ကိုရီးယားနှစ်နိုင်ငံ နယ်စပ်တင်းမာမှု လျှော့ချရန် သဘောတူညီမှုရရှိ

မကြာသေးမီက ဖြစ်ပွားခဲ့သည့် နယ်စပ်ပဋိပက္ခ တင်းမာမှုများကို လျှော့ချသွားရန် တောင်နှင့်မြောက် ကိုရီးယား နှစ်နိုင်ငံ သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။

တောင်ကိုရီးယားက နယ်စပ်ရှိ ဝါဒဖြန့် စပီကာများ ဖွင့်လှစ်နေမှုကို မြောက်ကိုရီးယားက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့်နောက် ပြဿနာ စတင်ခဲ့ခြင်း ဖြစ်သည်။ တောင်ကိုရီးယားက မြောက်ကိုရီးယားဘက်သို့ လက်နက်ကြီးများဖြင့် တုံ့ပြန် ပစ်ခတ်ခဲ့သည့်နောက် မြောက်ကိုရီးယားက ၎င်းတို့၏ တပ်များကို စစ်ဖြစ်ရန် အသင့် အနေအထားသို့ တပ်လှန့်ထားလိုက်သည်။
နှစ်နိုင်ငံနယ်စပ် စစ်မဲ့ဇုန်တွင် မြောက်ကိုရီးယားက ထောင်ထားသည်ဟု ယူဆရသည့် မြေမြှုပ်မိုင်း ပေါက်ကွဲပြီး ကင်းလှည့်နေသည့် တောင်ကိုရီးယား စစ်သည်နှစ်ဦး ပြင်းထန်စွာ ဒဏ်ရာရသွားသည့်နောက် တောင်ကိုရီးယားက နယ်စပ်ရှိ မြောက်ကိုရီးယား ဆန့်ကျင်ရေး လော်စပီကာများကို ပြန်လည် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။
ယင်းကိစ္စအပေါ် နှစ်နိုင်ငံ ထိပ်သီး အရာရှိများ အကျေအလည် ဆွေးနွေးပြီးနောက် တင်းမာမှုကို လျှော့ချရန် သဘောတူ ဆုံးဖြတ်ခဲ့ကြသည်။ မြောက်ကိုရီးယားက မိမိတို့ အနေဖြင့် မိုင်းနင်းမိပြီး တောင်ကိုရီးယား စစ်သည်များ ပြင်းထန်စွာ ဒဏ်ရာရခဲ့သည့် ကိစ္စအတွက် ဝမ်းနည်းကြောင်းနှင့် တောင်းပန်ရန် ဆန္ဒရှိကြောင်း ပြသသွားမည်ဟု ကတိပြုခဲ့သည့်နောက် ယခုလို အခြေအနေကောင်းမျိုး ဖြစ်တည်လာခြင်းဟု သိရသည်။
တောင်ကိုရီးယား သမ္မတ ပါ့ခ်ဂွမ်ဟီးက ယခုသဘောတူညီမှုသည် ကိုရီးယားကျွန်းဆွယ် ပြန်လည် ငြိမ်းချမ်းရေးအတွက် မှန်ကန်သည့် အဖြေတစ်ခု ဖြစ်မည်ဟု ယုံကြည်ကြောင်း ဆိုသည်။ တောင်နှင့်မြောက် ကိုရီးယား နှစ်နိုင်ငံတို့သည် (၁၉၅၀)ပြည့်လွန်နှစ်များက ဖြစ်ပွားသည့် ကိုရီးယား ကျွန်းဆွယ် စစ်ပွဲကို အပစ်အခတ် ရပ်စဲပြီးနောက်ပိုင်း ငြိမ်းချမ်းရေး စာချုပ်မှု မရှိသောကြောင့် နှစ်နိုင်ငံ စစ်ဖြစ်နေဆဲဟု ယူဆနိုင်သည်။
ယခုနောက်ဆုံး ဆွေးနွေးမှုတွင် မြောက်ကိုရီးယား တောင်းဆိုသည့်အတိုင်း တောင်ကိုရီးယားက ၎င်းတို့၏ လော်စပီကာများဖြင့် ဝါဒဖြန့်နေမှုကို ရပ်တန့်ပေးမည်ဖြစ်ပြီး မြောက်ကိုရီးယားကလည်း စစ်ပြင်နေမှုကို ရုပ်သိမ်းမည်ဟု ဆိုသည်။ ထို့အပြင် စစ်အတွင်း ကွဲကွာသွားသည့် မိသားစုများကို ပြန်လည် တွေ့ဆုံခွင့် ပေးရေးအတွက်လည်း နှစ်နိုင်ငံ ညှိနှိုင်းလုပ်ဆောင်သွားရန် သဘောတူညီခဲ့ကြောင်း သိရသည်။
တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီး ကင်မ်မင်ဆွတ်ခ်က ယခုသဘောတူညီမှုကို ကြိုဆိုသော်လည်း မိမိတို့ အနေဖြင့် နယ်စပ်တွင် နောက်ထပ် ရန်စသည့် အပြုအမူမျိုး ပေါ်ပေါက်လာပါက ချက်ချင်း တုံ့ပြန်နိုင်ရန် ကာကွယ်ရေး စံနှုန်းများကို ဆက်လက် ထိန်းသိမ်းထားမည်ဟု ပြောကြားသွားသည်။ 
http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။