ရက္ခိုင့်တပ်မတော်နှင့် ဘင်္ဂလာနယ်ခြားစောင့်တပ် အကြား ဖြစ်ပွားသော တိုက်ပွဲအတွင်း အသေအပျောက်နှင့် ဒဏ်ရာရရှိမှုများရှိ

ရန်ကုန်၊ သြဂုတ် ၂၆

ဘင်္ဂလာဒေ့ရှ်နိုင်ငံ စစ်တကောင်းတောင်တန်းနယ် ဘင်ဒရိုဘင်ခရိုင်၊ တန်းဆိပ်မြို့နယ်တွင် တည်ရှိသော မော်တုတ်ကြီး ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်စခန်းကို ရက္ခိုင့်တပ်မတော် တပ်ဖွဲ့ဝင် တချို့မှ သြဂုတ်လ ၂၆ ရက်နေ့ နံနက်က ၀င်ရောက် ပစ်ခတ်သွားခဲ့သည်ဟု သတင်း ရရှိသည်။

“ ကျွန်တော်တို့ သတင်းရတာက ရက္ခိုင့်တပ်မတော်က ရိက္ခာသယ်ယူနေတဲ့ မြင်း ၁၆ ကောင်ကို ဘင်္ဂလာ နယ်ခြားစောင့်တပ် ဘီဂျီဘီက ဖမ်းသွားတယ်လို့ ကြားတယ်။ ဒါကို မကျေနပ်တဲ့ အတွက် ဒီနေ့မနက်က မော်တုတ်ကြီး ဘီဂျီဘီ စခန်းကို ရက္ခိုင့်တပ်မတော်က ၀င်ပစ်တယ်လို့ ကြားရပါတယ်” ဟု ရုံမော်ကျေးရွာက ဦးမောင်ထွန်းသိန်းက နိရဉ္စရာသို့ ပြောကြားသည်။

တိုက်ပွဲအတွင်း ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့မှ တပ်ဖွဲ့ တစ်ဦး ဒဏ်ရာ ရရှိကြောင်း၊ ဒဏ်ရာရသူမှာ တပ်သားအဆင့်ရှိ ‘Zakir’ ဖြစ်ကြောင်း ဘင်္ဂလာဒေ့ရှ် တာဝန်ရှိသူများက မီဒီယာများသို့ အတည်ပြုပြောကြားသည်ဟု သိရသည်။

ဒေသခံများကမူ ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့် တပ်သား နှစ်ဦး ကျဆုံးသည်ဟု သတင်းရကြောင်း ပြောကြားသည်။

“ ကျွန်တော်တို့ ကြားရတာက ဒီဘင်္ဂလာဘက်က နှစ်ယောက်ကျတယ်လို့ ကြားရပါတယ်။ ဒီနေ့ တစ်နေ့လုံး ဘင်္ဂလာစစ်တပ်က ရဟတ်ယာဉ်တွေ ခေါက်တုန့် ခေါက်ပြန် ပျံနေတာကို တွေ့ရပါတယ်။ စစ်သားတွေကို ပို့နေတယ်လို့ သိရပါတယ်” ဟု ဦးမောင်ထွန်းသိန်းက ပြောကြားသည်။

ရက္ခိုင့်တပ်မတော်နှင့် ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့တို့ အကြား တိုက်ပွဲ ဖြစ်ပွားသည်ကို နိရဉ္စရာ အနေဖြင့် အတည်ပြုနိုင်သော်လည်း ဘင်္ဂလာဒေ့ရှ်နယ်ခြားစောင့်တပ်သား နှစ်ဦးသေဆုံးမှုကို နိရဉ္စရာ အနေဖြင့် ယခု အချိန်ထိ အတည်ပြုနိုင်ခြင်းမရှိပါ။

၎င်းအပြင် မော်တုတ်ကြီး၊ မော်တုတ်ချေ၊ ပတ်ဝန်းကျင်မှ ရက္ခိုင့်တပ်မတော်နှင့် အဆက်အသွယ်ရှိသူ ဒေသခံ ဘင်္ဂလာဒေ့ရှ်နိုင်ငံသား ကျေးရွာသားများကို ဘင်္ဂလာစစ်တပ်က ဖမ်းဆီးထားသည်ဟု သတင်းများလည်း ထွက်ပေါ်နေသည်ဟု အမည် မဖော်လိုသူ ဘင်ဒရိုဘင် ဒေသခံ တစ်ဦးက ပြောသည်။

ယခု တိုက်ပွဲ ဖြစ်ပွားရာ မော်တုတ်ကြီးကို ဘင်္ဂလာအစိုးရက ဘော်ရို မော်တုတ်ဟု ခေါ်ပြီး ရခိုင်/ မာရမာများ နေထိုင်သော ကျေးရွာတစ်ရွာ ဖြစ်သည်။ ယင်းရွာသည် ရီကြိုင်ချောင်း ( ဆင်ကူးရီဗာ) အဖျားပိုင်းတွင် တည်ရှိပြီး ကျောက်တော်မြို့နယ် အနောက်ပိုင်းနှင့် ဘူးသီးတောင်မြို့နယ် မြောက်ပိုင်းဒေသများနှင့် ဆက်စပ် တည်ရှိသည်။


( နတ်ချောင်းဆရီ နယ်စပ်တွင် ဘင်္ဂလာနယ်ခြားစောင့်တပ်ဖွဲ့ နှင့် ရက္ခိုင်မတော် တပ်ဖွဲ့အချို့ကို တွေ့ရစဉ်။ ယခုဓာတ်ပုံမှာ တိုက်ပွဲနှင့် သက်ဆိုင်မှု မရှိပါ။ Photo by BDNEWS/ Arakan Information Department)
Share on Google Plus

About Admin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။