“တောဆင်ရိုင်းတွေအကြောင်း ပြောပြမယ်”

သတင်းစာမျက်နှာတွေထက်မှာ အခုရက်ပိုင်း နေရာယူထားတဲ့ အညာမြေဆီရောက်သွားတဲ့ တောဆင်ရိုင်းအုပ်နဲ့ဆက်စပ်ပြီး မြန်မာနိုင်ငံက တောဆင်ရိုင်းတွေအကြောင်း ပြောပြပေးသွားပါ့မယ်။
 
တောဆင်ရိုင်းတွေအကြောင်း မပြောခင် တောဆင်ရိုင်းနဲ့ တွေ့ခဲ့ရင် ဘာတွေရှောင်ရမယ် ဘာတွေလုပ်ရမယ်ဆိုတာ အရင်ဆုံးပြောပြပါရစေ။

ကိုယ်နေတဲ့နေရာသို့မဟုတ် ရွာတွေအနားကို တောဆင်ရိုင်းမလာအောင် ကျွဲရှိရင် ကျွဲတွေ ချည်ထားလိုက်ပါလို့ ဆင်အကြောင်းနားလည်သူတစ်ဦးကဆိုပါတယ်။ ဆင်တွေကြောက်တဲ့ သတ္တဝါ နည်းနည်းထဲမှာ ကျွဲလည်းပါတာမို့ ကျွဲတွေကိုကြောက်တဲ့အတွက် အဲလိုလုပ်တာလည်း နည်းလမ်းတစ်ခုလို့ ဆိုပါတယ်။ ကျန်တဲ့နည်းလမ်းတွေကတော့ အရင်သိထားပြီးသားဖြစ်တဲ့ မီးရှို့တာ၊ သံပုံးတီးတာတွေ ဆူညံသံတွေ ဖန်တီးလိုက်ရင် ဆင်တွေ အနားကပ်မလာနိုင်တော့ပါဘူး။

နောက်ထပ်ထူးခြားမှုတစ်ခုကတော့ ဆင်တွေဟာ ခွေးတွေကိုမုန်းပါတယ်တဲ့။ ခွေးဟောင်သံကြားရင် စိတ်ဆိုးတတ်ပြီး လူကိုပါရန်ပြုတတ်လို့ အဲဒီအချက်ကို သတိထားပြီး ဆင်တွေအနားကို ခွေးတွေ ခေါ်မသွားသင့်ဘူးဆိုတာ သိထားရပါမယ်။ ဆင်တွေဟာ အလင်းရောင်ကိုလည်း မုန်းတဲ့အတွက် ဖုန်းကင်မရာတွေနဲ့ အလင်းမပိတ်ဘဲ ဓာတ်ပုံရိုက်ရင် စိတ်ဆိုးပြီး ရန်မူတတ်လို့ သတိထားရပါမယ်။ ဆိုင်ကယ်သံတွေ၊ လူသံတွေကလည်း ဆင်ရိုင်းတွေကို အနှောက်အယှက်ဖြစ်စေပြီးတော့  စိတ်ရိုင်းဝင်စေတတ်ပါသတဲ့။

ဆင်တွေပြေးမယ်ဆိုရင် တစ်နာရီကို ၂၅ မိုင်နှုန်း ခရီးရောက်အောင်ပြေးနိုင်ပါတယ်။ တောဆင်ရိုင်းနဲ့ ပက်ပင်းတိုးမိရင် လွတ်အောင်ပြေးဖို့မလွယ်လှပါဘူး။ တကယ်လို့ အနီးမှာ တောင်ကုန်း သို့မဟုတ် အမြင့်တစ်နေရာရာရှိရင် တက်ပြေးရင်တော့ လွတ်နိုင်ပါတယ်။ တောင်စောင်းလိုမျိုးမှာ လျှောဆင်းတာမျိုးတော့ မလုပ်မိပါစေနဲ့ ဆင်ကတရွတ်လျှောလိုက်တတ်လို့ သူကကိုယ့်ထက် ပိုမြန်နိုင်ပါတယ်။

ပုံအကြီးကြည့်ရန်
ကဲ အခုတော့ …..တောဆင်ရိုင်းတွေအကြောင်းပြောပါမယ်။

မြန်မာနိုင်ငံမှာ တောဆင်ရိုင်းကောင်ရေဘ ယ်လောက်ကျန်မယ်လို့ ခန့်မှန်းမိပါသလဲ………..
မြန်မာနိုင်ငံမှာ ၂၀၁၀ခုနှစ်ကနေ ၂၀၀၃ ခုနှစ်အတွင်း ကောက်ယူခဲ့တဲ့ စာရင်းတွေအရ တောဆင်ရိုင်းအကောင်ရေ ငါးထောင်ကျော် ကျန်နိုင်သေးတယ်လို့ ခန့်မှန်းခဲ့ကြပေမယ့် ဒီနှစ်တွေမှာတော့ သုံးထောင်လောက်သာ ကျန်တော့မယ်လို့ ခန့်မှန်းထားကြပါတယ်။ အကောင်ရေအတိအကျတော့ မသိရနိုင်ပါဘူး။
မြန်မာနိုင်ငံမှာ တောဆင်ရိုင်းနဲ့ ဆင်ယဉ်လို့လူတွေအလွယ်ခေါ်ကြတဲ့ ဆင်ရယ်လို့ နှစ်မျိုးရှိပြီး အစိုးရဌာနကပိုင်တာနဲ့ ပုဂ္ဂလိကပိုင်တဲ့ အိမ်မွေးဆင် အကောင်အရေကတော့ ၄၆၄၉ ကောင် ရှိပါတယ်။
အခု ဆင်၆ကောင်ပါတဲ့ တောဆင်ရိုင်းအုပ် မျက်စိလည်ပြီး တောပြောင်တဲ့ နေရာတွေထိ ရောက်လာတာက တောတွေ ပြုန်းတီးသွားလို့ဖြစ်တယ်လို့ ဆင်ကျွမ်းကျင်သူတွေက ထောက်ပြထားပြီး မြန်မာနိုင်ငံရဲ့ တောပြုန်းတီးမှုက တောဆင်ရိုင်းတွေအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်လာနေပြီလို့ဆိုကြပါတယ်။

