အမျိုးသမီးအမတ်လောင်းတွေ ဘယ်လောက်အောင်ပွဲခံနိုင်မလဲ

လွှတ်တော်အတွင်း အမျိုးသမီးအမတ် အရေအတွက်မှာ အနည်းငယ်သာရှိသည်။/ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
၂၀၁၅ ရွေးကောက်ပွဲတွင် ဝင် ရောက်ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်းစာရင်း တင်သွင်းထားသည့် အမျိုးသမီးအမတ်လောင်း ၈၀၀ ခန့် ရှိသည်။ ထို အရေအတွက်မှာ ပြီးခဲ့သည့်ရွေးကောက်ပွဲများနှင့် နှိုင်းယှဉ်ပါက အမျိုးသမီးလွှတ်တော်အမတ်အရေအတွက် အများဆုံး ဝင်ရောက် ယှဉ်ပြိုင်ခြင်းလည်း ဖြစ်သည်။ 

၂၀၁၀ ရွေးကောက်ပွဲတွင် လွှတ်တော်သုံးရပ်အတွက် ကိုယ်စားလှယ်လောင်း ၃,၀၀၀ ကျော် အနက် အမျိုးသမီးအမတ်လောင်း ၁၀၁ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ၄၅ ဦး ရွေးချယ်ခံခဲ့ရသည်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ်များအတွက် အမျိုးသမီး အမတ်လောင်း ၂၆ ဦး ဝင်ပြိုင်ရာ ၁၃ ဦး ထပ်မံရွေးချယ်ခံရသည်။ 
လက်ရှိ လွှတ်တော်သုံးရပ်တွင် စုစုပေါင်း အမျိုးသမီးအမတ် ဦးရေ ၅၃ ဦး ရှိပြီး လွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၅ ရာခိုင်နှုန်းသာ ရှိသည်။ 
ယခု ၂၀၁၅ တွင် ရွေးကောက်ပွဲအတွက် ပြည်သူ့လွှတ်တော်အတွက် ဝင်ရောက်ယှဉ်ပြိုင်သူ ၂၂၈ ဦး၊ အမျိုးသားလွှတ်တော် အတွက် ၁၁၉ ဦးနှင့် တိုင်းနှင့်ပြည်နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသမီး အမတ်လောင်းမှာ ၄၄၄ ဦး ရှိရာ ပြီးခဲ့သည့် ရွေးကောက်ပွဲများထက် တိုင်းနှင့်ပြည်နယ်တို့တွင် ယှဉ်ပြိုင်မည့်အမျိုးသမီးများ ပိုမိုများပြားလာသည်ကို တွေ့ရသည်။ 
လွှတ်တော်သုံးရပ်တွင် အမျိုးသမီးအမတ်များ ပါဝင်မှု နည်းပါးနေခြင်းကြောင့် အမျိုးသမီးအခွင့်အရေးနှင့် သက်ဆိုင်သည့် ဥပဒေပြုခြင်း၊ အမျိုးသမီးများအတွက် အကာအကွယ်ဖြစ်စေမည့် အဆို တင်သွင်ခြင်းတို့အားနည်းနေခြင်း၊ နိုင်ငံရေးအရ အဆုံးအဖြတ်ပေးနိုင်သည့် ရာထူးနေရာတို့တွင် အမျိုးသမီးများပါဝင်မှု အားနည်းခြင်းတို့ကြောင့် ပြီးဆုံးတော့မည့် လွှတ်တော်သက်တမ်း ငါးနှစ်အတွင်း အမျိုးသမီးထု၏အသံကို ထင်ဟပ်နိုင်မှုအားနည်းခဲ့ခြင်း စသည့် အချက်တို့ကြောင့် လာမည့်ရွေး ကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရခြင်းဖြစ်ကြောင်း ယခုဆောင်းပါးအတွက် တွေ့ဆုံမေးမြန်းခဲ့သည့် အမျိုးသမီးအမတ်လောင်း ၂၀ ဦး ခန့်က ဖြေကြားသည်။ 
