ထိုင်းနိုင်ငံသို့ အဓိကထား တင်ပို့မည့် တနင်္သာရီမြစ်ဝ ကျောက်မီးသွေးသုံးစက်ရုံ စီမံကိန်းနှင့်ပတ်သက်၍ ထိုင်းမီဒီယာများ လာရောက်သတင်းရယူစဉ် ကျောက်မီးသွေးသုံးစက်ရုံ အလိုမရှိကြောင်း ဒေသခံများ သဘောထားထုတ်ဖော်

တနင်္သာရီမြစ်ဝ ကျောက်မီးသွေးသုံးစက်ရုံ စီမံကိန်းနှင့်ပတ်သက်၍ ဒေသခံများက ကျောက်မီးသွေးသုံးစက်ရုံ အလိုမရှိကြောင်း သဘောထား ထုတ်ဖော်နေစဉ် (ဓာတ်ပုံ-ဇော်မိုးဦး၊ မြိတ်)
တနင်္သာရီမြစ်ဝ ကျောက်မီးသွေးသုံး စက်ရုံစီမံကိန်းနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံမှ မီဒီယာများမှ လာရောက် သတင်းရယူစဉ် ဒေသခံများက ကျောက်မီးသွေးသုံးစက်ရုံ အလိုမရှိကြောင်း သဘောထားထုတ်ဖော် ခဲ့ကြကြောင်း သိရသည်။
တနင်္သာရီိတိုင်းဒေသကြီး မြိတ်ခရိုင် မြိတ်မြို့နယ် တုံးဗျောကျေးရွာအုပ်စု မွှေးရှောင်ကျေးရွာအနီးတွင် ထိုင်းနိုင်ငံမှ ၂၆၄၀ မီဂါဝပ် အထိထွက်ရှိမည့် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံကို တည်ဆောက်ရန် စီမံကိန်းလျာထားကြောင်း သိရသည်။
အဆိုပါစီမံကိန်းနှင့် ပတ်သက်ပြီး ဒေသခံများက လုံးဝမဘောမတူသလို အရပ်ဘက် အဖွဲ့အစည်း ၃၀ ကျော်မှလည်း ကန့်ကွက်ထားကြောင်း သိရသည်။ အဆိုပါစီမံကိန်းနှင့် ပတ်သက်ပြီးထိုင်းနိုင်ငံမှ မီဒီယာသမားများမှာ သြဂုတ် ၂၆ ရက်တွင် မော်ကြီးဒေသ မွှေးရှောင်ရွာသို့ ရောက်ရှိလာကာ ဒေသခံပြည်သူများနှင့် လာရောက်တွေ့ဆုံကာ သတင်းရယူခဲ့ကြောင်း သိရသည်။
“ဒီလိုကောင်းကျိုးမရှိတဲ့ စက်ရုံကို ဘာကြောင့် ကျွန်တော်တို့ရွာမှာ လာရောက်တည်ဆောက်ရတာလဲ။ ဆိုးကျိုးများစွာ ရှိနေတဲ့အတွက် ထိုင်းနိုင်ငံက ကျွန်တော်တို့မြန်မာနိုင်ငံမှာ လာရောက်တည်ဆောက်ခြင်း ဖြစ်ပါတယ်။ ဒီစီမံကိန်းကို လုံးဝအလိုမရှိပါဘူး။ ကျွန်တော်တို့ လယ်ယာ၊ ဥယျာဉ်တွေ အကုန်ပျက်စီးမယ့်အပြင် နောက်မျိုးဆက်တွေမှာ ရောဂါထူပြော ဘ၀တုံးမယ့်ကိစ္စ ကျွန်တော်တို့ လုံးဝလက်မခံပါဘူး။ ဒါကြောင့် ကျောက်မီးသွေးစက်ရုံကို လုံးဝအလိုမရှိပါဘူး။ ဒီစီမံကိန်း ရှေ့ဆက်တိုးလာရင် ကျွန်တော်တို့ ရတဲ့နည်းနဲ့ တားဆီးရမှာပါ” ဟု မွှေးရှောင်ရွာသား ဦးအောင်ဖိုးက ဆိုသည်။
တနင်္သာရီမြစ်ဝ ကျောက်မီးသွေးသုံးစက်ရုံ စီမံကိန်းနှင့်ပတ်သက်ပြီး ဒေသခံများက ကျောက်မီးသွေးသုံးစက်ရုံ အလိုမရှိကြောင်း သဘောထား ထုတ်ဖော်နေစဉ်