တောဆင်ရိုင်းတွေကို ခြိမ်းခြောက်နေတဲ့ နောက်ထပ်အန္တရာယ်တစ်ခုရှိပါသေးတယ်။ အဲဒါကတော့ ဈေးကောင်းရတဲ့ ဆင်စွယ်ရလိုမှုနဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်းခံနေရတာပါဘဲ ။
၂၀၁၀ ကနေ ၂၀၁၄ အထိ စာရင်းတွေအရဆိုရင် လေးနှစ်တာအတွင်းမှာ ဖမ်းဆီးသတ်ဖြတ်ခံရလို့ တောဆင်ရိုင်း ၂၆ ကောင် သေဆုံးခဲ့ရပါတယ်။ ဒါ့အပြင် ရောဂါဘယနဲ့ သဘာဝကြောင့်သေဆုံးရတဲ့ အကောင်ရေကလည်း လေးနှစ်အတွင်းမှာ ၄၇ကောင်တောင်ရှိခဲ့ပါတယ်။

တောတွေပြုန်းတီးလာတာနဲ့ လူတွေရဲ့ လယ်ယာမြေချဲ့ထွင်ခြင်းတွေကလည်း တောဆင်ရိုင်းတွေရဲ့ စားကျက်တွေ ပျောက်ဆုံးကုန်ပါတယ်။ ဒါကြောင့်လည်း လူနဲ့ဆင် ပဋိပက္ခတွေ ဖြစ်ပွားမှုစိပ်လာခဲ့ပြီး လေးနှစ်တာစာရင်းကို ပြန်ကြည့်မယ်ဆိုရင် ၆၃ မှုတောင် ဖြစ်ခဲ့ပါတယ်။

လူနဲ့ဆင် ပဋိပက္ခတွေကြောင့် လူတွေ သေဆုံးဒဏ်ရာရခဲ့တာတွေရှိသလို ဆင်တွေထိခိုက်ခဲ့ရတာတွေလည်း ရှိခဲ့ပါတယ်။

ဒါပေမဲ့ ဆင်တွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ လုပ်ရင်တော့ တောရိုင်းတိရိစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေး ဥပဒေပုဒ်မ ၃၇ (က) နဲ့ အရေးယူခံရနိုင်ပါတယ်။ ဆင်က လုံးဝကာကွယ်ထားတဲ့စာရင်းထဲမှာပါဝင်တဲ့အတွက် ဖမ်းဆီးသတ်ဖြတ်ခဲ့ရင်၊ ဆင်နဲ့ဆက်စပ်ပစ္စည်းတွေ ရောင်းဝယ်ဖောက်ကားမယ်ဆိုရင်တော့ ထောင်ဒဏ်ခုနစ်နှစ်ဖြစ်စေ၊ ဒဏ်ငွေငါးသောင်းဖြစ်စေ သို့မဟုတ် ပြစ်ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရနိုင်ပါတယ်။

မြန်မာနိုင်ငံထဲမှာဆိုရင် တောဆင်ရိုင်းတွေဟာ ကချင်ပြည်နယ် အရှေ့ပိုင်းနဲ့ မြောက်ပိုင်း၊ ရှမ်းရိုးမမြောက်ပိုင်းနဲ့ တောင်ပိုင်း ၊ ချင်းတွင်းမြစ် အထက်ပိုင်းနဲ့ တောင်ပိုင်း၊ စစ်ကိုင်းတိုင်း ၊ ရခိုင် (မေယုတောင်တန်း၊ ရခိုင်ရိုးမ) ၊ ကယားနဲ့ကရင်ပြည်နယ် ဆက်စပ်ဒေသ ၊ ကရင် (သံလွင်အရှေ့ခြမ်း) ၊မွန်၊ ပဲခူးရိုးမ( အလယ်ပိုင်း၊ အောက်ပိုင်း) တနင်္သာရီတိုင်းနဲ့ ရန်ကုန်တိုင်း ( တိုက်ကြီး၊မှော်ဘီ၊ လှည်းကူး) တို့မှာ ကျန်ရှိကျက်စားနေတယ်လို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ တခြားအာရှနိုင်ငံများလိုပဲ အာရှဆင်မျိုးစိတ် ဆင်တစ်မျိုးသာ နေထိုင် ကျက်စားပါတယ်။ ကမ္ဘာမှာတော့ အာရှဆင်အကောင်ရေဟာ တဖြည်းဖြည်းလျော့နည်းလာပြီး တစ်ကမ္ဘာလုံးမှာ ကောင်ရေနှစ်သိန်းလောက်ဘဲ ကျန်နိုင်ပြီး တောထဲမှာနေထိုင်ကျက်စားတဲ့အကောင်ရေကတော့ သုံးသောင်းခွဲကနေ လေးသောင်းကြားမှာ ရှိနိုင်တယ်လို့ ကမ္ဘာ့တောရိုင်းတိရိစ္ဆာန် ရန်ပုံငွေအဖွဲ့ကြီးက ခန့်မှန်းထားပါတယ်။

(ဆင်နဲ့ပတ်သက်တဲ့ အချက်အလက် ဗဟုသုတအချို့ကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာနနဲ့ Save Elephant Foundation တို့မှ ရရှိ၊ဖြေကြားပေးထားပါတယ်)
http://7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။