ဘင်္ဂါလီ ၁၀ ဦးအား ရန်ကုန်သို့ တပ်မတော်ယာဉ်ဖြင့် ပို့ဆောင်သည်ဟု လက်ရှိဖမ်းမိထားသူက ထွက်ဆိုသော်လည်း လွတ်မြောက်နေသည့် ကျူးလွန်သူသုံးဦးကို ဖမ်းမိစစ်ဆေးမှသာ အဖြေပေါ်မည်ဟု နယ်/လုံဝန်ကြီး ပြောကြား

ဘင်္ဂါလီ ၁၀ ဦးအား တင်ဆောင်လာသည့် ဖမ်းဆီးထားသော မော်တော်ယာဉ်အား တွေ့ရစဉ် (ဓာတ်ပုံ - ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့)
ရခိုင်ပြည်နယ် စစ်တွေမြို့မှ ရန်ကုန်မြို့သို့ ဘင်္ဂါလီ ၁၀ ဦးကို တပ်မတော်ယာဉ်ဖြင့် ပို့ဆောင်ခြင်းဖြစ်သည်ဟု လက်ရှိဖမ်းမိထားသော ကျူးလွန်သူက ထွက်ဆိုထားသော်လည်း လွှတ်မြောက်နေသည့် ကျူးလွန်သူသုံးဦးကို ဖမ်းမိစစ်ဆေးမှသာ တပ်မတော်ယာဉ်ဖြင့် ပို့ဆောင်ခြင်း ဟုတ်/မဟုတ်ကို သေချာစွာ သိရှိရမည်ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက The Daily Eleven  သတင်းစာသို့ သြဂုတ် ၂၆ ရက် မွန်းလွဲပိုင်းတွင် ပြောကြားသည်။

“တပ်မတော်ယာဉ်နဲ့ ပို့ဆောင်တယ်လို့ လက်ရှိဖမ်းမိထားတဲ့ ကျူးလွန်သူကို စစ်ဆေးတဲ့အချိန်မှာ သူကထွက်ဆိုထားတာ ဖြစ်တယ်။ ဒါပေမဲ့ ဒါဟာ အမှန်မဟုတ် သေးပါဘူး။ ကျန်ကျူးလွန်သူ သုံးဦးဟာ ထွက်ပြေးလွတ်မြောက်နေပါသေးတယ်။ သူတို့ကို အမြန်ဆုံး ဖမ်းဆီးရမိဖို့လည်း ရဲတပ်ဖွဲ့ဝင်တွေ ဆောင်ရွက်နေပါတယ်။ သူတို့သုံးဦးကို ဖမ်းဆီးပြီး စစ်ဆေးတဲ့အခါကျမှ ပထမဖမ်းမိထားတဲ့သူ ထွက်ဆိုချက်မှန်၊ မမှန်ဆိုတာ အဖြေထွက်ပါလိမ့်မယ်” ဟု ရန်ကုန်တိုင်း နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ပြောကြားသည်။

အကယ်၍ ပထမ ဖမ်းမိထားသည့် ကျူးလွန်သူကို စစ်ဆေးထွက်ဆိုချက်အတိုင်း တပ်မတော်ယာဉ်ဖြင့် ပို့ဆောင်ခြင်း မှန်ပါက တပ်မတော်မှ ပါဝင်ပတ်သက်သည့်သူများအား ထိထိရောက်ရောက် အရေးယူရန် ဗိုလ်ချုပ်မှူးကြီးမှ ညွှန်ကြားထားပြီးဖြစ်ကြောင်းလည်း နယ်/လုံဝန်ကြီး ဗိုလ်မှူးကြီးတင်အောင်ထွန်းက ဆက်လက်ပြောကြားသည်။

