မြန်မာနိုင်ငံ၏ ပထမဆုံးအာဇာနည်နေ့

မြန်မာနိုင်ငံသမိုင်းတွင် အာဇာနည်နေ့ကို ဇူလိုင်လ ၁၉-ရက်နေ့ဟု သတ်မှတ်ထားသည်။ အကြောင်းမှာ ၁၉၄၇ ခု ဇူလိုင်လ ၁၉ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ နိုင်ငံခေါင်းဆောင်ကြီးများကို သတ်ဖြတ် လိုက်သည့်နေ့ဖြစ်ပါသည်။  ဤနေ့ကို သတိရစေရန် ဂျုလိုင်လ ၁၉ ရက် နေ့ရောက်တိုင်း အာဇာနည်နေ့ကို ကျင်းပကြသည်။ အမှန်အားဖြင့် ဇူလိုင်လ ၁၉ ရက်နေ့သည် မြန်မာနိုင်ငံသမိုင်းတွင် ပထမဦးဆုံး အာဇာနည်နေ့ မဟုတ်၊ ပထမဆုံး အာဇာနည်နေ့ကား ၁၉၂၁ ခ၊ု မတ်လ ၂၁ ၊ရက်နေ့ဖြစ်သည်။ ဤနေ့တွင် ဆရာတော်ဦးဥတ္တမအား ဖျာပုံ စိစရိတ်ရာဇာဝင် တရားသူကြီးရုံး၌ အမူစစ်ဆေး သည့် နေ့ပင်ဖြစ်ပါသည်။

ဆရာတော် ဦးဥတ္တမသည် ၁၉၂၁ ခုနှစ် မတ်လတွင် နောက်ပါ ဦးဝေပုလ္လ ကိုယ်တော်၊ ဦးဘစော၊ မဒန်ဂျစ်၊ ကျောင်းဆရာ ကိုသတ်ပန်တို့နှင့်အတူ အောက်ပြည်အောက်ရွာကိုလှည့်၍ နိုင်ငံရေးတရားဟော၍ စည်းရုံးခြင်း၊ အမျိုးသားရေး စိတ်ဓာတ် နိုးကြားအောင်  ဆောင်ရွက်ခဲ့ပေသည်။ ဤသို့ဆောင်ရွက်နေစဉ် ဧရာဝတီတိုင်း ကျောင်းကုန်းမြို့သို့ရောက်ပြီး နိုင်ငံရေး တရားဟောနေစဉ် ဗြိတိသျှအစိုးရက ဆရာတော်အား ရာဇာသတ်ကြီး ပုဒ်မ ၁၂၄ (က) နှင့် ၁၃၅ (က) အရ ဖမ်းဆီးလိုက် လေသည်။ ဖမ်းဆီးပြီး ဖျာပုံမြို့ ရာဇာဝတ် တရားသူကြီးရုံး၌ ၁၉၂၁ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် အမူစစ်ဆေးသည့်နေ့ကို မြန်မာနိုင်ငံအဝှမ်း အာဇာနည်နေ့ဟူ၍ သတ်မှတ်လိုက်သည်။ တိုင်းရင်းသားများအားလုံးက ကြည်ညိုလေးစားခြင်း ခံရ သော ဆရာတော် ဦးဥတ္တမအား ဤသို့ တရားစွဲ အမှုစစ်ဆေးသည့်နေ့ကို အာဇာနည်နေ့ဟူ၍ သတ်မှတ်လိုက်ခြင်းနှင့် ပတ်သက်၍ အကျွန်၏ မြန်မာနိုင်ငံအမျိုးသား ပညာရေး သမိုင်းစာအုပ် စာမျက်နှာ ၁၁၄- တွင် ၁၉၂၁-ခု ဧပြီလ ၁၁-ရက်နေ့ ကျင်းပသော မြန်မာပြည်လုံးဆိုင်ရာ သပိတ်မှောက် အထက်တန်းကျောင်းသားများ၏ ကွန်ဖရင့်တွင် အင်္ဂပူမြို့မှ ဦးမောင်လူဖေဝင်းက “ဦးဥတ္တမ ကိုယ်တော်သည် အမိနိုင်ငံအတွက် တန်ဘိုး မဖြတ်နိင်လောက်အောင် အမူထမ်းသဖြင့် ကျေးဇူးတင်ရှိကြောင်းနှင့် ဦးဥတ္တမ ကိုယ်တော်အား ဖမ်းဆီးလိုက်သဖြင့် များစွာဝမ်းနည်းကြောင်းကို မှတ်တမ်းတင်ရန်” အဆိုတင်သွင်းရာ ရန်ကုန်အမျိုးသမီး အထက်တန်းကျောင်းမှ မခင်လေးက ထောက်ခံသဖြင့် ကွန်ဖရင့်က ပြဌာန်း ဆုံးဖြတ် လိုက်ပါသည်။

