Arakan Times
ညီလာခံဖွင့်ပွဲ အခမ်းအနားပြီးဆုံးပြီးနောက် အမှတ်တရ ဓါတ်ပုံကြခြင်း။ (ဓါတ်ပုံ - နေမင်း)
ရခိုင်အမျိုးသားညီလာခံကို တက်ရောက်လာကြသူများ။ (ဓါတ်ပုံ - နေမင်း)
ရခိုင်အမျိုးသားညီလာခံ ပထမနေ့
ဖွင့်ပွဲအခမ်းအနားအစီအစဉ်အား ကျောက်ဖြူမြို့ရှိ အထက (၃)၊ အားကစားကွင်း၌
ယနေ့ ဧပြီ ၂၇ ရက်နေ့ နံနက် ၇း၀၀ နာရီမှ ၈း၃၀ ထိ အောင်မြင်စွာဖြင့်
ကျင်းပနိုင်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း နှင့်
ရခိုင်ပြည်နယ် ၀န်ကြီးချူပ် ဦးလှမောင်တင်၊ ရန်ကုန်တိုင်း
ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ ရခိုင့်တပ်မတော်
ဒုစစ်ဦးစီးချူပ် ဗိုလ်မှူး ညိုထွန်းအောင်တို့နှင့် ဖိတ်ကြားထားသော
နိုင်ငံရေးပါတီများ၊ လူမှုကွန်ရက်များ၊ ဒေသလူမှုအဖွဲ့အစည်းများ၊
တသီးပုဂ္ဂလများနှင့် လေ့လာတက်ရောက်သူများ စုစုပေါင်း ၁၀၀၀ ကျော်ခန့်
တက်ရောက်ခဲ့ကြောင်း သိရသည်။
ညီလာခံ ဖွင့်ပွဲအား အရှင်နာဂိန္ဒမော်ကွန်း
ရွတ်ဆိုကာ မင်္ဂလာစည်တော်ဖြင့် ခမ်းနားစွာ ဖွင့်လှစ်ပြီးနောက်
ကျဆုံးခဲ့ပြီးဖြစ်သော အမျိုးသားခေါင်းဆောင်များနှင့်
ဒီမိုကရေစီတိုက်ပွဲဝင်ခဲ့ကြသော ခေါင်းဆောင်များအား
အောက်မေ့ဂုဏ်ပြုခြင်းအဖြစ် တစ်မိနစ်ခန့် ငြိမ်သက်စွာဖြင့် အလေးပြုပြီးနောက်
ဝန်ကြီး ဦးအောင်မင်း၊ ၀န်ကြီးချုပ် ဦးလှမောင်တင်၊ ဝန်ကြီး
ဦးဇော်အေးမောင်နှင့် သံဃထုကိုယ်စား အသျှင် သုစိတ္တဘိဝံသတို့က
အမှာစကားပြောကြားကာ နံနက် ၈း၃၀ တွင် ညီလာခံ ပထမနေ့ ဖွင့်ပွဲအခမ်းအနားအား
အောင်မြင်စွာဖြင့် ရုတ်သိမ်းခဲ့ကြသည်။
ဖွင့်ပွဲအမှာစကားပြောကြားရာ၌
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ရခိုင်အမျိုးသား ညီလာခံမှ ချမှတ်သော
ဆုံးဖြတ်ချက်များကို အကောင်ထည်ဖော်ရာတွင် နိုင်ငံတော်နှင့်အတူ
ပူးပေါင်းဆောင်ရွက်သွားနိုင်လိမ့်မည်ဟု မျှော်မှန်းကြောင်း
ထည့်သွင်းပြောကြားသွားသည်။
ရခိုင်ပြည်နယ် ၀န်ကြီးချူပ်
ဦးလှမောင်တင်ကလည်း တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် လူမှုဘဝ
ဖွံ့ဖြိုးတိုးတက်မှုတို့သည် တစ်ခုကို တစ်ခု အမှီသဟဲပြုနေပြီး
တရားဥပဒေစိုးမိုးရေးသည် လွန်စွာအရေးပါကြောင်းနှင့် ညီလာခံမှ အနာဂတ်
ရခိုင်ပြည် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက်
ဆုံးဖြတ်ချက်များကို ဤညီလာခံမှ တစုံတရာ ဆောင်ကျဉ်းပေးနိုင်လိမ့်မည်ဟု
ယုံကြည်ကြောင်း အမှာစကားပြောကြားခဲ့သည်။
တဖန် ရခိုင်ပြည်သည် ပြည်ထောင်စုကြီးက
မည်သည့်အခါတွင်မှ ခွဲထွက်လိမ့်မည်မဟုတ်ကြောင်းနှင့် အစိုးရအနေဖြင့်လည်း
ရခိုင်လူမျိုးတို့အပေါ် ကိုယ်ပိုင်ပြဌာန်းခွင့်၊ စစ်မှန်သော
ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတွင် ရခိုင်တိုင်းရင်းသားတို့အား
လုပ်ပိုင်ခွင့် တစုံတရာ ပေးအပ်ခြင်း စသည့်တို့ကို ပြုလုပ်ပေးရန်
ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြည်ထောင်စု
ဝန်ကြီးများနှင့် ပြည်သူလူထုရှေ့မှောက်၌ အလေးအနက် ကတိပြု ပြောကြားကာ
တောင်းဆိုခဲ့ကြောင်းလည်း သိရသည်။
တိုင်းပြည်တွင် အုပ်ချုပ်မင်းလုပ်နေသော
အစိုးရတရပ်အနေဖြင့် ဒေါသနှင့် ယဉ်တွဲလုပ်ကိုင်နေသည့် လူ့အသိုင်းအဝန်းတစ်ခု
ရှိနေသမျှကာလပတ်လုံး ထိုတိုင်းပြည်တွင် မှီတင်းနေထိုင်ကြသည့်
ပြည်သူများအနေဖြင့် ငြိမ်းချမ်းမှုနှင့် တိုးတက်မှုကို လုံးဝ ပိုင်ဆိုင်ခွင့်
ရှိနိုင်မည်မဟုတ်ကြောင်းကို အစိုးရအနေဖြင့် သတိချပ်စေလိုကြောင်း၊
အစိုးရအဖွဲ့အစည်းများတွင် ခန့်အပ်ရွေးချယ်မှုများနှင့် ပတ်သက်၍လည်း
မည်သည့်နယ်ပယ်တွင်မဆို လူမှန်နေရာမှန် အတည်တကျ မရှိနိုင်သမျှကာလပတ်လုံး
တိုင်းပြည်သည် ဆုတ်ယုတ်မှု လက္ခဏာများကို ရှေးရှုနေလိမ့်မည်ဖြစ်ကြောင်း
တက်ရောက်လာသော သံဃာထုကိုယ်စား အရှင် သုစိတ္တဘိဝံသက
အကြံပြုပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် အမှတ်တရ ဓါတ်ပုံများရိုက်ကူးကာ ညီလာခံ ပထမနေ့ ဖွင့်ပွဲအခမ်းအနားအား အောင်မြင်စွာ ရုတ်သိမ်းနိုင်ခဲ့ကြောင်း သိရှိရသည်။
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။