စံမောင်သန်း
စစ်တွေ၊ သြဂုတ် ၂၃

ကြံ့ခိုင်ရေးပါတီ၏ ရခိုင်ပြည်နယ်မှ အမာခံ နယ်မြေတစ်ခု အဖြစ် သတ်မှတ်ခံထားရပြီး လက်ရှိ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်း ကိုယ်တိုင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၀င်ရောက် အရွေး ခံမည့် အမ်းမြို့နယ်တွင် ရခိုင်အမျိုးသားပါတီ ( ANP)မှ စည်းရုံးရေး တိုးမြင့်ရန် ပါတီရုံးခွဲကို ယမန်နေ့က ဖွင့်လှစ်ခဲ့သည်။
ယင်းရုံးဖွင့်ပွဲကို အမ်းမြို့နယ် ရွာဟောင်းအုပ်စုတွင် ပြုလုပ်ခဲ့ပြီး ရခိုင်အမျိုးသား ပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်ကိုယ်တိုင် တက်ရောက် ဖွင့်လှစ်ခဲ့သည်။
“USDP , NLD ပါတီတွေအနေနဲ့ တိုင်းရင်းသား ပြည်နယ်တွေမှာ လွှမ်းမိုးမှုတွေရှိလာအောင် မကြိုးစားသင့်ဘူး။ မိမိတို့ပြည်နယ်အလိုက် သက်ဆိုင်ရာလူမျိုးရဲ့ပါတီတွေက အစိုးရ တစ်ရပ်ဖေါ်ဆောင်နိုင်အောင် အားပေး သင့်တယ်။ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေ ရှိလာအောင် အားလုံး ၀ိုင်းဝန်းကြိုးစားသင့်တယ်”ဟု ANP ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ရုံးဖွင့်ပွဲ အခမ်းအနားတွင် ပြောကြားသည်။
ရခိုင်အမျိုးသားပါတီအနေဖြင့် ရခိုင်ပြည်နယ်ကို မြောက်ပိုင်း၊ တောင်ပိုင်း၊ အရှေ့ပိုင်းဆိုပြီး နယ်မြေ သတ်မှတ်ကာ အမျိုးသားစည်းလုံးညီညွတ်ရေးကို တည်ဆောက်နေကြောင်း၊ ANP အနေဖြင့် ရခိုင် ပြည်နယ် ၁၇ မြို့နယ် စလုံးတွင် မဲနိုင်ပြီး အစိုးရဖွဲ့နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း၊ ယနေ့ ကာလတွင် ရခိုင်တစ်မျိုးသားလုံး ညီညွတ်ရေးကို တည်ဆောက်နိုင်ပြီး လာမည့် ၂၀၁၅ မှာ အခင်းအကျင်းမှာ မဟာဗျူဟာ အရ အရေးပါသည့် ရခိုင်ပြည်နယ် တည်ရှိမှုကို အပြည့်အ၀ အသုံးချ နိုင်ရန် ရခိုင်ပြည်နယ် အစိုးရကို ရခိုင် အမျိုးသားပါတီက ဖွဲ့နိုင်ရမည်ဟု ယုံကြည်ကြောင်း ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ပြောကြားသည်။
“ရခိုင်ပြည်နယ်ရဲ့ အမ်းကို ကျွန်တော်တို့ ရခိုင်အမျိုးသားပါတီရဲ့ အမာခံနယ်မြေအဖြစ် ပုံသွင်းနိုင်ဖို့ မျှော်လည်း မျှော်လင့်ပါတယ်။ ယုံလည်း ယုံကြည်ပါတယ်။ အဲဒီလိုမျိုး ဘ၀ကိုလည်းပြောင်းဖို့ ရည်မှန်းထားပါတယ်”ဟု သူက ဆက်လက်ပြောကြားသည်။

၎င်းပြင် ဒေါက်တာအေးမောင်က “ရခိုင်ပြည်နယ်ဟာ ဒီနေ့အချိန်အခါမှာဆိုရင် မဟာဗျူဟာမြောက် နေရာတစ်ခုဖြစ်လာနေပြီးတော့ တရုတ်၊ အမေရိက၊ အိန္ဒိယတို့က မျက်စိကျနေတဲ့ နေရာတစ်ခုဖြစ်နေပါပြီ။ အခြေခံ အဆောက် အအုံတွေအတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ အများကြီးရှိလာနိုင်ဖို့ အတွက် ပြည်ထောင်စု အစိုးရနဲ့ ညှိပြီးတော့ ဆောင်ရွက် သွားဖို့ မျှော်မှန်းထားပါတယ်။ အဲဒါကြောင့် ရခိုင်ပြည်နယ်မှာ ရခိုင်အမျိုးသား ပါတီ မဲနိုင်နိုင်အောင် ကျွန်တော်က ဒီဘက်ကိုဆင်းပြီးတော့ အဓိက သူတို့ရဲ့ခံစစ်ကြောင်းကို ထိုးဖေါက်နေခြင်း ဖြစ်ပါတယ်”ဟု ဆက်လက် ပြောကြားသည်။
အမ်းမြို့နယ်မှ ပါတီ ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးဇော်မင်းကလည်း “အမ်းမြို့နယ်မှာ နိုင်နိုင်ခြေကို ပြောရရင် တချို့ ရခိုင်လူမျိုးတွေက ကျွန်တော်တို့ကို ဗမာဆိုပြီး ပြောနေကြတယ်။ ကျွန်တော်တို့မှာ ရခိုင်သွေး အပြည့်ရှိတယ်။ အဲဒါကြောင့် ကျွန်တော်တို့ ရခိုင်လူမျိုးတွေဟာ ရခိုင် အမျိုးသား ပါတီကိုပဲ မဲထည့်လိမ့်မယ်လို့ ကျွန်တော် အပြည့်အ၀ ယုံကြည်ပါတယ်ခင်ဗျား”ဟု ပြောကြားသည်။
ရခိုင်အမျိုးသားပါတီ ဗဟိုကော်မတီအဖွဲ့ဝင် ဒေါ်ခင်လှရီသည် အမ်းမြို့နယ် မဲဆန္ဒ (၁) နယ်မြေတွင် လက်ရှိ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းနှင့် ယှဉ်ပြိုင် ရမည်ဖြစ်သည်။
ဒေါ်ခင်လှရီ အပေါ် အမ်းမြို့နယ် ပြည်သူလူထု၏ ထောက်ခံမှုအပေါ် အားရကျေနပ်သည်ဟု ဒေါက်တာ အေးမောင်က ပြောဆိုသည်။
အဆိုပါ ရုံးဖွင့်ပွဲအခမ်းအနားသို့ USDP , NLD အပါအ၀င် ANP ဗဟို ခေါင်းဆောင်များ၊ အမ်းမြို့နယ် ရခိုင်အမျိုးသား ပါတီမှ ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များ စုံစုံညီညီ တက်ရောက်ကြပြီး အခမ်းအနားကို နံနက် ၁၁ နာရီတွင် စတင်ကာ မွန်းလွဲ ၁ နာရီတွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။
___Narinjara

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။