ဖြစ်စဉ်မှာ သြဂုတ် ၂၂ ရက် ည ၁၁ နာရီခွဲခန့်တွင် မှော်ဘီမြို့နယ်၊ အမှတ် (၄)လမ်း ဆုံစစ်ဆေးရေးဂိတ်၌ ပူးပေါင်းအဖွဲ့ဖြင့် ယာဉ်ကြောပိတ်ဆို့စစ်ဆေး ဆောင်ရွက်နေစဉ် ရန်ကုန်-ပြည်လမ်းအတိုင်း တိုက်ကြီးဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသော ပရိုဘောက်စ် အဖြူရောင်အငှားယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်မောင်းမှာ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်နေ သန့်ဇင်ထွန်း ၂၇ နှစ် ဆိုသူဖြစ်ကြောင်း၊ ယာဉ်ပေါ်တွင်လည်း ဘင်္ဂါလီ အမျိုးသားငါးဦးနှင့် အမျိုးသမီးငါးဦးတို့အား တွေ့ရှိရကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ဆက်လက်စစ်ဆေးရာ ယာဉ်ပေါ်၌ပါလာသော ဘင်္ဂါလီ ၁၀ ဦးမှာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ သက္ကယ်ပြင်ကျေးရွာနှင့် သဲချောင်းကျေးရွာတို့ ဖြစ်ကြောင်းနှင့် ၎င်းတို့ကို ပွဲစားဖြစ်သည့် အာလီဆိုသူမှ တစ်ဦးလျှင် ငွေကျပ် ၁၀/၁၂ သိန်းဖြင့် ရန်ကုန်မြို့သို့ ပို့ဆောင်ပေးဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သြဂုတ် ၂၆ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ ဘင်္ဂါလီ ၁၀ ဦးကို ယာဉ်မောင်း ဌေးအောင် မောင်းနှင်သော ၁ခ/.....လော်ရယ်ယာဉ်ဖြင့် လည်းကောင်း၊ ဉာဏ်လင်းအောင်ဆိုသူ မောင်းနှင်သည့် မတ်တူးယာဉ်ဖြင့် လည်းကောင်း အသီးသီးခွဲ၍ တင်ဆောင်ကာ အတူတကွ မောင်းနှင်လာခဲ့ရာမှ မှော်ဘီမြို့နယ် ပူးပေါင်းစစ်ဆေးရေးဂိတ်၌ သန့်ဇင်ထွန်း မောင်းနှင်သော ပရိုဘောက်စ်ယာဉ်အား စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါဖြစ်စဉ်မှ ပထမ ဖမ်းမိထားသည့် ယာဉ်မောင်းအပါအ၀င် ကျန်ကျူးလွန်သူများဖြစ်သည့် အားလီ၊ ဌေးအောင်၊ ဉာဏ်လင်းအောင်တို့အား မှော်ဘီမြို့မ ရဲစခန်းက (ပ) ၆၅၅/၁၅ ပြစ်မှုပုဒ်မ ၃၆၇/၃၇၁/၁၁၄ ဖြင့် အမှုဖွင့်ကာ ကျန်ကျူးလွန်သူသုံးဦးအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း ဘင်္ဂါလီ ၁၀ ဦးကိုလည်း သက်ဆိုင်ရာ လ၀ကမှ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဘင်္ဂါလီ ၁၀ ဦးအား တပ်မတော်ယာဉ်ဖြင့် သယ်ဆောင်လာမှုအား The Voice Weekly ၏ Facebook စာမျက်နှာတွင် “ဖမ်းမိထားသည့် ဘင်္ဂါလီလူမျိုးများမှာ ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ သက္ကယ်ပြင်နှင့် သဲချောင်းကယ်ဆယ်ရေးစခန်းတွင် နေထိုင်သူများဖြစ်ပြီး သြဂုတ် ၂၀ ရက် ည ၁၀ နာရီက ဘင်္ဂါလီလူမျိုး ၂၉ ဦးကို တာလပတ်အလုံပိတ်ထားသော စစ်ရောင် FAW အမျိုးအစား ယာဉ်တစ်စီးဖြင့် တင်ဆောင်ကာ ရန်ကုန်-စစ်တွေ ကားလမ်းအတိုင်း အမ်းမြို့ဖြတ်ကာ ပန်းတောင်းမြို့သို့ ပို့ဆောင်ခဲ့ကြောင်း၊ ယင်းနောက် အသင့်စောင့်ဆိုင်းနေသော မော်တော်ယာဉ်သုံးစီးထံ လွှဲပြောင်းပေးခဲ့ကြောင်း ဖမ်းမိသူများ၏ ထွက်ဆိုချက်များကို ကိုးကား၍ မှော်ဘီမြို့နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်” ဟု ရေးသားဖော်ပြခဲ့သည်။

ထို့အပြင် BBC Burmese ၏ Facebook စာမျက်နှာတွင်လည်း “လူမှောင်ခိုမှုတွင် စစ်တပ်က ပါဝင်နေပြီလား” ခေါင်းစဉ်ဖြင့် အဆိုပါသတင်းအား ရေးသားဖော်ပြခဲ့သည်။
Writer: 
မင်းသိန်းနိုင်

http://news-eleven.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။