မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဗညားအောင်မိုးနှင့် တွေ့ဆုံခြင်း

မင်းညီ - ဆက်သွယ်မေးမြန်းသည်။

ကျင်းပပြီးစီးခဲ့သည့် အမျိုးသားလွှတ်တော်တွင် အဆိုနှင့်မေးခွန်းအများဆုံးမေးမြန်း ဆွေးနွေးခဲ့သော လွှတ်တော်ကိုယ်စားလှယ်စာရင်းဝင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဗညားအောင်မိုးသည် လာမည့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်တော့မည်မဟုတ်ပေ။ ထိုသို့ရွေးကောက်ပွဲထပ်မံဝင် ရောက်ယှဉ်ပြိုင်ခြင်းမပြုတော့ဟု ဆုံးဖြတ်ခဲ့ခြင်းနှင့်ပတ်သက်ပြီး သူ၏သဘောထားအ မြင်များကို သိနိုင်ရန် ရန်ကုန်တိုင်းမ်ဂျာနယ်မှ ဆက်သွယ်မေးမြန်းခဲ့ပါသည်။

မေး- ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်တဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းထဲမှာ ဆရာ့ နာမည်မတွေ့ရဘူးနော်။

ဖြေ - ကျွန်တော် ရွေးကောက်ပွဲ မဝင်တော့ပါဘူး။ ဒါကြောင့် ကော်မရှင် ထုတ်ပြန်ချက်ထဲမှာ ကျွန်တော် နာမည် မတွေ့ရတာပါ။ ကျွန်တော်တို့ လူငယ်တွေကိုနေရာပေးရမယ်။ ရေ ရှည်ကြည့်ရမယ်။ ကိုယ်တစ်ယောက်တည်းရှေ့ထွက်နေ လို့မဖြစ်ဘူး။ ကျွန်တော့်အသက်က ၇ဝနားကပ်နေပြီ။ အသက် ၅ဝ၊ ၆ဝတန်းက လူတွေကို နေရာဖယ်ပေးဖို့ ကျွန်တော် ဝင်မပြိုင်တော့ဖို့ ဆုံးဖြတ်လိုက်တာပါ။

မေး - ဆရာရွေးကောက်ပွဲမဝင်တော့ဘူးဆိုတော့ မွန်ဒေသလုံး ဆိုင်ရာဒီမိုကရေစီပါတီအတွက် အားလျော့သွားမယ်လို့ ထင်ပါသလား။

ဖြေ - ကျွန်တော်တို့မွန်တွေမှာ လူတော်တွေအများကြီး ရှိပါတယ်။ မွန်ပါတီနှစ်ခုစလုံးမှာရှိပါတယ်။ အခုဖြစ်နေ တာ ပါတီနှစ်ခုကွဲနေလို့ အားလျော့တဲ့အပိုင်းပဲဖြစ်မှာပါ။ ဒါပေမဲ့ နောက်ကလူငယ်တွေကို ရှေ့တန်းရောက်လာ အောင်တွန်းတင်ပေးရမယ့်တာဝန် ကျွန်တော်တို့မှာရှိပါ တယ်။ အဲဒီမှာ အရည်အချင်းရှိသူတွေအများကြီးရှိနေ လို့ ပါတီအတွက် အားမလျော့သွားနိုင်ဘူးလို့ထင်ပါတယ်။

မေး - လာမယ့်ရွေးကောက်ပွဲမှာ မွန်ပါတီတွေရဲ့အလားအလာ ဘယ်လိုဖြစ်မယ်လို့ ဆရာထင်ပါသလဲ။

ဖြေ - ပထမဆုံပြောချင်တာက အမျိုးသားအကျိုးစီးပွား အတွက် ပူးပေါင်းဆောင်ရွက်သွားကြဖို့ပဲ။ အချင်းချင်း ညှိုနှိုင်းတိုင်ပင်ပြီးလုပ်သွားစေချင်တယ်။ M23 ရွေးကောက် ပွဲအောင်နိုင်ရေးအဖွဲ့က ဦးဆောင်ပြီး လုပ်တဲ့ပွဲတွေမှာ ကျွန်တော်ကိုယ်တိုင် တက်ရောက်ပါတယ်။ တစ်ဖက်မှာ လည်း ၉ဝ ပြည့်နှစ် မွန်အမတ်တွေ (လက်ရှိ မွန်အမျိုး သားဒီမိုကရေစီပါတီက ကိုယ်စားလှယ်လောင်းတွေ)လည်း တက်ပါတယ်။ အဲဒီမှာ မွန်ပါတီနှစ်ခုက နယ်မြေတွေမျှပြီး ရွေးကောက်ပွဲဝင်ကြဖို့ ညှိကြတယ်။ ဒါပေမဲ့ မအောင်မြင် ခဲ့ဘူး။ နောက်ဆုံးတော့ M23 အဖွဲ့က မဲဆန္ဒနယ်တစ်ခု မှာ ရွေးကောက်ပွဲဝင်မယ့် မွန်ပါတီအသီးသီးက ကိုယ် စားလှယ်လောင်းအသီးသီးထဲကမှ မွန်ပြည်သူတွေ အ ထောက်ခံဆုံး ကိုယ်စားလှယ်ငါးဦးကို မဲရအောင် ဝန်းရံ ပေးဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ဒါပေမယ့် အခု မွန်ပါတီက သုံးခုတောင်ဖြစ်နေတော့ ပြည်သူတွေရဲ့မဲက အနည်းနဲ့ အများတော့ ပြန့်ကွဲသွားမှာပဲ။

