ဘန်ကောက်ဗုံးဖောက်ခွဲမှုတွင် ပါဝင်ခဲ့ဖွယ်ရှိသည့် တူရကီအမျိုးသားတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီး ၊ အပြည်ပြည်ဆိုင်ရာ အကြမ်းဖက်သမားတစ်ဦး ဖြစ်နိုင်ဖွယ်မရှိဘဲ ပုဂ္ဂိုလ်ရေးရန်စကြောင့် ဖြစ်ဖွယ်ရှိဟု ပြောကြား

သြဂုတ် ၂၉ ရက် ဘန်ကောက်မြို့စွန်၌ မသင်္ကာသူတစ်ဦးကို ကားဖြင့် သယ်ဆောင်လာစဉ်
ဘန်ကောက်တွင် လူ ၂၀ သေဆုံးစေခဲ့သော ဗုံးခွဲတိုက်ခိုက်မှုအတွက် မသင်္ကာသူ အသက် ၂၈ နှစ်အရွယ် တူရကီအမျိုးသားတစ်ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး စွဲချက်တင်ခဲ့ကြောင်းသိရသည်။ သြဂုတ် ၁၇ ရက်က ဘန်ကောက်မြို့လယ်ရှိ အီရာဝမ်နတ်ကွန်းတွင် ဗုံးခွဲတိုက်ခိုက်ခဲ့မှုနှင့် ဆက်နွယ်ပြီး ထိုင်းက ပထမဆုံးအကြိမ် ဖမ်းဆီး ထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။  ဘန်ကောက်မြို့စွန် အရှေ့ပိုင်းရှိ နောင်ချော့ခရိုင်တွင် တိုက်ခန်းတစ်ခု၌ နေထိုင်သော နိုင်ငံခြားသားတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

“ကျွန်တော်တို့ လူတစ်ယောက်ကို ဖမ်းထားပါတယ်”ဟု ထိုင်းအမျိုးသားရဲတပ်ဖွဲ့မှ ဒုရဲချုပ် ဗိုလ်မှူးကြီး ချက်တစ်ချိုင်ဂျင်ဒါက သြဂုတ် ၂၉ ရက်နေ့ မွန်းလွဲပိုင်း တိုက်ရိုက်သတင်းထုတ်လွှင့်မှု တစ်ခုအတွင်း သတင်းထောက်များကို ပြောကြားခဲ့ခြင်းဖြစ်သည်။

“သူရဲ့တိုက်ခန်းထဲမှ ဗုံးလုပ်တဲ့ပစ္စည်းတွေ ကျွန်တော်တို့ တွေ့ခဲ့ရပါတယ်။ ဗုံးဖောက်ခွဲမှုထဲမှာ သူပါဝင်ခဲ့လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။ ဗုံးခွဲတိုက်ခိုက်မှုနှင့် ဆက်နွယ်၍ ဖမ်းဆီးခဲ့သော အမျိုးသားသည် အပြည်ပြည်ဆိုင်ရာ အကြမ်းဖက်သမားတစ်ဦး ဖြစ်နိုင်ဖွယ်မရှိဘဲ ပုဂ္ဂိုလ်ရေးရန်စကြောင့် ဆောင်ရွက်ခဲ့ဖွယ်ရှိကြောင်း ထိုင်းရဲချုပ် ဆွန်ယော့ ပွန်ပန်မောင်က ထိုင်းရုပ်သံ Thai PBS တွင် ပြောကြားခဲ့သည်။
မသင်္ကာသူ၏ စေ့ဆော်မှု နှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် အေအက်ဖ်ပီက ဆွန်ယော့နှင့် ထိုင်းရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်တို့ကို ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခဲ့ခြင်း မရှိပေ။

လုံခြုံရေးကင်မရာ ရိုက်ကူးထားမှုထဲ၌ ပေါက်ကွဲမှုမဖြစ်ပွားစဉ်က နတ်ကွန်းတွင် အထုပ်တစ်ထုပ် ထားခဲ့သည့် အ၀ါရောင် တီရှပ်ဝတ်ဆင်ထားသည့် နိုင်ငံခြားသားဟု ယူဆရသူကို ဖောက်ခွဲမှု၏ အရေးကြီးဆုံး သံသယရှိသူတစ်ဦးအဖြစ် ထိုင်းရဲတပ်ဖွဲ့က ရှာဖွေနေခြင်းဖြစ်သည်။

