ရခိုင်တွင် စပါးများ ပိုးကျ၍ ပိုးသတ်ဆေးများ အမြန်လိုအပ်နေ

စံမောင်သန်း
စစ်တွေ၊ သြဂုတ် ၂၄

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ဇင်းခါချေကျေးရွာအုပ်စု ဇင်းခါချေကျေးရွာတွင် ရေကြီးပြီးနောက်ပိုင်းတွင် စပါးစိုက်ခင်းများတွင် ပိုးကျ၍ စပါးစိုက်ဧက ၅၀ နီးပါးပျက်စီး သွားသည် ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ထံမှ သိရသည်။

ထွက်ခါစ စပါးပင်ငယ်များကို ပိုးက အရွက်နှင့် အပင်ကိုပါ ကိုက်ဖြတ်လိုက်သဖြင့် အပင်ငုတ်များသာကျန်ကြောင်း၊ သို့သော် ပိုးကောင်များကို မတွေ့ရကြောင်း၊ ဆေးနှစ်မျိုးရောဖျန်းမှ အဆိုပါပိုးကို သတ်နိုင်သည်ဟု သိရကြောင်း၊သို့အတွက် သင့်တော်သော ပိုးသတ်ဆေးများကို အချိန်မှီ သက်ဆိုင်ရာက ဖြန့်ဖြူးပေးရန် လိုအပ်နေကြောင်း ဇင်းခါချေကျေးရွာမှ အုပ်ချုပ်ရေးမှူးကပြောသည်။

ပိုးကျ၍ နစ်နာသော လယ်သမားများနှင့် ပျက်စီးဆုံးရှုံးမှုများမှာ ဦးမောင်လှထွန်းတွင် စပါးစိုက်ဧက ၈ ဧကတွင် ၇ ဧက ပျက်စီးပြီး ဒေါ်တင်အေးခိုင်တွင် စိုက်ဧက ၈ - ပျက်စီး ၄ ဧက၊ ဦးမောင်ရွှေဝင်းတွင် စိုက်ဧက ၆.၁ - ပျက်စီး၂. ၄ ဧက၊ ဦးသာအောင်ဖြူတွင် စိုက်ဧက ၁၄ - ပျက်စီး ၃.၂ ဧက ပျက်စီး၊ ဦးဘိုရွှေသိန်း စိုက်ဧက ၃၂ - ပျက်စီး ၁၂ ဧက၊ ဦးမောင်ဖြူသီးစိုက်ပျိုး ၁၀ ဧက - ပျက်စီး ၅ ဧက၊ ဦးမောင်သန်းလှိုင် စိုက်ပျိုး ၈ ဧက - ပျက်စီး ၄ ဧက၊ ဒေါ်လှမြသိန်း စိုက်ပျိုး ၆.၄ ဧက - ပျက်စီး ၄ ဧက၊ ဦးဂေါက်ရအောင် စိုက်ပျိုး ၁၀ ဧက - ပျက်စီး ၃ ဧက၊ ဦးရွှေကျန်မင်းတွင် စိုက်ဧက ၁.၄ ပျက်စီး - ၁ ဧက အသီးသီးရှိကြောင်း သိရသည်။

အဆိုပါပျက်စီးဆုံးရုံးမှုများကို နစ်နာသော လယ်သမားများလက်မှတ်ထိုးပြီး သက်ဆိုင်ရာသို့တင်ပြကာ အကူအညီ တောင်းခံသွားမည်ဟု သိရသည်။

“ဒီကျေးရွာမှာ ရေလွှမ်းမိုးတဲ့ကာလမှာလည်း ရေလွှမ်းမိုးခံရပြီး ရေကန် ၈ ကန်လုံး ရေမြုပ်သွားပါတယ်။ အခု တစ်ကန်တော့ ရေစုပ်စက်နဲ့ ရေစုပ်ပြီးပါပြီ၊ နောက်မိုးမရွာမှာစိုးတဲ့အတွက် ကျန်တဲ့ကန်တွေကိုတော့ ရေမစုပ်ရဲဘဲ ဖြစ်နေကြပါတယ်။ အခုက အနီးအနားကစက်လှေကြီးတွေနဲ့ ရေလာလှူတာလည်းရှိတယ်၊ ရေသန့်ဗူးတွေ လာပေးတာတွေလည်းရှိတယ်၊ အုန်းကျွန်းက ရေတွေကို သယ်ယူနေရတာတွေရှိပါတယ်”ဟု ဇင်းခါချေ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဘသိန်းက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

ဇင်းခါချေကျေးရွာတွင် အိမ်ခြေ ၃၄၃ ဆောင်ရှိ ရွာကြီးတစ်ရွာဖြစ်ပြီး ရေကြီးစဉ် လုံးဝပျက်စီးသွားသည့်အိမ် ၁၃ ဆောင်ရှိကာ ဆန်နှင့်ရေ အခက်အခဲရှိနေသည်ဟု သိရသည်။

တောင်သူလယ်သမားများ ပျက်စီးလယ်မြေများတွင် စပါးပြန်လည် စိုက်ပျိုးနိုင်ရန်အစိုးရနှင့် ဒေါက်တာစောမြအောင် ဖေါင်ဒေးရှင်းမှ မျိုးစပါးများဖြန့်ဝေ ပေးထားပြီဖြစ်ကြောင်း၊ လောက်ငှမှုမရှိသော်လည်း မိမိတို့ဖာသာ ပြန်လည်စိုက်ပျိုးထားပြီဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

( ရေဘေးကြောင့် ပျက်စီးသွားသော လယ်မြေများ/ ဓာတ်ပုံ- နိရဉ္စရာ)

____Narinjara
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။