်တွဲနေထိုင်ရန်။ ဒီမိုကရေစီရှင်သန်ရေး၊လူ့အခွင့်အရေးများထွန်းကား၍ ပြည်ထောင်စုစနစ်ဖြစ်ရန်၊ ဖက်ဒရယ်စနစ်ဖြစ်ရန်။
၅။ ဆောင်ပုဒ်- သခင်မျိုးဟေ့ တို့ဗမာ။
၆။ ကိုယ်စားလှယ်လောင်းရွေးချယ်မှုသတ်မှတ်ချက်- နိုင်ငံရေးအတွေ့အကြုံ ရှိရန်၊ လူထုအခြေပြုစဉ်းစားသူဖြစ်ရန်၊ ဘွဲ့ရဖြစ်ရန် လိုအပ်သည်။
၇။ ပါတီရန်ပုံငွေ− ရန်ပုံငွေဖြင့်လည်ပတ်နေ၊ စပွန်ဆာပေးမည့်ကုမ္ပဏီများရှိပါက လက်ခံသွားမည်။
၈။ ပါတီနောက်ခံသမိုင်းကြောင်း- ၂၀၁၁ တွင် ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးပါတီအဖြစ် မှတ်ပုံတင်ခဲ့။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်လေးနေရာမှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့။ ၂၀၁၅ ရွေးကောက်ပွဲတွင် ဗမာပြည်သူ့ပါတီအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည်။
ပါတီဥက္ကဋ္ဌနှင့် အမေးအဖြေ
၁။ လွှတ်တော်ထဲရောက်ရင် အခြေခံဥပဒေပြင်ဆင်ဖို့ ဘယ်လိုမျိုး စွမ်း ဆောင်နိုင်မလဲ။
အခြေခံဥပဒေကို ပြင်ကိုပြင် ရမယ်လို့ လုံးဝယုံကြည်ထားပါတယ်။ ဘာဖြစ်လို့တုံးဆိုတော့ တကယ့်ဒီမိုကရေစီစနစ်နဲ့ သဟဇာတမဖြစ်တဲ့ ဥပဒေဖြစ်နေတယ်။ ဥပမာအားဖြင့် တပ်မတော်သား ၂၅ ရာခိုင်နှုန်း ပါဝင်နေတာမျိုး။ ဒီမိုကရေစီနိုင်ငံဆိုရင် တပ်မတော်က အုပ်ချုပ်ရေးမှာဝင်ပါဖို့မလိုဘူး။ လုံခြုံရေးပိုင်းပါဝင်ရမှာ။ အုပ်ချုပ်ရေးယန္တရားပိုင်းမှာ တပ်မတော်ပါဝင်စရာမလိုဘူး။ လုံခြုံရေးပိုင်းကို တာဝန်ယူရမှာ။ ဒီတာဝန် ယူမှု လွဲနေတယ်ပေါ့။ ဒီမိုကရေစီ စနစ်ဆို တာက အချုပ်အခြာအာဏာက ပြည်သူ့လက်ထဲမှာရှိတာကိုး။ ပြည်သူလူထုရွေးချယ်ပေးမှသာလျှင် ပြည်သူ့ကိုယ်စားလှယ်ဖြစ်တာကိုး။ အခုဟာက ဒီမိုကရေစီစနစ်ဆိုတာ လည်း ကိုယ်စားလှယ်စနစ်နဲ့ အုပ်ချုပ်နေတဲ့ပုံစံဖြစ်နေတယ်။ ပြည်သူကရွေးချယ်တာမဟုတ်တဲ့အတွက် ဖွဲ့စည်းပုံက တော်တော့်ကိုပဲပြင်ရမယ့် အနေအထားမှာ ရှိနေတယ်လို့ မြင်တယ်။ ဒါကြောင့် လွှတ်တော်ထဲ မြန်မြန်ရောက်ရင် ဖွဲ့စည်းပုံပြင်ရေးသည် ပထမပဲ။ ဘယ်လောက်ထိ စွမ်းဆောင်နိုင်လိမ့်မယ်ဆိုတာကတော့ တစ်ဦးတစ်ယောက်တည်း နဲ့ စွမ်းဆောင်နိုင်မှာမဟုတ်ဘူး။ ဒီမိုကရက်တစ်အင်အားစုတွေ လွှတ်တော်ထဲမှာ များလာရင်တော့ အားကောင်းလာပြီး ထိထိရောက်ရောက် ရှိလိမ့်မယ်လို့ ယူဆတယ်။ ၂၀၁၅ မှာ လွှတ်တော်ထဲမှာ ဒီမိုကရက်တစ် အင်အားစုတွေများကို များလာလိမ့်မယ်လို့ ယုံကြည်တယ်။

၂။ လွှတ်တော်ထဲရောက်ရင် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေးမှာ ဘယ်လောက်ထိ ကူညီပေးနိုင်မယ်လို့ ယုံကြည်လဲ။
ပြည်တွင်းငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ ဆွေးနွေးပွဲတွေမှာပါဝင်တယ်။နိုင်ငံရေးပါတီတွေ တွေ့ဆုံတဲ့အခါမှာလည်း တွေ့ရပါတယ်။ တွေ့တဲ့ အခါမှာ ဘာပြောလဲဆိုတော့ ဒီကိစ္စကို နိုင်ငံရေးပါတီတွေအနေနဲ့ အထူးကိုလိုလားပါတယ်။ ကြေညာချက်တွေလည်း ထုတ်ခဲ့တာပဲ။ ဒါတွေက နိုင်ငံရေးပါတီတွေရဲ့ တွန်းအားတွေပဲ။ ကိုယ်တတ်နိုင်တဲ့နေရာကနေ အုတ်တစ်ချပ်၊ သဲတစ်ပွင့်အနေနဲ့ ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ ရှေ့ဆက်ပြီး တော့လည်း နိုင်ငံရေးပါတီတွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားဦးမှာပဲ။ အုပ်စုလိုက် ငြိမ်းချမ်းရေးကိစ္စတွေမှာ ဆောင်ရွက်နေပါတယ်။ ရှေ့ဆက်ပြီး တော့လည်း ဆောင်ရွက်မှာပါပဲ။