အထူးသဖြင့် တိုင်းဒေသကြီး နှင့် ပြည်နယ်လွှတ်တော်များတွင် လွှတ်တော်သက်တမ်း ငါးနှစ်ကုန် ဆုံးချိန် နီးကပ်လာသည်အထိ အမျိုးသမီးကဏ္ဍအပြင် ဘတ်ဂျက်များသုံးစွဲမှု၊ အောက်ခြေလူတန်း စားများ၏အခက်အခဲ၊ ဒေသခံ များ၏ဘဝရပ်တည်မှုနှင့် ကုန်ဈေး နှုန်းအပါအဝင် လူမှုနေ့စဉ်ဘဝတို့ ကို ထင်ဟပ်ဖြေရှင်းပေးနိုင်သည့် ဆုံးဖြတ်ဆွေးနွေးမှုများ မရှိသလောက် နည်းပါးသဖြင့် ရွေးကောက်ပွဲဝင်ပြိုင်ခြင်းဖြစ်ပြီး ဒေသခံများနှင့်ဘဝချင်း နီးစပ်၍ ၎င်းတို့ကို လူထုက ရွေးချယ်နိုင်ခြေ များကြောင်း တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်မှ ဝင်ရောက် ယှဉ်ပြိုင်မည့် အမျိုးသမီးအမတ် လောင်းက ပြောကြားသည်။ 
‘‘လွှတ်တော်ထဲမှာ အမျိုး သားတွေရဲ့တင်ပြချက်နဲ့ အမျိုးသမီးတွေရဲ့တင်ပြချက်ကို နှိုင်းယှဉ် မယ်ဆိုရင် အမျိုးသမီးတွေတင်ပြ ချက်က ပိုပြီး ထိရောက်ထက်မြက်တယ်လို့ထင်တယ်။ အမျိုးသားက စီးပွားရှာတာတစ်ခုပဲ နားလည်တယ်။ အမျိုးသမီးက အိမ်ထောင်တာဝန်ထမ်းဆောင်နေရတာဖြစ်တဲ့အတွက် စီးပွားရေးလည်း နား လည်တယ်။ လူမှုရေးလည်း နားလည်တယ်။ စားရေးသောက်ရေး ဝတ်ရေးထောင့်စေ့အောင် လုပ် နေရတဲ့အတွက် လွှတ်တော်ထဲဝင် ရင် တင်ပြချက်တွေကို ထောင့်စေ့ အောင် လုပ်နိုင်မယ်’’ဟု ရန်ကုန်တိုင်း အမှတ်(၂)တိုင်းဒေသကြီးမဲ ဆန္ဒနယ်တွင် ဝင်ရောင်ယှဉ်ပြိုင်မည့် ပြည်ခိုင်ဖြိုးပါတီမှ အသက် (၆၃)နှစ်ရှိ အငြိမ်းစားကျောင်းဆရာမကြီး ဒေါ်ငြိမ်းညွန့်က ပြော သည်။ 
၂၀၁၅ ရွေးကောက်ပွဲဝင်မည့် ပါတီ ၈၉ ခုအနက် အမျိုးသမီး အမတ်လောင်းကို ဦးစားပေးရွေးချယ်ထားသည့်ပါတီမှာ အနည်းငယ်သာရှိသည်။ 
အဓိကပါတီကြီးနှစ်ခုဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့က အမျိုးသမီး အမတ်လောင်းများကို ဦးစားပေး ရွေးချယ်မည်ဟု ပြောကြားထား သည်။ 
ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါ တီက အမျိုးသမီးနှင့်လူငယ်ကို ပါ တီဝင်များ၏သုံးပုံတစ်ပုံနေရာပေးရန် သတ်မှတ်သည်။ အမျိုးသမီး ပါတီ(မွန်)ကမူ ၎င်းတို့ဝင်ရောက် ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်လေးနေရာလုံးအတွက် အမျိုးသမီးအမတ် လောင်းများကိုသာ ရွေးချယ်ထားသည်။ 