မေး - ပြီးခဲ့တဲ့လွှတ်တော်သက်တမ်းအတွင်းမှာ ဆရာ့အနေနဲ့ အားမရခဲ့တဲ့အပို
င်းတွေရှိရင် သိပါရစေ။

ဖြေ - အားမရတာတော့ အများကြီးပါပဲ။ အထူးသဖြင့် အစိုးရကိုလုံးဝအားမရဘူး။ အစိုးရဆောင်ရွက်ချက်တွေ က အားရစရာမရှိခဲ့ဘူး။ ဆိုပါတော့ တိုင်းရင်းသားလူ မျိုးအခွင့်အရေးကာကွယ်ရေးဥပဒေကြမ်းကို လွှတ်တော် ကဆုံးဖြတ်အတည်ပြုခဲ့ပေမယ့် ရက်ပေါင်း ၉ဝအတွင်း အစိုးရအကောင်အထည်ဖော်ပေးဖို့ပျက်ကွက်ခဲ့တယ်။ တစ်နှစ်ကြာသွားတဲ့အချိန်အထိ နည်းဥပဒေ မထုတ်ပြန် နိုင်ခဲ့ဘူး။ ပြီးတော့ ပြည်ထောင်စုအဆင့်တိုင်းရင်းသား ရေးရာဝန်ကြီးတွေခန့်အပ်ဖို့လည်း အောင်မြင်မှု မရခဲ့ဘူး။ အဲဒီလိုပဲ မြေယာကိစ္စတွေနဲ့အခြားကိစ္စတော်တော်များ များမှာလည်း ဗျူရိုကရေစီပုံစံတွေရှိနေလို့ စိတ်ပျက်စရာ တွေ အများကြီးကြုံခဲ့တယ်။

မေး - ပြည်ခိုင်ဖြိုးပါတီအကွဲအပြဲက ရွေးကောက်ပွဲမှာ သူတို့ အခြေအနေ ဘယ်လိုဖြစ်သွားနိုင်မလဲ။

ဖြေ - ပြည်ခိုင်ဖြိုးအကွဲအပြဲဟာ ၂ဝ၁၅ရွေးကောက်ပွဲပြီး မှဖြစ်မယ်လို့ ကျွန်တော် တွက်ထားတာ။ ကျွန်တော့်တွက် ကိန်းမှားသွားတယ်။ ရွေးကောက်ပွဲမတိုင်ခင်မှာပဲ သူတို့ အကွဲအပြဲက လူသိရှင်ကြားဖြစ်သွားတယ်။ အဲဒီအကွဲအ ပြဲကြောင့် ပြည်သူတွေကြားမှာ သူတို့ပါတီထောက်ခံမှု ကျဆင်းသွားမှာပဲ။

မေး - အင်န်အယ်လ်ဒီပါတီရဲ့ လက်ရှိအနေအထားပေါ်မှာရော ဆရာဘယ်လိုသုံးသပ်မလဲ။

ဖြေ - အင်န်အယ်လ်ဒီဘယ်လိုပဲကွဲကွဲ။ လူတွေက စစ်တပ် ကို ငြီးငွေ့နေပြီ။ စစ်တပ်အုပ်ချုပ်ရေးကို ငြီးငွေ့နေပြီ။ အဲဒီအခြေအနေမှာ အင်န်အယ်လ်ဒီပါတီက တစ်ခြမ်း ပုပ်နေပါစေ ပြည်သူတွေက တပ်မတော်အစိုးရကိုငြီးငွေ့ နေလို့ အင်န်အယ်လ်ဒီကိုပဲ မဲပေးကြမှာပဲ။ ဒါပေမဲ့ အင်န် အယ်လ်ဒီရော ပြည်ခိုင်ဖြိုးရော တိုင်းရင်းသားတွေအပေါ် မှာ မရိုးသားဘူး။ အဲဒီအင်အားကြီးပါတီနှစ်ခုစလုံးက တိုင်းရင်းသားဒေသတွေမှာဝင်ပြိုင်ကြလို့ တိုင်းရင်းသား ပါတီတွေ အထိနာကြမှာပဲ။

