ရခိုင်ရေဘေးသင့်ပြည်သူများအတွက် စီးပွားရေးလုပ်ငန်းရှင် ဒေါ်ပိုးဖြူ မိသားစုမှ ကျပ်သိန်းပေါင်း တစ်ထောင်လှူဒါန်း


ကောင်းမြတ်နိုင် (မောင်တော)
ရန်ကုန် ၊ဩဂုတ် ၁၅

ရခိုင်ပြည်နယ်ရှိ ရေဘေးသင့် ပြည်သူများအတွက် ရန်ကုန်မြို့မှ စီးပွားရေး လုပ်ငန်းရှင် ဒေါ်ပိုးဖြူ မိသားစုက ကျပ်သိန်းပေါင်း ၁၀၀၀ (တစ်ထောင်) လှူဒါန်းခဲ့သည်။

ယင်းလှူဒါန်းသည့် အခမ်းအနားအား ရန်ကုန်မြို့၊ ဗဟန်း မြို့နယ်၊ ရွှေတိဂုံစေတီတော် အရှေ့ဖက် မုခ်အနီးရှိ ရခိုင်ပြည်နယ်ဓမ္မာရုံ၌ ယနေ့ နေ့လယ် ၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ဒေါ်ပိုးဖြူ မိသားစုနှင့် လုပ်ဖော်ကိုင်ဘက်များ၊ နယ်စပ်ရေးရာ ၀န်ကြီးဌာန အမြဲတန်း အတွင်းဝန် ဦးစံရွှေအောင်၊ ရန်ကုန်တိုင်း ဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်၊ ရခိုင်သမိုင်းပညာရှင် ဆရာ ဒေါက်တာ အေးချမ်း၊ ၊မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်း ၊လေးဝတီ ရခိုင် တေးဂီတအဖွဲ့မှ ရခိုင် မင်္ဂလာစည်တော် အဖွဲ့ဝင်များ ၊ ဖိတ်ကြားထားသူများ စုစုလူပေါင်း ၃၀၀ ကျော် တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ဒေါ်ပိုးဖြူက ရခိုင်ရေဘေးသင့်ပြည်သူများအား ကျပ်ငွေ သိန်းပေါင်း တစ်ထောင်လှူဒါန်း ရခြင်းနှင့် ပတ်သက်ပြီး ယခုလို ပြောကြားသည်။

“ မြန်မာနိုင်ငံရဲ့ အနောက်ဖက် တံခါးကို ကာကွယ်စောင့်ရှောက်နေတဲ့ ရခိုင်လူမျိုးတွေရဲ့ စိတ်ဓာတ်ကို အသိအမှတ်ပြုတာရယ်။ နောက်တစ်ခုက ခုလို ရခိုင်လူမျိုးတွေရဲ့ အမျိုးဘာသာ သာသနာကို စောင့်ရှောက်တာဟာ ကျွန်မတို့အတွက် အထူး မြတ်နိုး လေးစားဖွယ်ရာ ဖြစ်တဲ့ အတွက် ဒီအလှူကို ပြုလုပ်ရခြင်း ဖြစ်ပါတယ်” ဟု အလှူရှင် ဒေါ်ပိုးဖြူက ပြောကြားသည်။

နယ်စပ်ရေးရာ ၀န်ကြီးဌာန အမြဲတန်း အတွင်းဝန် ဦးစံရွှေအောင်မှလည်း "ကျွန်တော်တို့ ရခိုင်လူမျိုးတွေကို စာနာထောက်ထား စိတ်နဲ့ ခုလို လှူဒါန်းတဲ့ အတွက် အထူး ဝမ်းသာပါတယ်။ ရခိုင်လူမျိုးတွေကို လေးစားတန်ဖိုးထားပြီး ကူညီ လှူဒါန်းတဲ့ အတွက် ဒေါ်ပိုးဖြူနဲ့ မိသားစုကို ရခိုင်လူမျိုးများ ကိုယ်စား ကျေးဇူး အများကြိံးတင်ပါတယ်” ဟု ပြောဆိုသည်။

ဒေါ်ပိုးဖြူ ၊ သမီး မပိုးဝတ်ရည်အောင်ကြိံးနှင့် ကိုမိုးကျော်ရွှင် တို့မှ လှူဒါန်းသည့် ကျပ်သိန်း ၁၀၀၀ အား အမြဲတမ်း အတွင်းဝန် ဦးစံရွှေအောင်က လက်ခံရယူပြီး ၎င်း အလှူငွေ ချက်လက်မှတ်အား မြောက်ဦးမြို့ နန်းဦးကျောင်းတိုက်ဆရာတော် ဦးပညာဝံသ နှင့် မင်းပြားမြို့ ဓမ္မိကာရုံဆရာတော်တို့အား အခမ်းအနားတွင် လွဲပြောင်း ပေးအပ်ခဲ့သည်။

ဒေါ်ပိုးဖြူနှင့် မိသားစုမှာ ဦးစံရွှေအောင်နှင့် ဇနီး ဒေါ်အေးအေးသန်းတို့နှင့် အထူးရင်းနှီးသူများ ဖြစ်ကြပြီး ရခိုင်လူမျိုးများ အပေါ် အထူး လေးစားသော မိသားစု တစ်ခု ဖြစ်ကြောင်း သိရှိရသည်။

ဒေါ်ပိုးဖြူသည် ရခိုင်ရေဘေးဖြစ်ပွားပြီး ရက်အနည်း အတွင်းကလည်း လေးကျွန်းသူ အဖွဲ့ကို ဦးဆောင်ပြီး ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့ကာ ကျပ် သိန်းပေါင်း ၃၆၀ လှူဒါန်းခဲ့သည်ဟု သိရသည်။ ယခု လှူဒါန်းမှုသည် ဒုတိယ အကြိမ် ဖြစ်ကြောင်း သိရသည်။

___Narinjara News
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။