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက အမျိုးသမီးနှင့် တိုင်းရင်းသားဦးစားပေးမည်ဖြစ် ပြီး ဝံသာနုဒီမိုကရက်တီပါတီကမူ အမျိုးသမီးကိုယ်စားလှယ်လောင်းများကို ဦးစားပေးရွေးချယ်ထား သည်။ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ကမူ ကျား၊ မ မခွဲခြားဘဲ ပညာတတ်ကို ဦးစားပေးမည်ဟု ဆိုသည်။ 
ထို့ပြင် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ(NDF)က အမျိုး သမီးကိုယ်စားလှယ်လောင်း ၂၀ ရာခိုင်နှုန်းပါဝင်ရန် သတ်မှတ်ထား သည်။ 
‘‘နယ်က လူတွေက လူမှုရေးလည်း နိမ့်ကျရှာတယ်။ စီးပွားရေးလည်း နိမ့်ကျတယ်။ ပညာရေးကို  မြှင့်တင်ပေးမှ ဒါတွေက ကျွဲကူးရေ ပါ ပါလာမှာ။ အမျိုးသားတွေက  အပေါ်ယံပဲ သိတယ်။ အမျိုးသမီး ကတော့ အိမ်တစ်အိမ်ရောက်တာ နဲ့ မီးဖိုထဲထိ လှမ်းမြင်လိုက်တယ်။ ဒါကြောင့် ကျွန်မတို့တွေ အပြင်မှာ ပြောနေတာထက်စာရင် လွှတ် တော်ထဲရောက်သွားရင် သူတို့တွေအတွက် ပိုပြောပိုလုပ်ပေးနိုင်မယ်ထင်လို့ ရွေးကောက်ပွဲဝင်တာ ဖြစ်တယ်’’ဟု ကယားပြည်နယ်မဲ ဆန္ဒနယ်အမှတ်(၂)မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် အသက် (၄၉)နှစ်အရွယ် အငြိမ်းစားပညာရေးဝန်ထမ်း ဒေါ်မိမိမော်က ပြော သည်။ 
ထို့ပြင် ကယားပြည်နယ်အပါအဝင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး ဖွံ့ဖြိုးတိုးတက်မှုနှေးကွေးသော ဒေသများတွင် လူထုမှာ ရပိုင်ခွင့်လည်း မသိ၊ မတရားသည့် အမှုကိစ္စတို့တွင်လည်း တုံ့ပြန်ခွင့် နည်းပါးပြီး အထူးသဖြင့် ၎င်းတို့၏ ပြည်နယ်လွှတ်တော်တွင်းရှိ ကိုယ် စားလှယ်အများစုမှာ ၎င်းတို့၏အ ကျိုးစီးပွားပျက်စီးစေမည့် ကိစ္စ များကို တင်ပြခြင်းမရှိဘဲ မသိချင် ယောင်ဆောင်နေခြင်းသာ ရှိကြောင်း ၎င်းက ဆက်လက်ပြော သည်။ 
‘‘လွှတ်တော်ထဲက လူတွေက ကျွန်မတို့တွေးတဲ့ အတွေးကို မတွေးဘူး။ ကျွန်မတို့လုပ်တဲ့အလုပ် ကို မလုပ်ဘူး။ ဒေသခံတွေ ဆင်းရဲနွမ်းပါးလို့ဆိုပြီး လမ်းတံတား ဆောက်ဖို့ စီမံကိန်းတွေကျအောင် လုပ်တယ်။ ရလာတဲ့ငွေတွေထဲက သုံးပုံတစ်ပုံလောက် တကယ်သုံး ရင်ကံကောင်း။ ကျွန်မ ဆင်းရဲနွမ်း ပါးမှုလျှော့ချရေးကော်မတီထဲမှာ ပါတယ်။ အဲဒီအတွက် အစိုးရက ချပေးတဲ့ ဘတ်ဂျက် သိန်းပေါင်းများစွာ လိမ်ချေးသွားတဲ့သူတွေ လက်ထဲရောက်သွားတယ်။ မီးလင်းရေးအတွက် ၆၈ သိန်းချပေး တယ်။ လုံးဝမီးမလင်းဘဲ အဲဒီငွေ ကုန်သွားတယ်။ ဒါတွေကို ဘာမှ ဆွေးနွေးတာ မတွေ့ရဘူး’’ဟု ဒေါ်မိမိမော်က ဆက်လက် ပြော ကြားသည်။ 
