ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးခဲ့ရသည့် ကျောက်တော်-ယိုးတရုတ် ရထားလမ်းပိုင်းတွင် ရထားပြေးဆွဲမှု ရပ်နားထားသဖြင့် ကားလမ်းနှင့်ဝေးသည့် ကျေးရွာများမှ ပြည်သူများ သွားလာရေးခက်ခဲနေ

ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးခဲ့ရသည့် ကျောက်တော် - ယိုးတရုတ် ရထားလမ်းပိုင်းတွင် ရထားပြေးဆွဲမှု ရပ်နားထားရသဖြင့် ကားလမ်းနှင့်ဝေးသည့် ကျေးရွာများမှ ပြည်သူများသွားလာရေး ခက်ခဲနေကြောင်း သတင်းရရှိသည်။

“ရေကြီးနစ်မြုပ်တဲ့အခါ တောင်ကျရေတွေကြောင့် ရေထွက်ပေါက် မရှိတဲ့နေရာတွေမှာ ရထားလမ်းတွေ ပိုင်းပါသွားတာဆိုရင် ကျောက်တော်မြို့နယ်ထဲမှာ အပေါက်ဝ ကျေးရွာနဲ့ အုတ်တောင်ပြင် ကျေးရွာကြားမှာ ငါးနေ ရာလောက် ရှိနေတယ်။ ရထားလမ်းမရှိတဲ့ အခါ သံလမ်းက တံတားလိုဖြစ်နေတာပါ။ ဒီအတွက် ကားလမ်းနဲ့ဝေးတဲ့ ကျေးရွာတွေဆိုရင် ရထားလမ်းကို အားကိုးပြီးသွားလာ ခဲ့ရတာဖြစ်တဲ့အတွက် အခုလို ရထားမပြေးဆွဲ တဲ့အခါကျတော့ သွားလာရေးအလွန်တရာ ခက်ခဲနေပါတယ်” ဟု ပေါက်လေ၀ကျေးရွာမှ ဦးဇော်ထွန်းလင်းက ပြောကြားသည်။

ရထားလမ်း ပျက်စီးမှုမှာ ကျောက်တော် မြို့နယ်ထဲတွင် များပြားသဖြင့် ဇူလိုင် ၂၇ ရက်မှ စတင်ကာ ရထားပြေးဆွဲပေးနိုင်ခြင်း မရှိတော့ကြောင်း သိရသည်။

အဓိကပျက်စီးခဲ့သည့် နေရာများမှာ အပေါက်ဝကျေးရွာနှင့် အုတ်တောင်ပြင်ကြား၊ အုတ်တောင်ပြင်ကျေးရွာနှင့် မြတ်လှဲကြားတို့တွင် ပျက်စီးမှုပိုများကြောင်း သိရသည်။

“ပျက်စီးမှုများတာကတော့ ပြိန်းချောင်းကျေးရွာ တစ်ဖက်တစ်ချက်မှာရှိတဲ့ လမ်းပိုင်းဖြစ်တယ်။ တောင်ကျရေက တစ်ဟုန်ထိုးစီး ဆင်းတဲ့အခါ ရေထွက်ပေါက်တွေမရှိလို့ အခုလို ရထားလမ်းရေတိုက်စား ခံခဲ့ရတာ ဖြစ်ပါတယ်” ဟု ကျောက်တော်မြို့မှ ဦးဇော်ဝင်းက ပြောကြားသည်။

အရှည်ခရီးမိုင် ၄၂ ဒသမ ၅၄ ရှိသော ကွမ်းတောင်-ပုဏ္ဏားကျွန်း-ကျောက်တော် မီးရထားလမ်းပိုင်းများတွင် လက်ရှိတွင် တစ်နေ့လျှင် ရထားစီးခရီးသည် နှစ်ထောင်ကျော်ဝန်းကျင် စီးနင်းလိုက်ပါနေခြင်း ဖြစ်ကြောင်း၊ လက်ရှိတွင် ကွမ်းတောင်-ပုဏ္ဏားကျွန်း-ယိုး တရုတ် ခရီးစဉ်ကိုသာ ပြေးဆွဲနေသော်လည်း ကျောက်တော်မြို့နယ်သို့ ပြေးဆွဲမှုရပ်နား ထားရဆဲဖြစ်ကြောင်း သိရသည်။

“အခု ဖြစ်သွားတာက ရထားလမ်း တာပေါင်တွေ ရေတိုက်စားလို့ ရေနဲ့ပါသွားပြီး သံလမ်းပဲ ကျန်နေခဲ့တယ်။ ဒါကို ပြုပြင်တာ မရှိသေးဘူး။ ဘူတာရုံက တာဝန်ရှိသူတွေကတော့ ပွင့်လင်းရာသီမှ ပြန်ပြင်လို့ရမယ်လို့ ပြောတယ်။ ဒေသခံတွေကတော့ အမြန်ဆုံးမြေဖို့ပြင်ဆင် ပေးစေချင်ပါတယ်။ ရထားကို အမြန်ဆုံး ပြေးဆွဲစေချင်တာ ဖြစ်ပါတယ်” ဟု ကင်းစွန်းချောင်း ကျေးရွာသားတစ်ဦးက ပြောကြားသည်။

ယင်းအပြင် လက်ရှိပြေးဆွဲနေသည့် ရထားတွဲများမှာ ပျက်စီးယိုယွင်းမှုများ၊ ရထားစက်ခေါင်းစက်ချို့ယွင်းမှုများ ဖြစ်ပေါ်နေသဖြင့် ခရီးစဉ်နှောင့်နှေးခြင်း၊ ရပ်ဆိုင်းခြင်းများ ဖြစ်ပေါ်နေကြောင်း ရထားစီးခရီးသည်များထံမှ သိရသည်။

ဒေသထွက်သီးနှံများအား မြို့ဈေးသို့ သွားရောက်ရောင်းချသူများနှင့် ကျေးရွာအသီးသီးမှ ဒေသခံများမှာ စရိတ်သက်သာသည့် ရထားခရီးစဉ်ကို စောင့်ဆိုင်းစီးနင်းနေ ကြရကြောင်း သိရသည်။

Writer:
သားရွှေဦး (ကစ္ဆပ)
ပြည်တွင်း သတင်းများ
DailyEleven 28-8-2015
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။