မေး - ၂၀၁၆ မှာ ပေါ်ပေါက်လာမယ့်လွှတ်တော်ကို ဘယ်လိုပုံစံမျိုးမြင်တွေ့ချင်ပါ သလဲ။

ဖြေ - တစ်နိုင်ငံလုံးမှာ ဒီမိုကရေစီစနစ်ထွန်းကားရေးနဲ့ တိုင်းရင်းသားအခွင့်အရေးပြဋ္ဌာန်းနိုင်ရေးကိုကြိုးပမ်း အားထုတ်တဲ့ လွှတ်တော်မျိုးဖြစ်စေချင်တယ်။ ဒါပေမဲ့ အခုဖြစ်နေတာက တိုင်းရင်းသားတွေဖြစ်တဲ့ ရှမ်း၊ ကရင်၊ မွန်စတဲ့လူမျိုးစုအတော်များများမှာ ပါတီနှစ်ခု၊ သုံးခုကွဲ နေကြတယ်။ NLD နဲ့ UNA ၊ NBF နဲ့ တိုင်းရင်းသား ပါတီတွေ ဘယ်လိုပဲဖွဲ့ပြီးလုပ်နေတယ်လို့ပြောပြော အခု လိုတိုင်းရင်းသားတစ်မျိုးမှာ နှစ်ပါတီအချင်းချင်းပြိုင်နေ ကြလို့ ဘယ်လိုမှ အခြေအနေမကောင်းဘူး။ ဒါကြောင့် လာမယ့်လွှတ်တော်မှာ တိုင်းရင်းသားကိုယ်စားလှယ်ပါ ဝင်မှုက နည်းတောင်နည်းသွားနိုင်တဲ့အခြေအနေမျိုးဖြစ် နေတယ်။

မေး - ပြီးခဲ့တဲ့လွှတ်တော်သက်တမ်းအတွင်း အစိုးရအဖွဲ့မှာ ဝန် ကြီးတွေ၊ ဝန်ကြီးဌာနတွေအရမ်းများနေတာကို ဆရာ ကန့်ကွက်ခဲ့တာရှိပါတယ်။ လာမယ့် ၂ဝ၁၅နောက်ပိုင်းမှာ ပေါ်ပေါက်လာမယ့်အစိုးရအဖွဲ့ကို ဘယ်လိုမြင်တွေ့ခွင့်ရ ချင်ပါသလဲ။

ဖြေ - လက်ရှိအစိုးရအဖွဲ့မှာ ဝန်ကြီးဌာန ၃ဝကျော်၊ ဝန် ကြီး ၁ဝဝနီးပါးဖြစ်နေတာဟာ တိုင်းပြည်ဘဏ္ဍာဖြုန်းတာ ပဲ။ အဲဒီလိုလူများတော့ တပည့်မွေးလူမွေးတဲ့ကိစ္စတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေတယ်။ နောင်တက်မယ့်အစိုးရ ဟာ အဲဒါကိုပြင်ဆင်နိုင်ရင်ကောင်းမယ်။ ပြီးတော့ သမ္မတ လစာ သိန်း ၅ဝပေးတဲ့ကိစ္စဟာ မဖြစ်သင့်ဘူး။ အဲဒါနဲ့ ပတ်သက်ပြီး ကျွန်တော်တို့မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီက အမျိုးသားလွှတ်တော်မှာဆို ကျွန်တော်။ ပြည်သူ့လွှတ်တော်မှာဆို မိမြင့်သန်းက Inflation (ငွေ ကြေးဖောင်းပွမှု)ဖြစ်နိုင်ကြောင်း ထောက်ပြဝေဖန်ခဲ့တာ ပဲ။ သမ္မတ သိန်း ၅ဝ၊ ဝန်ကြီးတွေက သိန်း ၃ဝယူနေတဲ့ အချိန်မှာ လွှတ်တော်ကိုယ်စားလှယ်ရဲ့လစာကို သုံးသိန်း၊ ငါးသိန်းလို့ထားတာ လုံးဝမဖြစ်သင့်ဘူး။ (မှတ်ချက်-ယခုအခါ ပြည်သူ့လွှတ်တော်နှင့်အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ၏လစာကို ဆယ်သိန်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ လွှတ်တော်ကိုယ်စားလှယ်လစာ ကို ငါးသိန်းတိုးမြှင့်ထားပြီးဖြစ်သည်) အဲဒါဟာ ဘာကို ပြောချင်လဲဆိုရင် ကိုယ်စားလှယ်တွေကို သုံးသိန်းပေး ပြီး လွှတ်တော်ထဲမှာ လက်ညှိုးထောင်ခေါင်းညိတ်ခိုင်း တဲ့သဘောပဲ။ ဒါကြောင့် လာမယ့်အစိုးရသက်တမ်းမှာ အထူးသဖြင့် ခေါင်းဆောင်ဖြစ်လာမယ့်သမ္မတဟာ ဒါ တွေကိုပြင်ဆင်နိုင်အောင် လုပ်ပေးစေချင်တယ်။ အဲဒီ လိုမဟုတ်ဘဲ ဝန်ကြီးအများကြီးနဲ့အစိုးရအဖွဲ့ကို ထပ်ဖွဲ့ ဦးမယ်ဆိုရင်တော့ တပည့်မွေး၊ ခရိုနီမွေးတဲ့အစိုးရအဖွဲ့ ကို ၂ဝ၁၅ အလွန်မှာ ထပ်ပြီးတွေ့နေရဦးမှာပဲလို့ မြင် ပါတယ်။

ခုလိုဖြေကြားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။

____Yangon Media Group
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။