ဗုံးလုပ်ရန်အတွက် အသုံးပြုသည့် ပိုက်များ၊ ဘယ်ယာရင်များကဲ့သို့ ပစ္စည်းများကို တရားမ၀င် ပိုင်ဆိုင်မှုဖြင့် ယင်းအမျိုးသားကို တရားစွဲထားပြီး ၎င်းသည် တူရကီအမျိုးသားတစ်ဦးဖြစ်ကြောင်း ထိုင်းပြည်တွင်း လုံခြုံရေးအထူးတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး ဘန်ဖော့ဖန်ဖီယန်က ပြောကြားခဲ့သည်။ ယင်းအမျိုးသား၏ တိုက်ခန်း၌ တွေ့ရှိခဲ့သော အ၀တ်များ၊ ဗုံးလုပ်သည့်ပစ္စည်းများသည် ဘန်ကောက်တွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုများနှင့် ဆက်နွယ်နေကြောင်း ထိုင်းရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ပရာဝတ်ထာဗွန်စီဘီက သြဂုတ် ၂၉ ရက် ညနေ ရုပ်သံတိုက်ရိုက်ထုတ်လွှင့်မှုတွင် ပြောကြားခဲ့သည်။

သို့သော် သြဂုတ် ၂၉ ရက်က ဖမ်းဆီး ခဲ့သူသည် ထို တီရှပ်အ၀ါဝတ်ဆင်ထားခဲ့သူ ဟုတ် မဟုတ် ရှင်းရှင်းလင်းလင်း မသိရသေးဟု ဒုရဲချုပ်က ပြောကြားခဲ့သည်။ သြဂုတ် ၁၇ ရက် ဗုံးခွဲတိုက်ခိုက်မှုသည် ထိုင်းနိုင်ငံတွင် အဆိုးဝါးဆုံး တိုက်ခိုက်ခံရမှု ဖြစ်ခဲ့ပြီး သေဆုံးသူအများစုသည် အာရှတိုက်တစ်ဝန်းမှ တရုတ်ကမ္ဘာလှည့်ခရီးသွားများ ဖြစ်ကြသည်။ အပြည်ပြည်ဆိုင်ရာ အကြမ်းဖက်အဖွဲ့ များသည် တိုက်ခိုက်မှု၏ လက်သည်တရားခံ ဖြစ်နိုင်ကြောင်း ယူဆမှုများကို ထိုင်းအစိုးရ က ပယ်ချထားသည်။ တိုက်ခိုက်ခံခဲ့ရသော နတ်ကွန်းသည် တရုတ်များကြားတွင် ထင်ရှားသည့် နေရာဖြစ်သောကြောင့် တိုက်ခိုက်သူများက ပစ်မှတ်ထားခဲ့ဖွယ်ရှိကြောင်း ယူဆမှုများကိုလည်း ထိုင်းအစိုးရက ပယ်ချထားသည်။

တရုတ်နိုင်ငံမှ ၀ီဂါလူနည်းစု တိုင်းရင်းသားများသည် အီရာဝမ်နတ်ကွန်းကို ဗုံးခွဲတိုက်ခိုက်မှု နောက်ကွယ်၌ ပါဝင်ပတ်သက်နေဖွယ် ရှိကြောင်း လုံခြုံရေးကျွမ်းကျင်သူများက ခန့်မှန်းနေကြသည်။ တိုက်ခိုက်မှု နောက်ကွယ်မှ တရားခံနှင့်ပတ်သက်၍ မည်သည့်ဖြစ်နိုင်ခြေကိုမှ မပယ်ချထားကြောင်း ထိုင်းရဲတပ်ဖွဲ့က ယခုတစ်ပတ် အစောပိုင်း တွင် ပြောကြားခဲ့သည်။    
http://www.news-eleven.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။