အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆီရာယာအမျိုးသား ဥယျာဉ်တောတွင်း တောင်တက်ခရီးစဉ်မှာ ၉ ရက်ကြာပျောက်ဆုံးသွားခဲ့တဲ့ အသက် ၆၂ နှစ်အရွယ် အမျိုးသမီးတဦးကို အသက်ရှင်လျက်ပြန်တွေ့ခဲ့တယ်လို့ အိုင်တီဗွီသတင်းမှာ ဖော်ပြပါတယ်။
မီယူကီဟားဝုဒ် အမည်ရ အဲဒီအမျိုးသမီးကို သြဂုတ် ၂၀ ရက်က နောက်ဆုံးတွေ့ ခဲ့ရတာဖြစ်ပြီး တောတွင်းလမ်းလျှောက်ထွက်ချိန်မှာ အုပ်စုနဲ့ကွဲခဲ့တာဖြစ်ပါတယ်။
လူပေါင်း ၆၀ ဦးထက်မနည်း ပါဝင်တဲ့ ရှာဖွေရေးအဖွဲ့တွေ၊ ရဟတ်ယာဉ်တွေ၊ အနံ့ ခံခွေးတွေ၊ မောင်းသူမဲ့လေယာဉ်တွေနဲ့ သူ့ကိုရှာဖွေခဲ့ကြတာပါ။
အဲဒီအနီးတ၀ိုက်မှာ တောမီးလောင်ကျွမ်းမှုတွေဖြစ်ခဲ့တဲ့အတွက် ကနဦးရှာဖွေမှုတွေ ကြန့်ကြာခဲ့ရတာဖြစ်ပြီး မီယူကီဟားဝုဒ်အနေနဲ့ အစာရေစာမရှိပဲ အသက်ဆက်ရှင်သန်ဖို့ ခက်ခက်ခဲခဲ ဖြတ်ကျော်ခဲ့ရဖွယ်ရှိတယ်လို့ သတင်းမှာဖော်ပြပါတယ်။
ဒါပေမယ့် သြဂုတ်လ ၂၉ ရက်နေ့မနက်မှာတော့ တောတွင်းရှာဖွေကယ်ဆယ်ရေး သမားတွေရဲ့အသံကို သူကကြားခဲ့ပြီး အဆက်အသွယ်ရရှိနိုင်ဖို့ လက်ခေါက်မှုတ်ဆက် သွယ်ခဲ့ရတာလို့ ဆိုပါတယ်။
ပျောက်ဆုံးနေတဲ့ကာလအတွင်း အရိုးကျိုးသွားခဲ့တဲ့ သူ့ကို လေယာဉ်နဲ့ဆေးရုံကို ပို့ဆောင်ထားခဲ့ပြီး စိုးရိမ်ရတဲ့အခြေအနေတော့မရှိဘူးလို့ သတင်းမှာဖော်ပြပါတယ်။
အဲဒီကာလအတောအတွင်းမှာ သူဟာ ရေတခုတည်းနဲ့သာ အသက်ရှင်နေခဲ့တာ ဖြစ်ပြီး ရေတပုလင်းလောက်ရရှိနိုင်ဖို့ ရေကန်ဆီတွားသွားပြီး ခက်ခက်ခဲခဲယူခဲ့ရတဲ့အတွက် ဒဏ်ရာတွေရရှိခဲ့တာပါ။
ကယ်လီဖိုးနီးယားပြည်နယ်၊ လမ်းမကြီး တာဝန်ကျကင်းလှည့်ရဲအရာရှိ ရပ်စ်တီ ဟော့ခ်ျကစ်စ်က “သူဟာ ရေကုန်ရေခန်းကြိုးစားခဲ့သူပါ။ ကြံ့ကြံ့ခိုင်တဲ့အမျိုးသမီးတ ယောက်ဖြစ်ပါတယ်” လို့ ပြောပါတယ်။
http://burmese.dvb.no/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။