အစိုးရ အနေဖြင့် ကာကွယ်ရေး ကဏ္ဍတွင် အသုံးစရိတ် မြှင့်တင်သွားမည်ဖြစ်ကြောင်း တောင်ကိုရီးယား ဘဏ္ဍာရေး ဝန်ကြီးက ပြောကြားလိုက်သည်။
ပြီးခဲ့သည့် သီတင်းပတ်များအတွင်း မြောက်ကိုရီးယားနှင့် ဆက်ဆံရေး တင်းမာမှုများ ဖြစ်ပေါ်ခဲ့သည့်နောက် အစိုးရ အနေဖြင့် ကာကွယ်ရေး အသုံးစရိတ်ကို ပြန်လည် သုံးသပ်လာခြင်း ဖြစ်သည်။ ဘဏ္ဍာရေးဝန်ကြီး ချွိုင်ကျောင်ဟွမ်က လာမည့်ရာသီ ဘတ်ဂျတ်သစ်တွင် အစိုးရ အနေဖြင့် အသုံးစရိတ် မူဝါဒပိုင်းတွင် ကြီးကြီးမားမား ပြောင်းလဲမှု မရှိစေလိုသည့်တိုင် စစ်ရေးအသုံးစရိတ်ကို မြှင့်တင်သွားမည်ဟု အတည်ပြုခဲ့သည်။
ချွိုင်က “လက်တွေ့ကျတဲ့ ရှုထောင့်တွေကနေပြီး အခွန်ဝင်ငွေ ခန့်မှန်းချက်တွေ၊ တခြား ဘဏ္ဍာရေး တိုးပွားနိုင်ခြေတွေကိုလည်း ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ အစိုးရက ကာကွယ်ရေး ဘတ်ဂျတ်ကို မြှင့်တင်ဖို့တော့ အလေးအနက် စဉ်းစားထားပြီးသားပါ”ဟု ပြောကြားခဲ့သည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကိုရီးယားနှစ်နိုင်ငံ နယ်စပ်တွင် အပြန်အလှန် လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ဖြစ်ပွားပြီးနောက် မြောက်ကိုရီးယားက စစ်တိုက်ရန် အသင့်အနေအထား ပြင်ဆင်မှုများပင် ပြုလုပ်ခဲ့သည်။ အဆိုပါ အငြင်းပွားမှုများကို နှစ်နိုင်ငံ ထိပ်တန်းအရာရှိများ ညှိနှိုင်းပြီးနောက် တင်းမာမှုကို လျှော့ချရန် ဩဂုတ် ၂၆ ရက်တွင် သဘောတူညီမှု ရရှိသွားခဲ့သည်။
http://www.7daydaily.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။