တနင်္သာရီမြစ်ဝ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းနှင့်ပတ်သက်ပြီး ထိုင်းမီဒီယာများက ဒေသခံများ၏ သဘောထားကို သိရှိလိုခြင်းကြောင့် လာရောက်ခြင်း ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံသို့ ရောက်ရှိပါက မြန်မာနိုင်ငံမှ ပြည်သူများ၏ သဘောထားကို ထိုင်းနိုင်ငံမှသိရှိရန် ပြန်လည်ရေးသား ထုတ်လွင့်မည်ဖြစ်ကြောင်း မီဒီယာသမားများက ပြောကြားသည်။
တနင်္သာရီမြစ်ဝ ကျောက်မီးသွေးသုံး ဓာတ်အားပေးစီမံကိန်းကို တနင်္သာရီမြစ်ကမ်းပါးပေါ်မေးတင်ပြီး တနင်္သာရီမြို့၊ ကျွန်းစုမြို့နှင့် မြိတ်မြို့ဆုံရာအရပ်တွင် တည်ဆောက်ရန် လျာထားပြီး မြိတ်ခရိုင်အတွင်းမှ ဒေသခံပြည်သူများက ကန့်ကွက်ထားမှုကြောင့် ရှေ့ဆက်မတိုးဘဲ ရှိနေကြောင်း သိရသည်။
အဆိုပါစီမံကိန်း အနီးနားတွင် ကျေးရွာ ၂၅ ရွာနှင့် အိမ်ခြေ ၈၀၀၀ ကျော်ရှိနေကာ ဒေသခံများမှာ တနင်္သာရီမြစ်ကို အမှီပြုပြီး တံငါလုပ်ငန်း လုပ်ကိုင်ခြင်း၊ လယ်ယာဥယျာဉ် စိုက်ခြင်းများဖြင့် အသက်မွေးကြကြောင်း သိရသည်။
“ဒီစီမံကိန်းနှင့်ပတ်သက်ပြီး ကုမ္ပဏီက နှစ်ကြိမ်လာရောက်ပြီးပါပြီ။ ၂၀၁၄ ခုနှစ်အတွင်းမှာ တုံးဗျောရွာမှာ တွေ့ဆုံပွဲတွေလာ လုပ်ကြတာပါ။ ပထမအကြိမ်က သွားရောက် နားထောင်ပါတယ်။ ဒုတိယအကြိမ်ကနေစပြီး ပြည်သူအားလုံးက လုံးဝအလိုမရှိကြောင်း ကန့်ကွက်ထားပါတယ်။ ဒီစီမံကိန်းက အရမ်းကြီးတဲ့အတွက် အနီးနားရွာတွေအားလုံး ပြောင်းရွှေ့ရမယ့်အပြင် လယ်ယာဥယျာဉ်တွေ အကုန်ပျက်စီးကုန်မယ့် အနေအထား ဖြစ်နေတယ်” ဟု ရွာသားတစ်ဦးက ဆိုသည်။
ထိုင်းနိုင်ငံမှ ရင်းနှီးမြုပ်နှံမှုဖြင့် လာရောက်တည်ဆောက်မည့် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံအား တနင်္သာရီမြစ်ဝသန့်စင် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံဟု အမည်ပေးထားကာ မြေဧက  ၃၀၀၀ ကျော်ကို အသုံးပြုရန် လျာထားကြောင်း သိရသည်။
ရင်းနှီးမြုပ်နှံမှု အမေရိကန်ဒေါ်လာ ၅ ဒသမ ၄ ဘီလီယံရှိကာ ထိုင်းနိုင်ငံမှ Ratchaburi Electricity Generating Holding Public Co.,Ltd , Blue Energy & Enviroment Co.,Ltd တို့ အဓိကရင်းနှီးမြုပ်နှံထားပြီး မြန်မာနိုင်ငံဘက်မှ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊ ဗင်းန်တေ့ခ်ျကုမ္ပဏီနှင့် ကျော်ကျော်ဖြိုးကုမ္ပဏီတို့ ပါဝင်နေကြောင်း သိရသည်။ ထိုင်းနိုင်ငံမှ မီဒီယာများနှင့် ဒေသခံများတွေ့ဆုံပြီးနောက် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်မည့် မြစ်ဝအနီးတွင် ဒေသခံများက စီမံကိန်းအလိုမရှိကြောင်း သဘောထား ထုတ်ဖော်ပြသသည်။      

Writer: 
ဇော်မိုးဦး ( မြိတ် )

http://news-eleven.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။