တပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားသည့် SNLD ကျိုင်းတုံတာဝန်ခံနှင့် ပတ်သက်၍ အကြောင်းရင်းကို မသိရသေးဟု SNLD ပြောကြား

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ၏ ကျိုင်းတုံမြို့နယ် တာဝန်ခံကို တပ်မတော်က ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။

ကျိုင်းတုံမြို့နယ်တာဝန်ခံ စိုင်းအိုက်ကျန်ကို မေ ၅ ရက် ည ၈ နာရီခန့်က ခလရ ၂၄၅ မှ လက်နက်ကိုင်ဆောင်ထားသော တပ်မတော်သား ၃၀ ခန့်က လာရောက်ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ ပြန်လွှတ်ပေးမှု မရှိသေးကြောင်း သိရသည်။

မေ ၆ ရက်တွင် အဆိုပါ တပ်မတော်သားများက အရပ်ဝတ်ဖြင့် စိုင်းအိုက်ကျန်ကို ခေါ်ဆောင်လာကာ ၎င်း၏နေအိမ်နှင့် ကျိုင်းတုံမြို့ရှိ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA) ဆက်ဆံရေးရုံးများသို့ ၀င်ရောက်ရှာဖွေမှုများ ပြုလုပ်ခဲ့သည့်အတွက် ဖမ်းဆီးမှုမှာ RCSS နှင့်ပတ်သက်မည်ဟု ယူဆကြောင်း SNLD အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောကြားသည်။

“သူတို့ရဲ့ လုပ်ပုံကိုင်ပုံကိုကြည့်ပြီး သုံးသပ်ရတာပေါ့။ ဒီတစ်ယောက်ကို ဖမ်းသွားတယ်။ ညက တစ်ညလုံး ပျောက်နေတယ်။ မနက်ကျတော့ ဒီလူ့ကို ခေါ်လာတယ်။ ပြန်ခေါ်လာတဲ့အချိန်မှာ အဲဒီစစ်သားတွေက မာဖီဝတ်ပြီး ခေါ်လာတယ်။ သူ့အိမ်မှာ ပြန်လာရှာတယ်။ ဘာမှမတွေ့ဘူး။ ပြီးတော့မှ RCSS ရုံးကိုသွားပြီး ရှာဖွေဝင်နှောက်တယ်။ ဘာမှမတွေ့တဲ့ အခါကျတော့ ဒီအတိုင်း ပြန်ထွက်သွားတယ်။ RCSS ကလူတွေ တစ်ယောက်မှ အရေးယူခံရတာ မရှိဘူး။ အဖမ်းခံရတဲ့ ပါတီဝင်ကိုတော့ ဒီအတိုင်းခေါ်ပြီး တိုင်းရုံးထဲ ၀င်သွားတယ်ပေါ့။ အကြောင်းရင်းကိုလည်း မသိဘူး။ မေးတော့လည်း မပြောဘူး” ဟု ဦးစိုင်းညွန့်လွင်က ဆိုသည်။

လက်ရှိတွင် SNLD ရှမ်းပြည်အရှေ့ပိုင်းတာဝန်ခံ ဦးစိုင်းလုံကိုယ်တိုင် ကျိုင်းတုံစစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ (စအဖ) ရုံးသို့ သွားရောက်စုံစမ်းမှုများ ပြုလုပ်နေပြီး ဖမ်းဆီးသည့် အကြောင်းရင်းနှင့် မည်သည့်နေရာတွင် ရှိနေသည်ကို မသိရသေးကြောင်း ဦးစိုင်းညွန့်လွင်က ပြောကြားသည်။

SNLD ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က “တရားဥပဒေအရ နည်းလမ်းမကျဘဲနဲ့ အဲဒီလို အနိုင်ကျင့်တာတော့ မကောင်းဘူးပေါ့နော်။ တိုင်းရင်းသားပြည်သူတွေ အနေနဲ့ တပ်မတော်အပေါ်မှာ အထင်အမြင်လွဲမှားစေနိုင်တယ်။ နောက်အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကြားက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အယုံအကြည် ကင်းမဲ့စေတယ်ပေါ့။ ဒါဟာ တရားဥပဒေစိုးမိုးမှု မရှိတာကို ပြတာပဲဗျ။ တရားရေးက ဘာမှမသိရဘဲ၊ သက်ဆိုင်ရာ ရဲလုပ်ငန်းက ဘာမှမသိရဘဲနဲ့ လက်နက်အားကိုးနဲ့ ရွာသားတွေကို အနိုင်ကျင့်တာဟာ တရားဥပဒေစိုးမိုးမှု မရှိတာကို ပြတာပဲ။ ဒါဟာလည်း လုံးဝမကောင်းတဲ့ လက္ခဏာပဲလို့ မြင်တယ်” ဟုဆိုသည်။

မေ ၇ ရက် ည ၉ နာရီကျော်အချိန် ဆက်သွယ်မေးမြန်းချက်အရ SNLD ရှမ်းပြည်နယ်အရှေ့ပိုင်း တာဝန်ခံအနေဖြင့် စအဖ နှင့်တွေ့ဆုံခွင့် မရကြောင်း၊ ထို့ကြောင့် ရဲတပ်ဖွဲ့ အထူးသတင်းအဖွဲ့ (SB) တပ်မှူးထံ စုံစမ်းရာ ရဲလက်ထဲ မရောက်သေးသည့်အတွက် ရဲအရေးမပိုင်သည့် အမှုအဖြစ်သာ ရှိနေဆဲဖြစ်သည်ဟု ဖြေကြားကြောင်း၊ ထို့နောက် RCSS/SSA မှ ဒုဗိုလ်မှူးစိုးမိန်းက စအဖထံ စုံစမ်းရာ ဖုန်းပိတ်ထားကြောင်း၊ ထို့ကြောင့် တပ်ထံစုံစမ်းရာတပ်မှူးက ဖမ်းထားသည့် အကြောင်းရင်းကို သိလိုပါက မနက်ဖြန်လာခဲ့ပါဟု ပြောကြောင်း၊ ထို့ကြောင့် ဒုဗိုလ်မှူး စိုးမိန်းနှင့်အဖွဲ့က မနက်ဖြန်(မေ ၈ ရက်) တွင် တပ်မှူးထံသွားတွေ့မည်ဖြစ်ကြောင်း ဦးစိုင်းလိတ်က ပြောကြားသည်။ -

See more at: http://news-eleven.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။