ထို့ပြင် အမျိုးသမီးအမတ် လောင်းများအနေဖြင့် ရင်ဆိုင်ရမည့် စိန်ခေါ်မှုအခက်အခဲမှာ မိမိ ၏ ပြိုင်ဘက်က အမျိုးသားဖြစ်နေ ခြင်းအပြင် အင်အားကြီးပါတီကြီး များနှင့်အတူ ဝင်ရောက်ယှဉ်ပြိုင်ရ မည့်မဲဆန္ဒနယ်များတွင် အောက် ခြေပြည်သူအတွက် အမှန်တကယ် အလုပ်လုပ်ပေးမည့်သူကို ပါတီ ကိုမကြည့်ဘဲ လူကိုသာကြည့်၍ မဲပေးရွေးချယ်စေလိုကြောင်း ၎င်းတို့က ပြောသည်။ 
‘‘လူကိုပဲ ကြည့်စေချင်တယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ ဘယ်သူက ပိုလုပ်ပေးနိုင်မယ်ဆိုတာကို အရည်အချင်းသာတဲ့သူကိုပဲ ရွေးပေးပါလို့ ပြောချင်တယ်’’ဟု မွန်ပြည်နယ် ပေါင်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ ဝင်ရောက်ယှဉ်ပြိုင်မည့် အသက်(၃၀)ကျော်အရွယ် NDF ပါတီကိုယ်စားပြု ဒေါ်မီမီ လှိုင်ချိုက ပြောသည်။ 
အင်ဒိုနီးရှားနိုင်ငံ၏ ရွေး ကောက်ပွဲစနစ်တွင် ၂၀၀၄ မှစ၍ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီတစ်ခုလျှင် မဲဆန္ဒနယ်တစ်ခုအတွင်း အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် ၃၀ ရာခိုင် နှုန်းပါဝင်ရမည်ဟု အင်ဒိုရွေး ကောက်ပွဲကော်မရှင်က သတ်မှတ် ခဲ့သည်။ အမျိုးသားနှစ်ဦးလျှင် အ မျိုးသမီးတစ်ဦးနှုန်း လွှတ်တော် ကိုယ်စားလှယ်လောင်း တင်ရမည် ဖြစ်ပြီး အဆိုပါခွဲတမ်းကြောင့် ၂၀၀၉ ရွေးကောက်ပွဲအပြီးတွင် အင်ဒိုပါလီမန်အတွင်း အမျိုးသမီး အမတ်ပါဝင်မှု ၁၈ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့သည်။ 
အင်ဒိုရွေးကောက်ပွဲကော်မရှင်က ယင်းစနစ်ကို ၂၀၁၄ ရွေး ကောက်ပွဲတွင် ထပ်မံအရှိန်မြှင့်ခဲ့ ရာမဲဆန္ဒနယ်ခုနစ်ခုအတွင်း အဆို ပါ အချိုးအစားအား ပြည့်မီအောင်  ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့် ပါတီငါးခုမှ အမတ်လောင်း ၇၀ ကျော်ကို ပယ်ချခဲ့သည်။ 
