ပြင်သစ်နိုင်ငံတွင် ရထားတစ်စီးပေါ်၌ ရမ်းကားပစ်ခတ်သည့် သေနတ်သမားကို အမေရိကန် နိုင်ငံသား သုံးဦးက ဝိုင်းဝန်း ဖမ်းဆီးပေးခဲ့ကြောင်း သတင်းရရှိသည်။
ဩဂုတ် ၂၁ ရက်က ဖြစ်စဉ်တွင် အကြမ်းဖက်သမားကို သက်စွန့်ဆံဖျား ဝင်ရောက်တိုက်ခိုက် ထိန်းချုပ်နိုင်ခဲ့သည့် အမေရိကန် နိုင်ငံသား သုံးဦးသည် ယခုအခါ သူရဲကောင်းများအဖြစ် ချီးကျူးခံနေရသည်။
ပြင်သစ်နိုင်ငံ မြောက်ပိုင်းရှိ အာရက်စ်တွင် Thalys ရထားပို့ဆောင်ရေး လုပ်ငန်း၏ မြန်နှုန်းမြင့် ရထားတစ်စီး ခုတ်မောင်းနေချိန်၌ မော်ရိုကိုဖွား အသက် ၂၆ နှစ်အရွယ် အမျိုးသား တစ်ဦးက အကြမ်းဖက် တိုက်ခိုက်ရန် ကြိုးပမ်းခဲ့သည်။
၎င်းကို တားဆီးခဲ့သည့် အမေရိကန် သုံးဦးအနက် တစ်ဦးက မိမိတို့သည် အကြမ်းဖက်သမား လျှောက်ဝင်လာသည်ကို မြင်သည်နှင့် ၎င်းထံမှ AK-47 မောင်းပြန်ရိုင်ဖယ်နှင့် ပစ္စတို သေနတ် တစ်လက်တို့ကို တိုက်ခိုက် သိမ်းယူခဲ့ကြောင်း ပြောကြားခဲ့သည်။ အမေရိကန်များသည် သုံးယောက်ပေါင်းပြီး အဆိုပါ သေနတ်သမားကို ချုပ်နှောင်ကာ သတိမေ့အောင် ပြုလုပ်ပြီး ရထားတွဲအတွင်း တုပ်နှောင် ဖမ်းဆီးထားခဲ့ခြင်း ဖြစ်သည်။ အာရက်စ်ဘူတာတွင်မူ အဆိုပါ သံသယတရားခံ အကြမ်းဖက်သမားကို တာဝန်ရှိသူများက လက်လွှဲ ထိန်းသိမ်းခဲ့သည်။
ယခုဖြစ်ရပ်တွင် သေနတ်သမားကို တားဆီးထိန်းချုပ်ရန် အားထုတ်ခဲ့သည့် အမေရိကန် နှစ်ဦးမှာ စစ်မှုထမ်းများ ဖြစ်ကြသည်။ စပင်ဆာစတုန်းသည် အမေရိကန် လေတပ်မှဖြစ်ပြီး အဲလက်ခ် ဆကာလာတော့စ်မှာ အမျိုးသား လုံခြုံရေး အစောင့်တပ်ဖွဲ့မှ ဖြစ်သည်။ ၎င်းတို့၏ သူငယ်ချင်းဖြစ်သူ အန်သိုနီ ဆက်ဒ်လာမှာ အရပ်သားတစ်ဦးဖြစ်ပြီး အကြမ်းဖက်သမားကို ချုပ်ထိန်းရာတွင် ပါဝင်ကူညီခဲ့သည်။
“စတုန်းက အဲဒီလူကို လည်ပင်းကနေ ပြေးပြီး အရင်ဆုံး ဖမ်းချုပ်ခဲ့တာပါ”ဟု ဆကာလာတော့စ်က ဆိုသည်။ ၎င်းက “သူက ချုပ်လိုက်တာနဲ့ ကျန်တဲ့လူတွေက သေနတ်သမားကို မေ့သွားတဲ့ထိ ဝိုင်းတိုက်ခိုက်ကြတာပဲ”ဟုလည်း ရှင်းပြခဲ့သည်။ ထို့နောက် AK-47 သေနတ်ကို စစ်ဆေးသည့်အခါ ချွတ်ယွင်းမှု တစ်ခုကြောင့် ကျည်မထွက်ဘဲ ဖြစ်နေပြီး ပစ္စတို သေနတ်မှာလည်း ကြမ်းပေါ် ကျနေခဲ့ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