၁၉၂၁-ခု၊ မတ်လ ၂၁-ရက်နေ့တွင် ဖျာပုံဒိစရိတ် ရာဇာဝတ်တရားသူကြီးရုံး၌ စစ်ဆေးမည်ဟု တရားသူကြီးက အမိန့်ချမှတ် ထား၏။ ထို့နေ့တွင် မြန်မာတဝှမ်းလုံးရှိ ဈေးဆိုင်များ၊ ဈေးများ၊ အလုပ်အကိုင်များပိတ်၍ အခြား အလုပ်အကိုင်များကိုပါ ရပ်၍ ဥပုဒ်သီလ ဆောက်တည်ကြရန် ၁၉၂၁-ခု၊ မတ်လ ၁၃-ရက်နေ့ ဗဟန်း ဥပသကာဇရပ်၌ ကျုင်းပသော ရန်ကုန်မြို့ အသင်း အစည်းအဝေးက အကြံပေးသည့်အတိုင်း မြန်မာကောင်စီကလည်း သဘောတူခဲ့ပေသည်။ ဦးဥတ္တမ ကိုယ်တော်အား အမှုစစ်ဆေးသည့်နေ့တွင် မြန်မာတနိုင်ငံလုံး တိတ်ဆိတ်နေ၏။ အလုပ်တိုက်များကိုလည်း ပိတ်ထား ကြ၏။ အလုပ်အကိုင်များကို ရပ်ထားကြ၏။ အမျိုးသားကျောင်းများကို ပိတ်ထားကြ၏။ တပြည်လုံးနှင့်အဝှမ်း ပထမဆုံး ဝမ်းနည်းသည့် အထိမ်းအမှတ်ဖြစ်သော အာဇာနည်နေ့ကား ဦးဥတ္တမကိုယ်တော်ကို အမှုစစ်ဆေးသည့်နေ့ပင် ဖြစ်သည်ဟု မှတ်တမ်း တင်ထားပေသည်။

မတ်လ-၂၁ ရက်နေ့ ပထမဆုံး၊ ဇူလိုင်လ-၁၉ ရက် ဒုတိယ အာဇာနည်တို့ ဖြစ်ရပ်နှင့် အခြေအနေတို့ မတူပါ။ ပထမ အာဇာနည်နေ့သည် မြန်မာလွပ်လပ်ရေးတိုက်ပွဲတွင် မဟုတ်မခံ မြန်မာသတ္တိကို ပြလိုက်သည့်နေ့ဖြစ်သည်။ ဒုတိယ အာဇာနည်နေ့ကား မတော်တရား လုပ်ကြံခံလိုက်ရသည့် အာဇာနည်နေ့ဖြစ်သည်။ ပထမ အာဇာနည်နေ့ကား ညအခါတွင် စန္ဒာလမင်း ထွက်ပြီး တညလုံး ထိန်လင်းနေသည့်ပမာ မြန်မာနိုင်ငံ၏ အလင်းရောင်သည် ကျက်သရေ ပြည့်နှက်ပြီး ထိန်လင်း နေပါသည်။ ဤတွင် စန္ဒာလမင်းကား ဆရာတော် ဦးဥတ္တမ ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ အမှောင်ကို အလင်းရောင်ရအောင် ထွန်းလင်းပေးသော အမျိုးသားခေါင်းဆောင်ဖြစ်သည်။ ဒုတိယ အာဇာနည်နေ့ကား မြန်မာနိုင်ငံ၏ အလင်းကို အမှောင်ထု ကျသွားသကဲ့သို့ ဖြစ်သွားသည့် နေ့ဖြစ်သည်။ ပထမ အာဇာနည်နေ့ကား မိုးတိမ်မိုးရိမ်များကို ဖယ်ရှား၍ တနေ့လုံး ကျက်သရေ မင်္ဂလာနှင့် ပြည့်စုံအောင် ဆောင်ရွက်ပေးသည့် ဆရာတော် ဦးဥတ္တမကား သူရိယ နေမင်းကြီးကဲ့သို့ ရှိပေသည်။ ဒုတိယ အာဇာနည်နေ့ကား နေ့အခါတွင် နေမထွက်ဘဲ မိုးရိပ်မိုးသား ဖုံးလွမ်းနေသည့် အမှောင် ကျနေသည့် နေ့နှင့် တူပေသည်။ ခေါင်းဆောင်ကြီးများကို အစားထိုး၍မရ၊ ခေါင်းဆောင်များကို ခေါင်းဆောင် နေရာမှာ ထားနိုင်အောင် အကျွန်တို့ နိုင်ငံသားများ၊ နိုင်ငံ့ကောင်းဆောင်များ စိတ်ဓာတ်ရေးရာ ပြောင်းလဲသင့်သည်။