မြန်မာနိုင်ငံတွင်မူ ၂၀၁၀ နှင့် ၂၀၁၂ ရွေးကောက်ပွဲနှစ်ခုပေါင်း ရလဒ်အရ အရှေ့တောင်အာရှ နိုင်ငံဆယ်နိုင်ငံတွင် ရွေးကောက်ခံ အမျိုးသမီးအမတ်ဦးရေ အနည်း ဆုံးဖြစ်နေပြီး တီမောကဲ့သို့ နိုင်ငံတွင်ပင် လွှတ်တော်နှစ်ရပ်အတွင်း အမျိုးသမီးအမတ်ပါဝင်မှုမှာ ၃၈ ဒသမ ၅ ရာခိုင်နှုန်း ဖြစ်သည်။ 
‘‘ပုခက်လွှဲတဲ့လက်ဟာ က မ္ဘာကို စိုးမိုးတယ်ဆိုတဲ့စကားရှိ တယ်။ ကျွန်မတို့ဧရာဝတီတိုင်း တစ်ခုလုံးမှာ ကရင်တွေများပါ တယ်။ ကရင်တိုင်းရင်းသားတွေ ဟာ အောက်ခြေလူတန်းစားများ ပါတယ်။ ရွှေ့ပြောင်းလုပ်သား အ ရမ်းများတယ်။ လက်တွေ့အခြေ အနေအရ ကျွန်မတို့ဧရာဝတီတိုင်း ဟာ တိုင်းတွေအားလုံးထဲမှာ အ ဆင်းရဲဆုံးလို့မြင်တယ်။ သဘာဝ ဘေးဆိုးလည်း ဆိုးဆိုးရွားရွားခံ စားရတယ်။ ဒါတွေကြောင့် အမျိုး သမီးတွေဘ၀ ဘယ်လောက် ထိ ခိုက်ရတယ်ဆိုတာ ကျွန်မတို့က ပိုမြင်ပိုသိနေတယ်။ အပေါ်က အစိုး ရက ဘယ်လောက်လုပ်ပေးပေး အောက်ခြေမှာ ဘာမှ ထိရောက်မှု မရှိဘူးလို့ အမျိုးသမီးအသံတွေ ပိုကြားနိုင်အောင် ရွေးကောက်ပွဲ ၀င်ရခြင်းဖြစ်တယ်’’ဟု ဧရာဝတီ တိုင်းဒေသကြီး ပန်းတနော်မဲဆန္ဒ နယ်မှ ၀င်ရောက်ယှဉ်ပြိုင်မည့် က ရင်ပြည်သူ့ပါတီမှ အသက်(၆၃) နှစ်အရွယ် အငြိမ်းစားဝန်ထမ်း နန့်ခင်နွဲ့က ပြောသည်။
တစ်ကမ္ဘာလုံးတွင် အမျိုး သားအမတ်ပေါင်း ၃၄,၆၃၆ ဦးနှင့် အမျိုးသမီးအမတ်ပေါင်း ၉,၉၄၇ ဦးရှိပြီး ယင်းစာရင်းအရ ကမ္ဘာ ပေါ်ရှိ လွှတ်တော်ကိုယ်စားလှယ် အားလုံး၏ ၂၂ ဒသမ ၃ ရာခိုင်နှုန်း သာ အမျိုးသမီးလွှတ်တော် ကိုယ် စားလှယ်များဖြစ်ကြောင်း ဆွစ်ဇာ လန်အခြေစိုက်  Inter- Parliamentary Union က ၂၀၁၅ သြဂုတ် ၁ ရက်တွင် ပြုစုထားသည့် စစ်တမ်း၌ ဖော်ပြထားသည်။
ဖိလစ်ပိုင်တွင် နောက်ဆုံးပြု လုပ်ထားသည့်  ၂၀၁၃ ရွေး ကောက်ပွဲတွင် အထက်လွှတ်တော်၊ အောက်လွှတ်တော်၊ လွှတ် တော်နှစ်ရပ်အပြင် ပြည်နယ်တိုင်း အစိုးရအဖွဲ့၊ ရပ်ကွက်မြို့နယ် ခရိုင်ချင်းအလိုက် အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီတို့တွင် ရွေးကောက် တင်မြှောက်ခံရသည့် အမျိုးသမီး ဦးရေမှာ ၃,၅၀၃ ဦးရှိသည်။ ရွေးကောက်ခံ ကိုယ်စားလှယ်လောင်း အားလုံး၏ ၁၉ ဒသမ ၉၇ ရာခိုင်နှုန်းကို အမျိုးသမီးများက အနိုင် ရရှိခဲ့ခြင်းဖြစ်သည်။