ပြင်သစ်အာဏာပိုင်များက ယခုဖြစ်ရပ်တွင် လူသုံးဦး ဒဏ်ရာရရှိပြီး နှစ်ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း ပြောကြားခဲ့သည်။ ယင်းတို့အနက် တစ်ဦးသည် သေနတ်ထိမှန်ပြီး ကျန်တစ်ဦးမှာ ဓားဒဏ်ရာ ရထားခြင်းဟုလည်း သိရသည်။ အကြမ်းဖက်သမားကို ထိန်းချုပ်ရန် ကြိုးစားရင်း ပြင်သစ်တွင် နေထိုင်သည့် ဗြိတိန်နိုင်ငံသား ခရစ်နော်မန်သည်လည်း ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။
အာရက်စ် အာဏာပိုင်များက အမေရိကန် သုံးဦးနှင့် နော်မန်တို့ကို ၎င်းတို့၏ ရဲရင့်သည့် လုပ်ရပ်အတွက် ဂုဏ်ပြုတံဆိပ်များ ချီးမြှင့်ခဲ့သည်။ အမေရိကန် သမ္မတရုံးကလည်း သမ္မတ အိုဘားမားသည် အမေရိကန် စစ်မှုထမ်းများ အပါအဝင် လူလေးဦးတို့၏ သတ္တိရှိမှုနှင့် ခရီးသည်များ ဘေးကင်းရေးအတွက် လျင်မြန်စွာ ဆုံးဖြတ် လှုပ်ရှားမှုတို့အတွက် အလွန် ကျေးဇူးတင်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ပြင်သစ် ပြည်ထဲရေးဝန်ကြီး ဘားနတ်ဒ် ကာဇန်နျူဗေးကလည်း “ဒီခရီးသည်တွေဟာ အလွန်ခက်ခဲတဲ့ အခြေအနေ တစ်ရပ်မှာ သတ္တိရှိရှိ တုံ့ပြန် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ သူတို့ရဲ့ လုပ်ဆောင်မှု မရှိရင် ကျွန်တော်တို့ဟာ အလွန်ဆိုးရွားတဲ့ အခြေအနေကြီး တစ်ရပ်ကို ကြုံလာနိုင်ပါတယ်”ဟု ပြောကြားခဲ့သည်။
ပြင်သစ်သည် ယခုနှစ် အစောပိုင်းက Charlie Hebdo မဂ္ဂဇင်းတိုက်နှင့် ဂျူးဘုရားကျောင်း တစ်ခုတို့ စီးနင်းတိုက်ခိုက်ခံရမှု အပါအဝင် မကြာခဏ အကြမ်းဖက် တိုက်ခိုက်မှုများ ကြုံခဲ့ရပြီး ဇွန်လတွင်လည်း အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွ အဖွဲ့နှင့် ဆက်နွှယ်သည့် အကြမ်းဖက်သမား တစ်ဦးက အလုပ်ရှင်ကို ခေါင်းဖြတ်ကာ ၎င်းအလုပ်လုပ်သည့် ဓာတ်ငွေ့စက်ရုံကို ဖောက်ခွဲရန် အားထုတ်မှုမျိုး ပေါ်ပေါက်ခဲ့ဖူးသည်။
http://www.7daydaily.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။