 ခေါင်းဆောင်ကို ချိုးနှိမ် သတ်ဖြတ်သည့် မြန်မာ့အစဉ်အလာကား ကုန်းဘောင်ခေတ်တွင်လည်း ရှိခဲ့သည်။ ဤမကောင်းသည့် အစဉ်အလာကို အကျွန်တို့ အားလုံးက ဖျက်ပယ် ရပ်တန့်သင့်ပါသည်။ ဤအစဉ်အလာကို ရပ်ပြီး အာဇာနည်နေ့ကို ဂုဏ်ပြု အလေးပေးသင့်သည်။ “အာဇာနည်ဆိုသည်မှာ မှန်ကန်သည်ကို မှန်ကန်သည်ဟု မြင်ပြီး ကိုယ်ကျိုးစွန့်ကာ လူမျိုးနှင့် တိုင်းပြည်အတွက် ဆောင်ရွက်သည့် စိတ်ဓာတ်နှင့် ကိုယ်ကျင့် တရားတို့ဖြစ်ည်။ တနည်း အားဖြင့် ဆိုသော် အာဇာနည်ဆိုသည်မှာ ဘုရားလောင်းတို့၏ သတ္တိဗျတ္တိကို ဆိုလိုသည်။”

ဆရာတော် ဦးဥတ္တမကား အသက်ငယ်ငယ်ပင် ရှိသေးသည်။ သို့သော် ဆရာတော်သည် လွတ်လပ်ရေးမျိုးစေ့ကို မြန်မာနိုင်ငံ၌ ပထမဆုံးချပေးခဲ့သော အာဇာနည်ပင် ဖြစ်ပေသည်။ မြန်မာနိုင်ငံ၌ အကြမ်းမဖက် ဝါဒကို ဦးစွာပထမ မျိုးစေ့ ချခဲ့ပြီး လက်တွေ့ကျင့်သုံးခဲ့သော အာဇာနည်တစ်ဦးလည်း ဖြစ်ပေသည်။ ထို့အပြင် ဆရာတော်သည် အူရဒူဘာသာ၊ ဟိန္ဒူဘာသာ၊ ပါဋ္ဌိဘာသာ၊ သက္ကဋဘာသာ၊ ကိုးရီးယန်ဘာသာ၊ ရုရှဘာသာ၊ ဂျပန်ဘာသာ၊ အင်္ဂလိပ်ဘာသာ၊ ဗမာဘာသာ တို့ကို ကျွမ်းကျွမ်းကျင်ကျင်တတ်သော ပညာရှင် အာဇာနည်တပါးလည်းဖြစ်ပါသည်။ မြန်မာနိုင်ငံသမိုင်း၌ လည်းကောင်း၊ အရှေ့တောင်အာရှနိုင်ငံသမိုင်း၌လည်းကောင်း၊ ဆရာတော်ဦးဥတ္တမလောက် ဘာသာစာပေ များများ တတ်ကျွမ်းသည့် ခေါင်းဆောင်ကား ယခုအချိန်ထိ ထွက်ပေါ်လာသည်ကို မတွေ့ရပေ။ ဆရာတော် ဦးဥတ္တမသည် အိန္ဒိယနိုင်ငံ ခေါင်းဆောင် မဟတ္တဂန္ဒိနှင့် နေးရူးကဲ့သို့ ခေါင်းဆောင်များနှင့် လည်းကောင်း၊ တရုတ်နိုင်ငံမှာ ဒေါက်တာ ဆွန်ယက်ဆန်ကဲ့သို့ ပုဂ္ဂိုလ်များနှင့် လည်းကောင်း အလွန်ရင်းနှီးခဲ့ပါသည်။ ဆရာတော်ဦးဥတ္တမခေတ် အခြေအနေကို ကမ္ဘာအဝှမ်း အတိုင်း အတာနှင့်ကြည့်လျှင် ၁၈၈၅-ခုနှစ် အိန္ဒိယနိုင်ငံ ကွန်ဂရက် တည်ထောင်ပြီး အိန္ဒိနိုင်ငံရေးလူပ်ရှားမူ တိုးတက် ကျယ်ပြန့်လာသည်ကို တွေ့ရပေသည်။  ၁၉၁၇-ခုနှစ်တွင် ရုရှနိုင်ငံ၌ ဘော်ရိုဗစ် တော်လှန်ရေး ဖြစ်ပေါ်ခဲ့သည်။ လီနင်၏ ဝါဒများလည်း ကျယ်ပြန့်လာခဲ့သည်။ တရုတ်နိုင်ငံတွင်မူကား ၁၉၁၁-ခုနှစ်တွင် မန်ချုးအစိုးရ အင်အားလျော့နည်းနေသော အချိန်ဖြစ်သည်။ ၁၉၁၀-ခုနှစ်တွင် ဂျပန်က ကိုးရိယားကို တက်သိမ်းသည်။ ဂျပန်နိုင်ငံသည် အရှေ့တောင်အာရှ နိုင်ငံများတွင် အရှိန်အဟုန်ပြင်းစွာ တိုးတက်ထွန်းကား လာခဲ့ပေသည်။ ၁၈၆၇-ခုနှစ်တွင် မတ်စူးဟီတို ဘုရင်သည် နန်းတက်ပြီး ဂျပန်နိုင်ငံကို စက်မူလက်မူ နိုင်ငံအဖြစ် တိုးတက်လာရန် ဆောင်ရွက်ခဲ့သော အချိန်ကာလဖြစ်သည်။ ဤခေတ်ကို ဥာဏ်ရောင် လင်းသောခေတ် သို့မဟုတ် မီးကျီးခေတ်ဟု သမိုင်းဆရာတို့က မှတ်တမ်းတင်ကြသည်။

မတ်စူးဟီတို ဘုရင်ခေတ်သည် သက္ကရာဇ် ၁၉၁၂-ခုနှစ်လောက်တွင် ဆုံးခဲ့သည်။ သို့သော် ဤခေတ်တွင် ပြုလုပ်လိုက် သော စက်မှုလက်မူ တော်လှန်ရေးသည် ဂျပန်နိုင်ငံ၏ ကြီးပွားတိုးတက်ရေးတွင် အလွန်အရေးပါလှပါသည်။ ဤကာလတွင် ဂျပန်အစိုးရသည် နိုင်ငံခြားသို့ ဂျပန်နိုင်ငံခြား ပညာတော်သင် ကျောင်းသားပေါင်း ၆၀၀ ကျော်ကို ပြည်ပသို့ ပို့၍ ပညာ သင်ကြားစေခဲ့သည်။