ထို့အပြင် နိုင်ငံရေးနယ်ပယ် တွင် အမျိုးသမီးများပါဝင်မှုမှာ တိုးတက်လာသည်ဆိုသော်လည်း အာရှအပါအ၀င် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံရေးအရ အရေးပါ အရာ ရောက်သည့် အဆုံးအဖြတ်များ ပေးနိုင်မှုတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍမှာ အားနည်းနေဆဲ ဖြစ်ကြောင်း The  Asia Foundation က၂၀၁၄ တွင် ပြုလုပ်ခဲ့ သည့် စစ်တမ်းတစ်စောင်၌ ဖော်ပြ ထားသည်။
ယင်းသို့ ဖိလစ်ပိုင်နှင့် အင်ဒို နီးရှားတို့တွင် အမျိုးသမီးအမတ် များကို ပိုမိုနေရာပေးရွေးကောက် တင်မြှောက်ခဲ့သည့်အတွက် ယင်း နိုင်ငံများ၌ အမျိုးသမီးများကို အ ကျိုးပြုသည့်ဥပဒေအချို့ကို လွှတ် တော်တွင်း ဆွေးနွေးခြင်း၊ အမျိုး သမီးနှင့် ကလေးသူငယ်အခွင့်အ ရေး ကာကွယ်မြှင့်တင်သည့် လုပ် ငန်းများ ဆောင်ရွက်ခြင်းတို့ ပိုမို ပြုလုပ်နိုင်လာသည်။ အထူးသဖြင့် အမျိုးသမီးအမတ်လောင်း ခွဲတမ်း မပါမနေရ စနစ်ဖြင့် ကျင်းပခဲ့သည့် အင်ဒိုရွေးကောက်ပွဲများကြောင့် သမ္မတဂျိုကိုဝီဒိုဒိုက ၎င်း၏အစိုးရ အဖွဲ့ထဲတွင် အမျိုးသမီး ၀န်ကြီးများကို ခန့်အပ်ခဲ့သည်။
မြန်မာအစိုးရသစ်လက် ထက်တွင် ၀န်ကြီးဌာန ၃၆ ခုအ နက် ပြည်ထောင်စုအဆင့်အမျိုးသမီးဝန်ကြီး နှစ်ဦးသာ ခန့်အပ်နိုင် သေးသည်။
‘‘ဥပဒေအထက်မှာ ဘယ်သူ မှမရှိဖို့အရေးကြီးတယ်။ လူထုက ရွေးကောက်တင်မြှောက်တဲ့သူ လူကြီးဖြစ်ရင်တော့ အောက်ခြေပြည် သူတွေရဲ့ စကားကိုလေးလေးနက် နက်နဲ့ နားထောင်ရမှာပဲ။ အခု ပြည်နယ်လွှတ်တော်ကိုကြည့်ရ တာ အားမရဘူး’’ဟု မွန်ပြည်နယ် ပေါင်မြို့မှ ကိုယ်စားပြုယှဉ်ပြိုင် မည့် ဒေါ်မီမီလှိုင်ချိုကပြောသည်။
လွှတ်တော်တွင်း အမျိုးသမီး အမတ်များ နည်းပါးနေခြင်းကမျိုး စောင့်ဥပဒေဟုလူသိများသည့် အ မျိုးသမီးအခွင့်အရေးအတွက် အ ငြင်းပွားဖွယ်ဥပဒေများ ဆွေးနွေး ဆုံးဖြတ်ခြင်း၊ ကုန်ဈေးနှုန်း တရိပ် ရိပ်တက်နေခြင်းကြောင့် လူမှုဘ၀ အခက်အခဲများ၊ အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရ မှု၊ အရွယ်မရောက်သေးသော က လေးသူငယ်များ အဓမ္မပြုကျင့်ခံရ မှု၊ အမျိုးသမီးများဘ၀ လုံခြုံရေး အတွက် ကာကွယ်စောင့်ရှောက် ခြင်းဥပဒေ စသည့် အဆိုများကို ဆွေးနွေးရာတွင် ပြင်ပမှ အမျိုးသ မီးထု၏အသံကို ထင်ဟပ်လွှမ်းခြုံ နိုင်မှုနည်းပါးကြောင်းအမျိုးသမီး အရေးလှုပ်ရှားသူများ၏ ထောက် ပြဝေဖန်မှုများလည်း ရှိနေသည်။
