ရန်ကုန်၊ သြဂုတ် ၂၅

တောင်ကုတ်မြို့နယ်အသင်း(ရန်ကုန်)၏ (၂၁)ကြိမ်မြောက် နှစ်ပတ်လည် သင်းလုံးကျွတ် အစည်းအဝေးနှင့် ဝါဆိုသင်္ကန်း ကပ်လှူပွဲ၊ သက်ကြီးပူဇော်ပွဲ၊ ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ရန်ကုန်မြို့ရှိ မင်္ဂလာရာမ ပါဠိတက္ကသိုလ်တွင် သြဂုတ်လ ၁၆ ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့သည်။
ယင်းအခမ်းအနားတွင် ဆရာတော်ကြီးများ ဝါဆိုသင်္ကန်း ကပ်လှူခြင်း၊ အသက်(၈၀) အထက်အဘိုးအဖွားများ အား ပူဇော်ကန်တော့ခြင်း၊ ဂုဏ်ထူးရကျောင်းသားကျောင်းသူများ အပြင် တောင်ကုတ်နွယ်ဖွား ထူးချွန် ဂုဏ်ထူး (၆)၊ ဘာသာ (၅) ဘာသာရရှိခဲ့သည့် ပညာရည်ချွန်ဆုများကိုပါ တိုးမြှင့်ချီးမြောက်ဂုဏ်ပြုခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ အသင်းသား အသင်းသူ ၃၀၀ နီးပါးခန့် တက်ရောက်ခဲ့သည်။
တောင်ကုတ်မြို့နယ်အသင်း (ရန်ကုန်) အတွင်းရေးမှူး ဦးသန်းထွန်းက “ ရန်ကုန်ရောက် တောင်ကုတ် နွယ်ဖွားတွေ အနေနဲ့ ဒီအသင်းထဲကို ဝင်ပြီး မြို့နယ် တိုးတက်ကောင်းမွန်အောင်နဲ့ အသင်းတိုးတက်ရေး အတွက် လက်တွဲ ပူးပေါင်းကြပါ။ နှစ်စဉ်နှစ်တိုင်း အသင်းသားတွေ တိုးပွားလာအောင် စည်းရုံးရေးလည်း ဆင်းနေပါတယ်။ နှစ်စဉ် နှစ်ပတ်လည် သင်းလုံးကျွတ် အစည်းအဝေးကို သြဂုတ်လ အတွင်းမှာ ကျင်းပပြီး အဖွဲ့အစည်း တိုးတက်ရေးကို ဆောင်ရွက် နေပါတယ်” ဟုပြောသည်။
လက်ရှိဖြစ်ပွားလျက်ရှိသော ရခိုင်ပြည်နယ်ရေဘေး ကယ်ဆယ်ရေနှင့် ပတ်သက်ပြီးလည်း တောင်ကုတ်မြို့နယ် အသင်း (ရန်ကုန်)က ကူညီပံ့ပိုးမှုများကို အင်တိုက်အားတိုက် ဆောင်ရွက်နေကြောင်း သိရသည်။
တောင်ကုတ်မြို့နယ် အသင်း (ရန်ကုန်) ၏ အလုပ်အမူဆောင် ကော်မတီဝင် တစ်ဦးဖြစ်သူ ဦးတင်မောင်ရွှေ ကိုယ်တိုင် တောင်ကုတ်မြို့သို့ သွားရောက်ပြီး ပြည်သူအကျိုးဆောင်ကော်မတီ (တောင်ကုတ်) နှင့် ပူပေါင်း၍ တောင်ကုတ်မြို့နယ်တွင် ရေဘေးဒုက္ခကျရောက်နေသူများအား ကျပ်ငွေ ၁၂၅၂၅၀၀၀၀ လှူဒါန်း ကူညီ ခဲ့ကြောင်း၊ ကူညီရာတွင်လည်း ရေဘေး ထောက်ပံ့ရေး ပစ္စည်းများကိုသာမက ငွေသားများကိုလည်း ပံ့ပိုးကူညီခဲ့ကြောင်း အသင်းအတွင်းရေးမှူး ဦးသန်းထွန်းက ရှင်းပြပြောဆိုသည်။
ယင်းပြင် ရခိုင်ပြည်နယ်ရှိ ရေဘေး ဒုက္ခသည်များ အတွက် ရန်ကုန်မြို့ရှိ ရခိုင်သဟာယ အသင်း အပါအဝင် ရခိုင်အသင်အဖွဲ့များမှ တဆင့် လှူဒါန်း ကူညီမှုများကိုလည်း ပြုလုပ်နေကြောင်း သိရသည်။
အခမ်းအနားသို့ ကြွရောက်လာသော သံဃာတော်များအား ဆွမ်းခဲဘွယ်များ ဆပ်ကပ် လှူဒါန်းသူနှင့် တက်ရောက် လာကြသည့် ပရိသတ်များအား ထမင်းကျွေး အလှူဒါန ပြုလုပ်သူ ဒေါ်စမ်းစမ်းနု (စိန်ရတနာ ရောင်းဝယ်ရေး)မှလည်း ယခုလို အခမ်းအနားတွင် အလှူဒါန ပြုလုပ်ရ၍ ၀မ်းသာပီတိ ဖြစ်မိကြောင်း နိရဉ္စရာ သတင်းဌာနသို့ပြောဆိုသည်။
“ ဒီလို အလှူလှူရတာ ဝမ်းသာပီတီ ဖြစ်ရပါတယ်။ ဒါအပြင် ကျမက လှူနေရရင် ပျော်နေပါတယ်။ ဘယ် အလှူဘဲ ဖြစ်ဖြစ် ကျမကို ပြောပါ။ တတ်နိုင် သလောက် ကူညီမှာပါ ဘဲ၊ ရှာတာတွေအားလုံး လှူဖို့ပါဘဲ” ဟု ပြောသည်။
တောင်ကုတ်မြို့နယ် အသင်း၏ ရည်ရွယ်ချက်မှာ တောင်ကုတ်မြို့နယ်သူ မြို့နယ်သားများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး တိုးတက်မြင့်မား လာစေရန် ရည်ရွယ်၍ ဖွဲ့စည်းထားခြင်း ဖြစ်ပြီး အသင်းကို ၁၉၉၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်ဟု သိရသည်။ အသင်း၏ တည်နေရာ လိပ်စာမှာ (၃၁) နိဂေါဓလမ်း၊ ကျောက်မြောင်း ဖြစ်သည်။
____Narinjara
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။