မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ သြဂုတ် ၁၃

ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံဖြစ်ပွားမှုကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်ငွေ ဘီလီယံ ၄ဝ ကျော်ဖိုး ရှိကြောင်း ပြည်နယ်အစိုးရအဖွဲ့က အတည်ပြု ပြောကြားသည်။
ယင်းကို သြဂုတ်လ ၁၂ ရက်နေ့ညနေပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်း ပြုစုရေး ဆပ်ကော်မတီ ဥက္ကဋ္ဌဦးလှသိန်းနှင့် ရခိုင်ရှိ မီဒီယာအချို့စစ်တွေမြို့ရှိ ပြည်နယ် ဥပဒေချုပ် ရုံးခန်းတွင် တွေ့ဆုံစဉ် ဦးလှသိန်းက အတည်ပြု ပြောဆိုခဲ့ခြင်း ဖြစ်သည်။
“လတ်တလောကျနော်တို့ အတည်ပြုထားတာက အကုန်လုံးပျက်စီးဆုံးရှုံးမှုတန်ဖိုးကတော့ ၄၄ ဘီလီယံ ကျော်ဖိုး ရှိပါတယ်။ဒါက သြဂုတ် ၁၁ ရက်နေ့အထိ တွက်ချက်ထားတဲ့ စာရင်းဖြစ်ပါတယ်”ဟု ယင်းက ဆိုသည်။
အဆိုပါဆုံးရှုံးမှုတန်ဖိုးမှာ ဇူလိုင်လ ကုန်ပိုင်းမှ စတင်ဖြစ်ပွား ခဲ့သည့် ရေလွှမ်းမိုးမှုဖြစ်စဉ်ကြောင့် ရခိုင်ပြည်နယ် အတွင်း လူနေအိမ်များ၊စိုက်ပျိုးမြေလယ်ဧကများ၊ ကျွဲနွားတိရစ္ဆာန်များ၊ ဘုန်းတော်ကြီး ကျောင်းများ၊ စာသင်ကျောင်းများ၊ လမ်း၊ တံတားနှင့်လျှိုပိတ်ဆည်များ အားလုံး၏ ပျက်စီး ဆုံးရှုံးမှု တန်ဖိုးဖြစ်သည်ဟုဆိုသည်။
အဆိုပါရေကြီးရေလျှံဖြစ်စဉ်မှာ ရခိုင်ပြည်နယ်၏ အဆိုးဝါးဆုံး သဘာဝဘေးအန္တရာတစ်ခုဖြစ်ခဲ့ပြီး ယင်းဖြစ်စဉ်ကြောင့် ပြည်နယ်တွင်း လူပေါင်း ၅၆ ဦးသေဆုံးပြီး နေအိမ်ပေါင်း ၁ သောင်း ကျော်ပြိုပျက်ကာ စာသင်ကျောင်းပေါင်း ၃၆ဝ ၊ ဘုန်းကြီးကျောင်း ၁၂ဝ၊ လမ်းပေါင်း ၁၆ လမ်း၊ တံတားပေါင်း ၂၂ စင်း၊ စိုက်ပျိုးမြေ လယ်ဧကပေါင်း ၂ သိန်း ၁ သောင်းကျော်ရေနစ်မြုပ်ပျက်စီးကာ သောက်သုံးရေကန်များလည်း
ရေနစ်မြုပ် ပျက်စီးသွားခဲ့ကြောင်း ပြည်နယ် အစိုးရအဖွဲ့က ပြောသည်။
(အောက်ဖော်ပြပါ ဓာတ်ပုံမှာ ရေဘေးကြောင့် ပျက်စီးသွားသော မြောက်ဦးမြို့နယ်မှ ချောင်းရှည်တံတား၊ ဤတံတားတွင် ချဉ်းကပ်လမ်းတည်ဆောက်ရာ၌ သံအစား ၀ါးလုံးကို ထည့်သွင်းအသုံးပြုထား၍ ယခုလို ပြိုပျက်ခြင်း ဖြစ်သည်ဟု ဒေသခံများက စွပ်စွဲ ပြောကြားသည်။
_____Narinjara
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။