‘‘စစ်ပဲဖြစ်ဖြစ်၊ ကုန်ဈေးနှုန်း တက်တာပဲဖြစ်ဖြစ် အမျိုးသမီး တွေပဲ တိုက်ရိုက်ခံစားရတာ။ က ချင်မှာ စစ်ဆိုမိန်းကလေးတွေ အ ရင်ခံရတာ။ မူးယစ်ဆေးဝါးပြဿ နာဆိုလည်း မိန်းကလေးတွေ၊ က လေးတွေပဲ တော်တော်လေးခံစား ရတယ်။ ကျွန်မအမတ်ဖြစ်ရင် ပ ထမဆုံးအမျိုးသမီးတွေအလုပ်အ ကိုင်ရရှိရေးကို ပထမဆုံးလုပ် ပေးသွားမယ်’’ဟု ကချင်ပြည်နယ် ဖားကန့်မဲဆန္ဒနယ် အမှတ်(၂)မှ ၀င်ရောက်ယှဉ်ပြိုင်မည့် တိုင်းလိုင် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါ တီကိုယ်စားပြု အသက်(၃၂)နှစ်အ ရွယ်ရှိ ဒေါ်စမ်းစမ်းအေးက ပြောသည်။
အမျိုးသမီးလည်း ဖြစ်၊ တောင်သူလယ်သမားအကျိုးစီးပွားအတွက်လည်း ရှေ့တန်းက ဆောင်ရွက်လို၍ ကိုယ်တိုင်လည်း တောင်သူတစ်ဦးဖြစ်သည့် အမျိုး သမီးအမတ်လောင်း ဒေါ်ကြည် ဆွေကလည်း အင်အားကြီးပါတီ ကြီးများနှင့် ယှဉ်ပြိုင်ရန် ကြောက် ရွံ့ခြင်းမရှိဘဲ လွှတ်တော်တွင်းမှ တစ်ဆင့် နိမ့်ကျကျပ်တည်းလှသည့် တောင်သူဘ၀ကို မြှင့်တင်ရန် အမျိုးသားအမတ်များနှင့် ရင်ပေါင်တန်းဆောင်ရွက်ရန်ဆုံးဖြတ် ထားကြောင်း ပြောကြားသည်။
‘‘ဧရာဝတီတိုင်းမှာဆို တခြား အင်အားကြီးပါတီတွေနဲ့ ယှဉ်ပြိုင် ရမှာဖြစ်ပေမယ့် ဆင်းရဲနွမ်းပါးတဲ့ တောင်သူတွေအတွက် ဖြစ်လို့ ကိုယ်တိုင်လည်း လယ်လုပ်လာတော့ မခက်ခဲဘူးလို့ ထင် တယ်။ လွှတ်တော်ထဲရောက်ရင် တောင်သူတွေ ဆင်းရဲနေတာအပြင်ပညာရေးဆိုလည်း မူလတန်း အဆင့် လောက်နဲ့ပြီးနေရတာတွေ၊ လမ်း ပန်းဆက်သွယ်ရေးကအစ အား မလိုအားမရဖြစ်မိတယ်။ ဒါတွေ ကို လွှတ်တော်ထဲရောက်မှ ပြော ရေးဆိုခွင့်ရှိမှာ’’ဟု တောင်သူ လယ်သမားဖွံ့ဖြိုးတိုးတက်ရေး ပါတီကိုယ်စားပြု၍ ဧရာဝတီတိုင်း ဒေသကြီးမဲဆန္ဒနယ်မှ ၀င်ရောက် ယှဉ်ပြိုင်မည့် ဒေါ်ကြည်ဆွေက ပြောသည်။
မြန်မာနိုင်ငံတွင် ကျင်းပခဲ့သော ရွေးကောက်ပွဲများအနက် ကိုယ်စားလှယ်လောင်း လျှောက် ထားသူ ၆,၁၈၉ ဦးဖြင့် အများဆုံး ၀င်ရောက်ယှဉ်ပြိုင်သည်။ ၂၀၁၅ ရွေးကောက်ပွဲကျင်းပရန် ရက် ပေါင်း ၇၄ ရက်သာကျန်တော့ သည်။ ကိုယ်စားလှယ်လောင်း စိစစ်မှုများအပြီး ယင်း ၆,၀၀၀ ကျော်အနက် အမျိုးသမီးအမတ် လောင်း ၇၉၁ ဦးထဲမှ ရွေးကောက် ပွဲတွင် မည်မျှ အောင်ပွဲခံမည်လဲ ဆိုသောအချက်က မကြာမီ လ ပိုင်းအတွင်း အဖြေပေါ်တော့မည် ဖြစ်သည်။
Share on Google Plus

About Admin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။