တိုင်းပြည်တစ်ပြည်၏ တိုးတက်မှုသည် ပညာရေးပေါ်တွင် များစွာအခြေခံပါသည်။ ဂျပန်နိုင်ငံက ပညာတော်သင် ၆၀၀ ကျော် လွှတ်ထားသောအချိန်တွင် မြန်မာနိုင်ငံ မင်းတုံးမင်းကြီး လက်ထက်၌ မြန်မာကျောင်းသား ၃၀ ခန့်ကို  နိုင်ငံခြားသို့ ပညာတော်သင် စေလွှတ်ခဲ့သည်။ ဤအချက်ကား လက်ရှိ ဂျပန်နိုင်ငံတိုးတက်မှုနှင့် ယခုလက်ရှိ စုတ်ပြတ်နေသော မြန်မာနိုင်ငံ၏ အခြေအနေကွာခြားမူကို သမိုင်းသာဓကအနေဖြင့် သိမှတ်သင့်သည်။ မီးကျီးခေတ် ဆုံးပြီးနောက် ဂျပန်နိုင်ငံ သည် စီးပွားရေး၊ နိုင်ငံရေး စသည့် အဖက်ဖက်မှ တိုးတက်ထွန်းကားနေသော အချိန်တွင် ဆရာတော် ဦးဥတ္တမသည် ဂျပန်ပြည်၌ တက္ကသိုလ်ပါမောက္ခအဖြစ် အမှုထမ်းလျက်ရိုသည်။ ဂျပန်နိုင်ငံတွင် စက်မှုလက်မှု တိုးတက်ပုံ၊ ကျောင်းသူ ကျောင်းသားများ စာကိုကြိုးစားပုံ၊ မိမိတို့နိုင်ငံတွင် တက်ညီလက်ညီ ကြိုးစားကြပုံတို့ကို  တက္ကသိုလ် ပါမောက္ခ ဆရာတော် ဦးဥတ္တမသည် များစွာ အားကျခဲ့ပေသည်။ မြန်မာလူငယ်များလည်း ဂျပန်တို့လို ကြိုးစားစေလိုသည့် ဆန္ဒ ဂျပန်နိုင်တို့လို တက်ညီလက်ညီ ဆောင်ရွက်လိုသည့် ဆန္ဒကို အခြေခံ၍ ပါမောက္ခ ဆရာတော် ဦးဥတ္တမသည် မြန်မာပြည်တွင် ထုတ်ဝေသော သူရိယသတင်းစာသို့ ဆောင်းပါးများရေးသားပေးပို့ခဲ့သည်။ ၁၉၆၄- ခုနှစ်လောက်တွင် အကျွန်သည် ငွေတာရီ မဂ္ဂဇင်း၌ ဂျပန်ပြည်မှ ဆရာတော် ဦးဥတ္တမ ပေးစာများ ခေါင်းစဉ်ဖြင့် ဆောင်းပါးများ ရေးသားခဲ့ပါသည်။ ဆရာတော် ဦးဥတ္တမသည် မြန်မာနိုင်ငံ၏ အမျိုးသားခေါင်းဆောင်ဖြစ်သည်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချူပ် ဦးသန့်သည် မြန်မာနိုင်ငံ တနိုင်ငံလုံးက ဂုဏ်ယူသင့်သော နိုင်ငံ့ခေါင်းဆောင်တစ်ဦး ဖြစ်သည်။ ထိုနည်းတူ ဗိုလ်ချူပ်အောင်ဆန်းနှင့် သခင်ကိုယ်တော်မှိုင်းလည်း နိုင်ငံခေါင်းဆောင်များ ဖြစ်ကြသည်။

ဤသို့ နိုင်ငံ ကျက်သရေဆောင် အာဇာနည်ပုဂ္ဂိုလ်များ ဖြစ်ကြသော်လည်း ဦးသန့်အတွက် အမှတ်ရစေသည့် အုတ်ဂူကို မြန်မာနိုင်ငံ၏ မြို့တော် ရန်ကုန်တွင် ထားရှိသည်။ ဆရာကြီး သခင် ကိုယ်တော်မှိုင်းမှင့် ဗိုလ်ချူပ်အောင်ဆန်းတို့၏ အုတ်ဂူများကိုလည်း မြန်မာနိုင်ငံ၏ မြို့တော်ရန်ကုန်တွင် တွေ့ရသည်။ ဆရာတော် ဦးဥတ္တမအတွက်မူ မြန်မာနိုင်ငံ၏ မြို့တော် ရန်ကုန်တွင် အမှတ်တရဟူ၍ တစုံတခုမျှ မရှိ။ ထို့ကြောင့် ဆရာတော် ဦးဥတ္တမသည် အမျိုးသားခေါင်းဆောင် မဟုတ်၍ ထိုက်ထိုက်တန်တန် နေရာမပေးလျှင် ဦးသန့်၏ အုတ်ဂူကို ပန်းတနော်သို့ ပြန်ပို့လိုက်ပါ။ ထိုနည်းတူ ဆရာကြီး သခင်ကိုယ်တော်မှိုင်းကိုလည်း ရွှေတောင်ကို ပြန်ပို့ပေးပါ။ ဗိုလ်ချူပ်အောင်ဆန်းကိုလည်း နတ်မောက်သို့ ပြန်ပို့လိုက်ပါ။

ပါမောက္ခ ဒေါက်တာအေးကျော်
သုခ၀တီ (နယူးယောက်မြို့)
၀၈၊ ၁၉၊ ၂၀၁၀


http://arakanreview.net/?p=1894#more-1894
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။