
ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်ရှိ ဧရာဝဏ် နတ်ကွန်းအနီးမှာ တနင်းလာနေ့ညက ပေါက်ကွဲခဲ့တဲ့ဗုံးဟာ တိုက်ခိုက်ခံရမှုတွေထဲမှာ အဆိုးရွားဖြစ်တယ်လို့ ထိုင်းဝန်ကြီးချုပ် ပရာ့ယွတ် ချန်အိုချာ က ပြောပါတယ်။
ဗုံးဖောက်ခွဲ တိုက်ခိုက်မှုကြောင့် အနည်းဆုံးလူ ၂၀ သေဆုံးခဲ့ပြီး အဲဒီထဲမှာ နိုင်ငံခြားသား အနည်းဆုံး ၈ ဦးခန့်ပါပြီး လူပေါင်း ၁၀၈ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
လက်သည်တရားခံကို အသေအချာ မသိရှိရသေးဘဲ ရဲက ဧရာဝဏ်အနီး လုံခြုံရေးကင်မရာမှာ တွေ့ရှိရတဲ့ မသင်္ကာဖွယ် လူတစ်ဦးကို စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။
အရင်က အသေးစားဗုံးပေါက်ကွဲမှုတွေ ရှိခဲ့ဖူးပေမယ့် ဒီတကြိမ်ကတော့ အပြစ်မဲ့သူတွေရဲ့ အသက်ကို ရည်ရွယ်လုပ်ဆောင်တာဖြစ်တယ်။
ထိုင်းနိုင်ငံရဲ့ စီးပွားရေးနဲ့ ခရီးသွားလုပ်ငန်းကို ဖျက်ဆီးချင်တာဖြစ်တယ်လို့ ထိုင်းဝန်ကြီးချုပ်က ပြောပါတယ်။
ထိုင်းအာဏာပိုင်တွေက သဲလွန်စရရှိဖို့အတွက် ဧရာဝဏ်နတ်ကွန်းအနီးတ၀ိုက်မှာ တပ်ဆင်ထားတဲ့ လုံခြုံရေးကင်မရာ CCTV တွေက ရိုက်ကူးထားတဲ့ ဗွီဒီအိုတွေကို စစ်ဆေးကြည့်ရှုနေကြတယ်လို့ ဘန်ကောက် ဘီဘီစီ သတင်းထောက် ဂျွတ်နသန် ဟက်ဒ်က ပြောပါတယ်။
ဧရာဝဏ် နတ်ကွန်းဆီကို ကျောပိုးအိတ် အနက်ရောင်လွယ်ထားတဲ့ လူငယ်တဦး လမ်းလျှောက်လာတာ တွေ့ရပြီး အိတ်မပါဘဲ ပြန်ထွက်သွားတာ တွေ့ရတဲ့အတွက် အဲဒီလူကို ရှာဖွေနေတယ်လို့ ရဲတွေက ဆိုပါတယ်။
_____BBC Burmese
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။