၃။ ပြည်သူတွေရဲ့ ၀င်ငွေ/ထွက်ငွေမျှအောင် ကူညီပေးဖို့စဉ်းစားထားလား။
စဉ်းစားထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တိုင်းပြည်မှာက အခြေခံလူတန်းစားက အများကြီးဆင်းရဲတာပေါ့။ ပြောမယ်ဆိုရင် အန်ကယ်တို့ပါတီက အခြေခံလူတန်းစားကိုလည်း အခြေခံတယ်။ ပြည်သူလူထုကို အခြေခံတယ်ဆိုရင် ပြည်သူလူထု အများစုက ဆင်းရဲတယ်။ ဆင်းရဲတဲ့လူတန်းစားက တိုးတက်လာမှ၊ စီးပွားရေးက မြင့်လာမှသာလျှင် ဒီတိုင်းပြည်ကလည်း ချမ်းသာတဲ့၊ တိုးတက်တဲ့တိုင်းပြည်ဖြစ်လာမှာ လေ။ အဲဒါကြောင့် ပြည်သူတွေ ၀င်ငွေ၊ ထွက်ငွေညီမျှမှုရှိလာအောင် လုပ်ဖို့လိုအပ်ပါတယ်။ ကြိုးစားပြီးလည်း လုပ်ဆောင်သွားမှာပါ။

၎။ ပြည်သူတွေက ဗမာပြည်သူ့ပါတီကို ဘာကြောင့် မဲပေးသင့်လဲ။
အန်ကယ်တို့ပါတီက ဗမာ ပြည်သူ့ပါတီလို့ ပြောတယ်။ ဗမာလူမျိုး ကို ကိုယ်စားပြုတဲ့ပါတီကလည်း ဗမာလူမျိုးစစ်စစ်အနေနဲ့ဆိုရင် အန်ကယ့်ပါတီတစ်ခုပဲရှိတယ်။ ဗမာလူမျိုးတွေကို နံပါတ် (၁)ထားပြီး အကျိုးပြု မယ်။ ဗမာများသည် ဗမာပြည်သူ့ပါတီကို မဲပေးသင့်တယ်။ နောက်တစ်ခု က ဗမာပြည်သူ့ပါတီက တိုင်းရင်းသားများနဲ့ လက်တွဲမယ်ဆိုတော့ကာ မူဝါဒထိပ်ဆုံးမှာထားခဲ့တဲ့အတွက် မဲပေးသင့်တဲ့ ပါတီတစ်ခုလို့ ပြောချင် တယ်။

၅။ သမ္မတလောင်းရွေးချယ်ခွင့်ရှိရင် ဘယ်လိုပုဂ္ဂိုလ်မျိုးကို ရွေးချယ်မလဲ။
သမ္မတက ပြောမယ်ဆိုရင် သတ်မှတ်ထားတဲ့ အရည်အချင်းတွေနဲ့ ပထမဆုံးညီဖို့လိုတာပေါ့။ ညီတဲ့သူမှလည်း ရွေးချယ်လို့ရမယ်။ အတွေ့အကြုံရှိတဲ့သူကို သမ္မတရွေးပေးရမယ်။ သမ္မတဖြစ်မယ့်သူက ပြည်တွင်း၊ပြည်ပ နိုင်ငံရေးအတွေ့အကြုံရှိရမယ်။ တကယ့်ကို ထူးချွန်ထက်မြက်ဖို့ လည်း လိုအပ်တယ်လို့ ယူဆတယ်။ အဲဒီလို လူမျိုးကို ရွေးချယ်မှာပဲ။

ဥက္ကဋ္ဌအကြောင်း
အသက်- (၆၄)နှစ်
ပညာအရည်အချင်း- B.E(Com) (ရန်ကုန်စီးပွားရေးတက္ကသိုလ်)၊ HGP
နိုင်ငံရေးဖြတ်သန်းမှုအတွေ့အကြုံ- စီးပွားရေးတက္ကသိုလ်ကျောင်းသားဘ၀တုန်းက ဦးသန့်အရေးအခင်း၊ အလုပ်သမားအရေးအခင်းမှာ ပါဝင်ခဲ့။(အလုပ်သမားအရေးအခင်းမှာ ထောင်ရှစ်လကျခဲ့)။ ၈၈ အရေးအခင်းမှာ တောင်တွင်းကြီးမြို့နယ် ၀န်ထမ်းပေါင်းစုံ သမဂ္ဂအတွင်းရေးမှူး တာဝန်ယူခဲ့။ တောင်တွင်းကြီးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာမြို့နယ်စည်းရုံးရေးမှူး တာဝန်ယူခဲ့။ ၂၀၀၇-၀၈ မှာ အမျိုးသားနိုင်ငံရေး ပြုလုပ်ခဲ့ပြီး တောင်တွင်းကြီးမြို့၌ မျိုးချစ်အမျိုးသားနိုင်ငံအစည်းအရုံး တည်ထောင်ခဲ့။
လက်ရှိအလုပ်အကိုင်- အာမခံကိုယ်စားလှယ်နှင့် ရှေ့နေ။
စံပြပုဂ္ဂိုလ်- ဗိုလ်ချုပ်အောင်ဆန်း
ဖုန်း- ၀၉ ၄၉၂၂၉၂၇၁
http://7daydaily.com/election-2015
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။