သံတွဲနှင့် တောင်ကုတ်မြို့ကို ဇွန်လအတွင်း မဟာဓါတ်အားလိုင်းမှ လျှပ်စစ်မီး စပေးမည်

သံတွဲနှင့် တောင်ကုတ်မြို့ကို ဇွန်လအတွင်း မဟာဓါတ်အားလိုင်းမှ လျှပ်စစ်မီး စပေးမည်
(နိရဉ္စရာ- ၇ မေလ ၂၀၁၄) / မောင်အေး
( တောင်ကုတ်မြို့နယ်နှင့် ကျောက်ဖြူမြို့နယ်အကြား တည်ဆောက်ထားသော မဟာဓါတ်အားလိုင်း ဓါတ်တိုင်တစ်ခု။)
( တောင်ကုတ်မြို့နယ်နှင့် ကျောက်ဖြူမြို့နယ်အကြား တည်ဆောက်ထားသော မဟာဓါတ်အားလိုင်း ဓါတ်တိုင်တစ်ခု။)

အမေရိကန်ဒေါ်လာ ၁၀၂ ဒသမ ၄ သန်းနှင့် မြန်မာကျပ်ငွေ သန်းပေါင်း ၈၈၅၀၈ သန်း အကုန်ကျခံ တည်ဆောက်နေသော ရခိုင်ပြည်နယ် မဟာဓါတ်အားလိုင်း လျှပ်စစ် စီမံကိန်း ပထမ အဆင့် အနေဖြင့် သံတွဲနှင့် တောင်ကုတ်မြို့တွင် ဇွန်လမှ စတင်ကာ လျှပ်စစ်မီး စတင်ပေးမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
မီတာခ တယူနစ် ကျပ် ၅၀၀ ခန့်ပေးနေရရာမှ မဟာဓါတ်အားလိုင်းမှ လျှပ်စစ်မီး ရရှိပါက ၃၅ ကျပ်ဈေးဖြင့် ရခိုင်ပြည်သူများ သုံးစွဲနိုင်ကြတော့မည် ဖြစ်သည်။

သံတွဲနှင့် တောင်ကုတ်မြို့အား မဟာဓါတ်အားလိုင်းမှ တဆင့် ဇွန်လအတွင်း လျှပ်စစ်မီး စတင် ဖြန့်ဖြူးပေးမည် ဖြစ်ကြောင်းကို ဧပြီလ ၂၀ ရက်နေ့က ယင်းဒေသသို့ ရောက်ရှိလာသူ လျှပ်စစ်စွမ်းအင် ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ပြောဆိုခဲ့သည်ဟု သံတွဲဒေသခံ ဦးမောင်တင်ဦးက ပြောသည်။

“ ၀န်ကြီးက သံတွဲမြို့နယ် သူဌေးချောင်း ရေအားလျှပ်စစ်စီမံကိန်းနဲ့ တောင်ကုတ် ပင်မ ဓါတ်အားခွဲရုံကို ဧပြီလ ၂၀ ရက်နေ့က ရောက်ခဲ့စဉ်မှာ ခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ် တောင်ကုတ်မြို့နှင့် သံတွဲမြို့တို့ကို လာမယ့်ဇွန်လမှာ မီးရရှိမယ်လို့ ပြောဆိုသွားခဲ့ပါတယ်” ဟု ဆိုသည်။

ယခုအခါ မဟာဓါတ်အားလိုင်းမှ လျှပ်စစ်မီးပေးရန် ဓါတ်မီးတိုင်များကို တောင်ကုတ်နှင့် သံတွဲဒေသတွင်သာမက ရခိုင်ပြည်နယ် အနှံ့အပြားတွင် စိုက်ထူနေပြီ ဖြစ်ကြောင်း သိရသည်။

တောင်ကုတ်ဒေသခံ တစ်ဦးကမူ  ဇွန်လအတွင်း မဟာဓါတ်အားလိုင်းမှ လျှပ်စစ်မီးကို ၃၅ ကျပ်ဖြင့် သုံးစွဲခွင့်ရမည်ဟု ကြားသိရသော်လည်း လက်တွေ့သုံးစွဲခွင့်ရမှ ယုံကြည်နိုင်မည်ဟု ဆိုသည်။
“ ဒီလိုတော့ ကြားနေပါတယ်။ အခုအချိန်ထိတော့ မြို့ထဲမှာ ဘာမှ မတွေ့ရသေးဘူး။ ပုံမှန်အတိုင်းပါဘဲ ။ မြို့ပြင်ဘက်မှာတော့ မဟာဓါတ်အားလှိုင်း သွယ်တန်းနေတာ တွေ့တယ်။ အစိုးရက တစ်ယူနစ်ကို ၃၅ ကျပ်နှုန်းပေးမယ်ဆိုရင်တော့ ၀မ်းသာပါတယ်။ ဒါပေမယ့် ရောက်လာမှဘဲ ဟုတ်တယ်လို့ ပြောနိုင်မှာ ဖြစ်ပါတယ်” ဟု ဆိုသည်။

ရခိုင်ပြည်နယ်အတွင်း နိုင်ငံတော်ဓါတ်အားစနစ်နှင့် ဆက်သွယ်မည့်  စီမံကိန်းတစ်ခုအား ဆောင်ရွက်နေပြီး စီမံကိန်း ပြီးစီးပါက သံတွဲ၊စစ်တွေ၊မြောက်ဦး၊ ပုဏ္ဍားကျွန်း၊ အမ်း၊ မောင် တော၊ မအီ၊ ကျောက်ဖြူ ရမ်းဗြဲနှင့် မဒေး ကျွန်းတို့ကို ဖြန့်ဖြူပေးနိုင်မည်ဖြစ်သည်။

အဆိုပါ စီမံကိန်းအတွက် တရုတ်နိုင်ငံမှ လှူဒါန်းသည့် ငွေ အပါအ၀င် အိန္ဒိယနိုင်ငံမှ ချေးငွေများနှင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

ယခုအခါ သံတွဲမြို့နယ် သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းအား အကောင်အထည်ဖေါ် တည်ဆောက်နေပြီး စက်တပ်ဆင်မှုစွမ်းအား ၁၁၁ မီဂါဝပ်ရှိပြီး နှစ်စဉ်ပျမ်းမျှ လျှပ်စစ်ဓါတ်အား ၃၈၆ ကီလိုဝပ်ထုတ်လုပ်မည်ဖြစ်သည်ဟု သိရသည်။

ယခုအခါ စီမံကိန်း ၃၄ ရာခိုင်နှုန်းပြီးစီးနေပြီ ဖြစ်ကြောင်း အစိုးရ တာဝန်ရှိသူများက ပြောသည်။
ရခိုင်ပြည်သူများကမူ ရွှေဂတ်(စ်)စီမံကိန်းမှ ထွက်ရှိသည့် သဘာဝဓါတ်ငွေဖြင့် ရခိုင်ပြည်နယ် တစ်ခုလုံးကို လျှပ်မီး ၂၄ နာရီပေးရန် လိုလားနေကြသည်ဟု သိရသည်။

http://www.narinjara.com/burmese/?p=10319
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။